မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် တောင်ယာနှင့် ကိုင်းမြေနု စိုက်ခင်းများရှိ နှမ်း ခင်းများ ဧကထောင်ချီပြီး ပျက်စီးနေသည်ဟု ဒေသခံတောင်သူများ က ပြောသည်။
မြေနုစိုက်ခင်းများတွင် စိုက်ပျိုးထားသည့်နှမ်းခင်းများတွင် မှိုနှောင်းပင်နာကျ (လောင်မဲ) ရောဂါ ကျရောက်နေသည့် အတွက် နှမ်းခင်းများ ပျက်စီးနေခြင်း ဖြစ်သည်ဟု သိရသည်။
“နှောင်းပင်နာကျ ရောဂါပေါ့ ပိုးမဟုတ်ဘူး။ ဘတ္တီးရီးယား မှို အသီးခင်းဝင်စဉ်မှာ စဖြစ်တတ်တယ်။ ရာသီဥတု မမှန်လို့ဖြစ်ရတာ” ဟု စိုက်ပျိုးရေးပညာရှင် ဦးညွန့်ဝေ က ပြောသည်။
နှောင်းပင်နာကျရောဂါသည် အရွက်၊ အသီး၊ ကိုင်းများပေါ်တွင် ပုံမှန်မရှိပဲ အနားရစ်မပါသည့် ရေစိုနာကွက်များ တွေ့ရသည့်အပြင် ရောဂါပြင်းထန်လာပါက အညိုရောင်ပြောင်းပြီး ခြောက်သွားသည့် အခြေအနေမျိုး ဖြစ်သွား သည့် ရောဂါတစ်မျိုး ဖြစ်သည်။
မင်းတုန်းမြို့နယ်အတွင်းရှိ နှမ်းနီနှင့် နှမ်းနက် စိုက်ပျိုးခင်း နှစ်မျိုးတွင် နှမ်းအနီ စိုက်ခင်းများတွင်သာ နှောင်းပင် နာကျရောဂါ ကျရောက်နေပြီး နှမ်းနက်စိုက်ခင်းများတွင် ရောဂါကျရောက်မှု မရှိဘူးဟု တောင်သူများက ပြော သည်။
လက်ရှိ ဒေသအတွင်း ဖြစ်ပေါ်နေသည့် ရာသီဥတု ဖောက်ပြန်မှုနှင့် ပတ်သက်၍ ”နွေမှာ မိုးရွာတာ၊ ဆောင်းမှာ မချမ်းတာ၊ အခုမိုးရွာရမယ့် အချိန် မရွာဘဲ ပိုးတွေခူတွေကျတာ။ ပိုးသတ်ဆေး ပေါင်းသတ်ဆေးကလည်း အမျိုး မျိုး ပြောင်းသုံးနေတာပဲ မထူးဘူး။ အဲဒါတွေကြောင့် ရာသီဥတု ပြောင်းလဲတယ် လို့ ဆိုရတာ။ ဒီထက် မပြော တတ်ဘူး” ဟု အသက် ၃၀ နှစ် အရွယ် တောင်သူတစ်ဦး က ပြောသည်။
ကမ္ဘာကြီး ပူနွေးလာမှု၏ အကျိုးဆက် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများနှင့် ပတ်သက်၍ တောင်သူများ အနေဖြင့် သေချာ နားမလည်သော်လည်း သီးနှံများစိုက်ပျိုးရာတွင် ပိုးကျရောက်မှုနှင့် အထွက်နှုန်းများကို ကြည့်၍ ရာသီဥတုဖောက်ပြန်ပြောင်းလဲနေမှုများကို လက်ခံယုံကြည်သည်ဟု တောင်သူအချို့က ပြောသည်။
ယခုနှမ်းခင်းအနီများတွင် ဖြစ်နေသည့် နှောင်းပင်နာကျ (လောင်မဲ) ရောဂါ ကို ရွက်ညိုပျောက် (သို့မဟုတ်) ရွက်နက်ပျောက် ရောဂါဟု ခေါ်ဆိုကြပြီး ဒေသအတွင်းရှိ နှမ်းမျိုးများကိုသာ အဖန်ဖန် ပြန်လည်စိုက်ပျိုးခြင်း ကြောင့်လည်း ဖြစ်နိုင်သည်ဟု နှမ်းစိုက်တောင်သူ အချို့က ယူဆနေမှုလည်းရှိသည်။
နှောင်းပင်နာကျ ရောဂါသည် မင်းတုန်းမြို့နယ် တောင်ခြမ်း ဟုခေါ်ဆိုသည့် မဲဇလီတိုက်နယ်တွင် အဖြစ်များနေပြီး မိုးဦးခေါင်သည့်နှစ်တွင် နှမ်းအောင်မြင်တတ်သော်လည်း ယခုနှစ် မိုးခေါင်သည့်ပုံစံမှာ ယခင်နှစ်က မိုးခေါင်သည့် ပုံစံနှင့် မတူဘူးဟု ဒေသခံများက ပြောသည်။
ယခင်နှစ်များတွင် ရောဂါမရှိ၊ ပိုးမကျလျှင် တစ်ဧက လှင် နှမ်းနီ တင်း ၂၀ နီးပါးအထိ ထွက်သော်လည်း လက်ရှိ အခြေအနေအရ တစ်ဧကလျှင် ၃၊ ၄ တင်းပင်မရနိုင်ဘူးဟု တောင်သူများက ဆိုသည်။
အသက် ၆၀ အရွယ် တောင်သူတစ်ဦး က ”သူက ကျမိရင် မရတော့ဘူး။ အဲဒါကြောင့် စိုက်ပျိုးရေးဦးစီးဌာနကို မခေါ်တော့ဘူး။ သူတို့လည်း ဘာမှမတတ်နိုင်ဘူး။ အရင်က ဒီလောက်မဆိုးဘူး။ အခု တအားဆိုးတယ်” ဟု ပြော သည်။
ပြည်ပပို့ကုန်သီးနှံ စာရင်းဝင် နှမ်းအနက်မှာ ဈေးကောင်းရသော်လည်း နှမ်းအနီမျိုး က အောင်မြင်လျှင် အထွက် နှုန်းကောင်းပြီး ကုန်ကျစရိတ်သက်သာသည့်အတွက် တောင်သူများက နှမ်းအနီမျိုးကို စိုက်ကြဖြင်း ဖြစ်သည်ဟု သိရသည်။
မင်းတုန်းမြို့နယ်၊ မဲဇလီတိုက်နယ်တွင် ၂၀၂၁ ခုနှစ် တုန်းကလည်း နှမ်းရိုးမည်း ရောဂါကျရောက်ခဲ့ သေးသည်။
နှမ်းဈေးကွက်တွင် နှမ်းနီတတင်းကို ကျပ် ၅ သောင်းခန့်ဖြင့် စဖွင့်ထားသော်လည်း နှမ်းစေ့ မလှသဖြင့် ဈေး ကောင်း မရနိုင်သလို ဆီကြိတ်ပါကလည်း ဆီအထွက် မကောင်းနိုင်ဘူး ဟု တောင်သူများ က ပြောသည်။