ရှမ်းမြောက် စစ်ရှောင်များ ရှမ်းတောင် ဟိုပုံးသို့ ပြောင်းရွှေ့

ရှမ်းမြောက် စစ်ရှောင်များ ရှမ်းတောင် ဟိုပုံးသို့ ပြောင်းရွှေ့

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ၅၀၀ ကျော်သည် နေရပ်ပြန်ရန် အခက် တွေ့နေသည့်အတွက် ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းသို့ ပြောင်းရွှေ့အခြေချမည်ဟု သိရသည်။

ရှမ်းမြောက် - ကျောက်မဲမြို့နယ်၊ ဟူးစွန်ကျေးရွာအုပ်စုထဲက စစ်ဘေးရှောင် ပြည်သူများသည် ရှမ်းတောင်-ဟို ပုံးမြို့နယ် အတွင်းရှိ နားပုံကျေးရွာ အုပ်စုတွင် အခြေချမည်ဟု စစ်ဘေးရှောင်များအား ကူညီနေသည့် အဖွဲ့များက ပြောသည်။

ဟူးစွန် ကျေးရွာအုပ်စု ဥက္ကဋ္ဌ စိုင်းလှဖေ က “ကျောက်မဲကိုတော့ လူတိုင်း ပြန်ချင်တာပေါ့။ တိုက်ပွဲတော့ မဖြစ် တော့ဘူး။ ဒါပေမယ့် TNLA ကပေးမပြန်ဘူး။ ရွာထဲမှာ တပ်စွဲထားတယ်။ အခုတော့ နားပုံအုပ်စုမှာပဲ ရွာသစ် တည်ရမှာပေါ့။ ကျနော်တို့ ဒေသမှာ နေလာတာ ဆိုတော့ တခါမှလည်း ဒီလို ပစ္စည်းဥစ္စာတွေ မစွန့်ခွာခဲ့ရဖူးဘူး” ဟု ပြောသည်။

ဟူးစွန်ကျေးရွာ အုပ်စုထဲက စစ်ဘေးရှောင် ပြည်သူများသည် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်း ပြည်တပ်မတော် တောင်ပိုင်း RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSSP/SSA၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA မဟာမိတ်တပ်တို့ အကြားက တိုက်ပွဲများကြောင့် ပြီးခဲ့သည့်နှစ် ကတည်းက ကျောက်မဲမြို့ ရှမ်းစာပေနှင့် ယဉ် ကျေးမှုကျောင်းတွင် စစ်ဘေးရှောင် ခိုလှုံခဲ့ကြရသူများ ဖြစ်သည်။

အဆိုပါ ဟူးစွန်ကျေးရွာက စစ်ရှောင်များသည် ရှမ်းမြောက်ရှိ ကျောက်မဲမြို့နယ်အတွင်းက နေရာများတွင် အကြိမ်ကြိမ် ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီးနောက် မူရင်းရပ်ရွာသို့ ပြန်ရန်လည်း မဖြစ်နိုင်သည့်အတွက် ယခုခါ ရှမ်းတောင်ဘက်သို့ ရွာသစ်တည်ပြီး နေထိုင်ရန် စီစဉ် ဆုံးဖြတ်လိုက်ကြ ဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။

ထိုသို့ စစ်ဘေးရှောင် ခိုလှုံခဲ့ရပြီး အချိန်ကြာလာသည်နှင့်အမျှ စားဝတ်နေရေးပိုင်း ပိုမို ခက်ခဲလာခြင်းကြောင့် ယခုနှစ် ဇူလိုင်လတွင် ဟိုပုံးမြို့နယ်သို့ ပြောင်းရွှေ့ကာ နေထိုင်နေရခြင်း ဖြစ်သည်ဟု သိရသည်။

“စစ်ဘေးရှောင်လာတာလည်း တစ်နှစ်နီးပါး ကြာခဲ့ပြီဆိုတော့ စားဝတ်နေရေး သိပ်အဆင်မပြေဘူး။ တည်းတဲ့ နေရာတွေကလည်း အမိုး၊ အကာကအစ အဆင်မပြေဘူး။ ဖြစ်နိုင်ရင်တောာ့ စားနှပ်ရိက္ခာတွေ အမိုးအကာတွေ အတွက် ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးဖို့ အကူအညီ လိုတာပေါ့” ဟု စိုင်းလှဖေ က ဆက် ပြောသည်။

ဟူးစွန်ကျေးရွာအုပ်စုထဲက စစ်ဘေးရှောင် ပြည်သူများ၏ စားဝတ်နေရေးကို လတ်တလောတွင် ဟိုပုံးမြို့နယ် အတွင်းရှိ ရှမ်း အရပ်ဘက် အဖွဲ့အစည်းများက ကူညီပေးထားပြီး စိုက်ပျိုးရန် မြေနေရာများကိုလည်း နားပေါင် ကျေးရွာ ဥက္ကဋ္ဌက ကူညီပေးထားသည်ဟု သိရသည်။ ထို့ပြင် စစ်ဘေးရှောင် ကလေးငယ်များ၏ ပညာရေးကို လည်း တောင်ကြီး မြို့ရှိ လွယ်လုံ ပရဟိတ္တကျောင်းက ကူညီပေးထားသည်။

ဟိုပုံးမြို့နယ်ရှိ နားပုံကျေးရွာ အုပ်စုတွင် အခြေချကြမည့် ဟူးစွန်အုပ်စုထဲက စစ်ဘေးရှောင် ပြည်သူများမှာ အိမ်ထောင်စုပေါင်း ၁၉၆ စု နှင့် လူဦးရေ ၅၆၇ ဦး ရှိသည်ဟု သိရသည်။

ကျောက်မဲ မြို့နယ်အတွင်း စစ်ပွဲ အခြေအနေများမှာ ငြိမ်သက်သွားပြီ ဖြစ်သော်လည်း ကျေးရွာများမှာ TNLA အဖွဲ့ တပ်စွဲထားပြီး စစ်ကောင်စီတပ်အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံတို့ကလည်း ဆက်ကြေး အခွန်ငွေများ ကောက်နေခြင်းတို့ကြောင့် နေရပ်သို့ မပြန်နိုင်ပဲ ကျောက်မဲမြို့ပေါ်တွင် အိမ်ငှားကာ နေထိုင်ကြရသူများလည်း ရှိနေသည်။

ထို့ပြင် အချို့က ကျောက်မဲမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကျောင်းတွင် ခိုလှုံနေကြပြီး မြို့နယ်တစ်ခုလုံးတွင် စစ်ရှောင်ဦးရေ ၂ထောင်ကျော်ခန့် ရှိနိုင်သည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့များက ပြောဆို ထားသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...