နိရဉ္စရာ။ ။ဒီနေ့မနက်က မောင်တောမြို့နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရှင်ပါတယ်ဆရာ။
ဦးခိုင်သုခ။ ။တိုက်ပွဲဖြစ်ပွားခဲ့တာကတော့ ဒီကနေ့ ဇူလိုင် ၁၈ ရက်နေ့ မနက် ၉ နာရီလောက်မှာ မောင်တောမြို့နယ် ဆောင်ပညာရွာ နဲ့ စံကားပင်ရင်းရွာအကြားမှာတစ်ကြိမ်၊ ၁၀ နာရီခွဲလောက်မှာ ဒုံးကုလားရွာနဲ့ ဝက်ကျိန်းရွာကြားမှာတစ်ကြိမ် ဖြစ်ခဲ့ပါတယ်။ ဒီ စစ်ကောင်စီ နဲ့ နယ်ခြားစောင့်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ရက္ခိုင့်တပ်တော် AA တို့ ၂ ဘက်တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
နိရဉ္စရာ။ ။တိုက်ပွဲရဲ့ နောက်ဆက်တွဲ ထိခိုက်ကျဆုံးမှုအခြေအနေကရော ဘယ်လိုတွေရှိပါလဲ ဆရာ။
ဦးခိုင်သုခ။ ။ဒီကနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ဒဏ်ရာရရှိသူတွေ အများအပြားရှိခဲ့ပါတယ်။ နောက်ပြီး လက်နက်ချအညံ့ခံတဲ့ ရဲမှူးတစ်ယောက်အပါအဝင်သုံ့ပန်းစုစုပေါင်း (၁၄)ယောက်၊ ပီစတို(၂)လက်၊လက်နက်ငယ်(၂၄)လက် အပါအဝင်ပေါ့။ နောက်လက်နက်ယမ်းအများအပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်း ရမိထားတာရှိပါတယ်။
နိရဉ္စရာ။ ။ ဟုတ်ကဲ့ပါ။ ဒါဆို ဒီတိုက်ပွဲက စစ်ကောင်စီဘက်ကထိုးစစ်ဆင်လာလို့ဖြစ်တာပါလား။ ဘယ်လိုထိပ်တိုက်တွေ့မှုကြောင့် ဖြစ်ပွားရတာပါလဲ။
ဦးခိုင်သုခ။ ။တိုက်ပွဲဖြစ်ပွားရတဲ့အကြောင်းအရင်းကတော့ KNLA တပ်မဟာ ၅ ဧရိယာမှာရှိတဲ့ ရက္ခိုင့်တပ်တော်ရဲ့ တပ်စခန်းတစ်ခုကို မြန်မာစစ်တပ်ဘက်က လွန်ခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က သူတို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဲဘော် ၆ ဦးကျဆုံးခဲ့တာရှိတယ်။ နောက်အဆောက်အအုံးတွေ ဆေးရုံ၊ စက်ချုပ်ရုံတွေ ပျက်စီးခဲ့တာ ရှိတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ဘက်က အခုလိုလက်တုန့်ပြန်တိုက်ခိုက်တာဖြစ်တယ်ဗျ။
နိရဉ္စရာ။ ။ဟုတ်ကဲ့ဆရာ။ နောက်တစ်ခုရှိတာက ကျောက်ဖြူဘက်တွေမှာရော၊ တခြားမြို့နယ်ဘက်တွေမှာရော ဒီရက္ခိုင့်တပ်တော် AA ဖက်က တိုက်နယ်မှူးတွေအပါအဝင် ဆက်စပ်သံသယရှိသူတွေဆိုပြီးတော့ သူတို့က စစ်ကောင်စီဖက်က လိုက်ဖမ်းနေတာတွေရှိတယ်ပေါ့နော်။ အဲဒါကြောင့် သူတို့တွေကိုလိုက်ပြီးတော့ အခုလိုဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီး ဆရာအနေနဲ့ ဘာများပြောချင်ပါလဲ။
ဦးခိုင်သုခ။ ။ အဓိကကတော့ အခု ဒီတင်းမာမှုတွေမြင့်တက်လာတဲ့အထဲမှာ ဟို အခု ဒီမြန်မာစစ်တပ်ဖက်ကနေပြီးတော့ ကျနော်တို့ ULA/AA တပ်ဖွဲ့ဝင်တွေကို သူတို့ ဒီ လိုက်ပြီးတော့ ဖမ်းဆီးနေတာတွေ၊ နောက်ပြီးလို့ရှိရင် တရားရေးဝန်ထမ်းတွေရဲ့ နေအိမ်တွေ၊ နောက် တရားရုံးတွေကို အင်အားသုံးပြီးတော့ ဒါ ဝင်ရောက်ဖမ်းဆီးဖို့ကြိုးစားတာတွေ နော်၊ အပြစ်မဲ့ ရခိုင်ပြည်သူတွေကို တောက်လျောက်မတရားဖမ်းဆီးနေတာတွေ၊ အဲဒီကိစ္စတွေကြောင့်ပဲ အခုက တင်းမာမှုတွေ ပိုပြီးတော့ မြင့်တက်လာဖြစ်တယ်။ နောက်ပြီးလို့ရှိရင် ဒါကတော့ အပြန်အလှန်အားဖြင့်ပေါ့နော်၊ သူတို့ဖက်က ဖမ်းလို့ရှိရင်တော့ကျနော်တို့ကလည်း ဒါ ပြန်ပြီးတော့ ဖမ်းရမှာပဲ။ ဒါကြောင့်မို့လို့ အခု ဒီ ရခိုင်ပြည်အနှံ့မှာ တစ်ဖက်နဲ့တစ်ဖက် ဖမ်းဆီးမှုတွေက တောက်လျောက်ဖြစ်နေတာပေါ့။
နိရဉ္စရာ။ ။ ဟုတ်ကဲ့ပါဆရာ။ အာ့ဆိုရင် လောလောလတ်လတ် သတင်းတစ်ခုအနေနဲ့ပေါ့နော်၊ ဒီနေ့ဆိုလို့ရှိရင် ဒီ ရခိုင်က ပြည်နယ်ဥပဒေချုပ်ကို ရက္ခိုင့်တပ်တော် AA ဖက်က ဖမ်းဆီးသွားတယ်ဆိုတာမျိုးတွေလည်း ကြားရပါတယ်။ အဲတော့ ရက္ခိုင့်တပ်တော်ဖက်ကရော ဖမ်းဆီးထားတာမျိုးရှိပါလား။
ဦးခိုင်သုခ။ ။အဲဒီကိစ္စတော့ ကျနော်အသေအချာ မသိသေးဘူးဗျ။
နိရဉ္စရာ။ ။ဟုတ်ကဲ့ပါဆရာ။ အဲဒါဆို ပုဏ္ဏားကျွန်းမြို့နယ်ရဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးတယ်ဆိုတဲ့ကိစ္စရော ဟုတ်မှန်ပါလားရှင့်။ AA ဖက်က ဖမ်းဆီးထားတယ်ဆိုတာမျိုး ကြားရပါတယ်။အဲဒီကိစ္စရော သတင်းအမှန်ပါလား။ ဖမ်းထားတယ်ဆိုရင် ဘယ်လိုမျိုးကြောင့် သူ့ကိုဖမ်းဆီးရတာပါလဲ။
ဦးခိုင်သုခ။ ။ ဒီဟာကတော့ ကျနော့်ဆီကို သတင်းတော့ရောက်လာတာမျိုးမရှိသေးဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေတော့ရှိတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် အခု ဒီ ကျနော်တို့ ULA အဖွဲ့ဝင်တွေကို သူတို့ နေရာတိုင်းမှာ ဖမ်းဆီးဖို့ ကြိုးစားနေတာတွေရှိတယ်။ နောက် လိုက်ရှာနေတာတွေရှိတယ်။ ဆိုတော့ ဒီ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စတွေကို သူတို့ ဒီ လိုက်ပြီးတော့ အနှောင့်အယှက်ပေးတာတွေ နော်၊ တရားရေးဝန်ထမ်းတွေကို ဖမ်းဆီးဖို့ တောက်လျောက်ကြိုးစားတာတွေ၊ အဲဒါမျိုးတွေ မြန်မာစစ်တပ်ဖက်က တောက်လျောက်လုပ်နေတဲ့အတွက်ကြောင့်မို့လို့ ဒီဖက်ကလည်း ကျနော်တို့ အပြန်အလှန်ဖမ်းဆီးတဲ့ဟာတွေတော့ရှိနိုင်တယ်ဗျ။
နိရဉ္စရာ။ ။ဟုတ်ကဲ့ပါဆရာ။ ဒါဆိုရင် ဒီလိုမျိုး အခု ရခိုင်ပြည်မှာ နှစ်ဖက်က တင်းမာမှုတွေက တောက်လျောက်ရှိနေတာဆိုတော့ နောက်ပိုင်း စစ်ရေးအခြေအနေပေါ့နော်၊ လက်ရှိ ဒီ တင်းမာမှုအခြေအနေတွေ နောက်ပိုင်းရော ပိုမိုဆိုးဝါးလာနိုင်တယ်လို့ပြောနိုင်ပါလား။ တိုက်ပွဲဖြစ်ပွားနိုင်မှုအခြေအနေကရော ဘယ်လိုများရှိနေပါလဲဆရာ။
ဦးခိုင်သုခ။ ။တိုက်ပွဲကတော့ မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှုအပေါ်မှာ မူတည်တယ်ဗျ။ မြန်မာစစ်တပ်ဖက်နေပြီးတော့ သူတို့ဆက်ပြီးတော့ ထိုးစစ်ဆင်မယ်။ နောက် ဒီလိုမျိုး စစ်ရေးလှုပ်ရှားမှုတွေ သူတို့လုပ်လာမယ်ဆိုလို့ရှိရင် ကျနော်တို့ဖက်ကလည်း အလားတူ တုံ့ပြန်သွားမှာဖြစ်တယ်ဗျ။
နိရဉ္စရာ။ ။ဟုတ်ကဲ့ပါဆရာ။ ရခိုင်မှာကလည်း စစ်ကောင်စီက စစ်ရေးလှုပ်ရှားတာတွေ ခပ်စိပ်စိပ်ရှိနေတာတွေကြားနေရပါတယ်။ သူတို့ဖက်က ဒီလိုမျိုး တောက်လျောက် ဟိုဟာဖြစ်လာမယ်ဆိုလို့ရှိရင် ရခိုင်မှာလည်း တချို့က စိုးရိမ်မှုတွေရှိနေတာပေါ့နော်။ ပြီးတော့ရှိတာက မိုင်းကိစ္စပေါ့။ ရခိုင်မှာမိုင်းပေါက်ကွဲပြီးတော့ ထိခိုက်ဒဏ်ရာရရှိတာက ဒီလအတွင်းမှာဆိုရင် ရက်ဆက်ဆိုသမျိုး ဖြစ်သွားတာတွေရှိတယ်။ အဲတော့ ဒီ မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီးတော့ရော ဆရာ့အနေနဲ့ ဘာများပြောချင်ပါလဲ။
ဦးခိုင်သုခ။ ။ဟုတ်ကဲ့ပါ ခင်ဗျ။ မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဒါ ပြည်သူလူထုတွေကို တောက်လျောက် ဒီ သတိပေးချက်တွေ ထုတ်ပြန်တာတွေရှိတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ဟို မြန်မာစစ်တပ်ဖက်ကနေပြီးတော့ ရခိုင်ပြည်အနှံ့မှာ သူတို့ဒီ မြေမြုပ်မိုင်းတွေကို စည်းမဲ့ကမ်းမဲ့ထောင်နေတာတွေကို အများကြီးရှိတယ်။ အထူးသဖြင့်တော့ မြန်မာစစ်တပ် ဒီတပ်စခန်းကြီးတွေဖြစ်တဲ့ တပ်ရင်းဌာနချုပ်တို့၊ နောက် သူတို့ရဲ့ စစ်ဗျူဟာ ဌာနချုပ်တွေ၊ နောက် သူတို့စခန်းချထားတဲ့နေရာတွေပေါ့နော်။ ကုန်ကုန်ပြောရမယ်ဆိုလို့ရှိရင်တော့ မြန်မာစစ်တပ်တွေ စစ်ကြောင်းလှည့်လည်သွားလာပြီးတော့ စခန်းချခဲ့တဲ့ နယ်တွေ၊ စခန်းချရပ်နားခဲ့တဲ့နေရာတွေက အစပေါ့နော်၊ အဲဒီလိုနေရာတွေ အားလုံးမှာ မြန်မာစစ်တပ်ကနေပြီးတော့ သူတို့ဒီ လုံခြုံရေးအကြောင်းပြချက်နဲ့ မြေမြုပ်မိုင်းတွေကို ရောက်လေရာအရပ်မှာ သူတို့ထောင်တာတွေရှိတယ်။ ပြီးလု့ိရှိရင် သူတို့ အဲဒီမိုင်းတွေကို ပြန်မဖော်ဘူး။ ပြန်မဖော်တော့ အဲဒီမိုင်းတွေက စွန့်လွတ်မိုင်းတွေအဖြစ်နဲ့ကျန်နေတာပေါ့။ နော် အဲဒီစွန့်လွတ်မိုင်းတွေက ဒေသခံပြည်သူလူထုတွေအတွက် နေ့တိုင်းနေပြီးတော့မှ ခြိမ်းခြောက်မှုဖြစ်နေတာပေါ့နော်။ အချိန်မရွေးသူတို့ အန္တရာယ်ဖြစ်နိုင်တယ်။ ဒီမြေမြုပ်မိုင်းတွေကပဲ တောက်လျောက် ဒုက္ခပေးနေတာပေါ့။ အခုဒီပြည်သူလူထုတွေရဲ့ နိတဓူဝ သူတို့ဒီ သွားလာလှုပ်ရှားမှုတွေ၊ အသက်မွေးဝမ်းကျောင်း သွားလာလှုပ်ရှားမှုတွေမှာ တောက်လျောက်အန္တရာယ်ဖြစ်နေတာပေါ့။ ဒီလအတွင်းမှာဆိုလို့ရှိရင်လည်းပဲ မိုင်းထိတဲ့သူတွေ အကုန်လုံးဆိုလို့ရှိရင် ဆယ်ဂဏန်းနီးပါးတောင်မှရှိတယ်လို့ ကျနော်တို့ သိရတယ်။ ဆိုတော့ ဒီလိုမျိုးဖြစ်နေတာက မြန်မာစစ်တပ်ရဲ့ မဆင်မခြင်မြေမြုပ်မိုင်းတွေကို ထောင်နေတဲ့အတွက်ကြောင့်မလို့ ဖြစ်နေတာ။ ဆိုတော့ ပြည်သူလူထုတွေကို ကျနော်က ဒါကြောင့်မလို့ သတိပေးနေတာက မြန်မာစစ်တပ်စခန်းတွေနားကို လုံးဝမသွားကြဖို့ပေါ့နော်။ သူတို့ခစခန်းချရပ်နားခဲ့တဲ့နေရာတွေကို ရှောင်ရှားကြဖို့ အဲဒါတွေကို ကျနော်တို့ ဒါ တောက်လျောက် သတိပေးနေတာဖြစ်တယ်။ အထူးသဖြင့်တော့ ဒေသခံ လက်လုပ်လက်စားပြည်သူလူထုတွေကို မြေမြုပ်မိုင်းနဲ့ပတ်သက်ပြီးတော့မှ အသိပညာပေးတဲ့လုပ်ငန်းတွေကို ကျနော်တို့ ဒီပိုပြီးတော့ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အခု ဒါဆောင်ရွက်နေတာရှိတယ်ဗျ။
နိရဉ္စရာ။ ။ နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့ပေါ့နော်၊ စစ်ကောင်စီဖက်က ဒီလအတွင်းမှာပဲ ရခိုင်ကမ်းရိုးတန်းမှာ ရေကြောင်းကနေ စစ်ရေးလေ့ကျင့်တာ၊ လက်နက်စမ်းသပ်တာတွေလုပ်ခဲ့တာတွေရှိတယ်ပေါ့နော်။ ပြီးတော့ ဒီရက္ခိုင့်တပ်တော် AA ရဲ့တပ်စခန်းကို ဝင်ပြီးတော့ တိုက်ခိုက်တာမျိုးတွေရှိခဲ့တယ်။ အဲလိုမျိုးတွေကြောင့် အခုနောက်တစ်ကြိမ် တကယ်လို့သာ ရခိုင်မှာတိုက်ပွဲတွေပြန်ဖြစ်လာမယ်ဆိုလို့ရှိရင် အရင်ထက်ပြင်းထန်လာမယ်လို့ထင်ပါလား။ ဘယ်လိုမျိုးအခြေအနေရှိလာနိုင်လဲပေါ့။
ဦးခိုင်သုခ။ ။တိုက်ပွဲ ပြန်ပြီး ဖြစ်လာလို့ရှိရင်တော့ တိုက်ပွဲကတော့ပြင်းထန်နိုင်တဲ့အနေအထားရှိတယ်။
နိရဉ္စရာ။ ။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာ။
ဦးခိုင်သုခ။ ။ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။