မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း ပြန်ကြည့်ရင် သက်ဦးဆံပိုင် ဘုရင်စနစ်၊ ဘုရင်စနစ်ကျဆုံးပြီး အင်္ဂလိပ် ကိုလိုနီ လွတ်လပ်ရေးရတော့ ပါလီမန်ဒီမိုကရေစီ၊ နောက်အိပ်စောင့်အစိုးရ၊ မ.ဆ.လ လို့ခေါ်တဲ့ မြန်မာနည်းမြန်မာဟန်ဆိုတဲ့ ကြောင်တောင်တောင် တစ်ပါတီစနစ်။ အဲဒီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်ဆိုတဲ့ ကာလကြီးမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အားကစား၊ စိုက်ပျိုးမွေးမြူရေးအားလုံးအောက်ကို ထိုးဆင်းသွားခဲ့တာပေါ့။ တစ်ချိန်တုန်းက အာရှရဲ့ စပါးကျီဆိုတဲ့ နိုင်ငံမှာ ထမင်းငတ်တဲ့သူတွေ များလှပြီပေါ့ သားရယ်။
ရန်ကုန်တက္ကသိုလ်ကြီးကို စင်္ကာပူနိုင်ငံက လာလေ့လာရတယ်။ မင်္ဂလာဒုံလေဆိပ်ကြီးဟာ အiရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်ခဲ့တယ်။ သို့သော်…..မဆလ ခေတ်မှာတော့ ရန်ကုန်တက္ကသိုလ်လည်း အောက်ကျနောက်ကျ၊ မင်္ဂလာဒုံလေဆိပ်ကြီးကလည်း ခေတ်မမီတော့၊ အာရှလက်ရွေးစင်ဆိုတဲ့ မြန်မာဘောလုံးအသင်းလည်း အုပ်စုက လှည့်ပြန်ရ။ ပညာရေးမူဝါဒတွေအမျိုးမျိုးလျှောက်လုပ်ပြီး ကျောင်းသားတွေကို ဖြိုခွဲ။ ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း ဦးသန့်ဈပနမှာ ကျောင်းသားတွေသေဆုံးရ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရာပြည့်မှာ သတ်ဖြတ်ခံရတဲ့ ကျောင်းသား၊ ပြည်သူတွေ အများကြီးဖြစ်။ ၁၉၇၇ မှာ ကျောင်းသားတွေကို အကွဲကွဲအပြားပြားဖြစ်အောင် ဒေသကောလိပ်တွေဖွင့်ပြီး၊ လူစုခွဲ။ အာဏာရှင်တွေရဲ့ မူဝါဒအတိုင်းလုပ်ချင်တိုင်းလုပ်၊ ရမ်းချင်တိုင်းရမ်းခဲ့တာပေါ့သားရယ်။
ဆင်းရဲမွဲတေမှု၊ ဆေးဝါးကုသမှုဆုံးရှုံးမှု၊ လွတ်လပ်စွာ ပညာသင်ကြားခွင့် ပျောက်ဆုံးမှု၊ တရားဥပဒေပျက်ယွင်းမှုစတဲ့ လူ့ရပိုင်ခွင့် မရခြင်းတွေကြောင့် တစ်တိုင်းပြည်လုံးရဲ့ ပြည်သူတွေရင်ထဲမှာ မဆလအစိုးရနဲ့ စနစ်ကြီးအပေါ် မုန်းတီး၊ ရွဲရွာ၊ နာကျည်းချက်တွေဟာ ကြီးထွားလာတော့တာပေါ့ကွယ်၊ အစိုးရက အကျပ်အတည်းဖြစ်လာချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ပိုပြီး ပျောက်ဆုံးကုန်ရော။ တရားမဝင်ငွေကျေညာတာတွေ၊ ငွေဖောင်းပွမှုတွေ အဆမတန်ကြီးထွားလာတာတွေပါ ဖြစ်ကုန်တော့တာပေါ့။
သားလေးရေ…..ဘယ်အစိုးရမှ ပြည်သူ့အားကိုမတွန်းလှန်နိုင်ပါဘူး။ လက်နက်အင်အားနဲ့ ခြိမ်းခြောက်အနိုင်ကျင့်လို့ရပေမယ့် ဒါက အခိုက်အတန့်ကာလတစ်ခုထိပဲ ရပါလိမ့်မယ်။ မြန်မာတစ်နိုင်ငံလုံး ကြိမ်မီးအုံးလိုဖြစ်နေပြီ။ ပေါက်ကွဲဖို့အားယူကြပြီး။
စုပေါင်းတော်လှန်ကြဖို့ စိုင်းပြင်းကြပြီ။ လက်နက်မရှိပေမယ့် စိတ်ဓာတ်တွေနဲ့ သပိတ်တိုက်ပွဲဆင်နွှဲကြဖို့ပြင်ဆင်စုစည်းမိကြပြီပေါ့။ တစ်ပြည်လုံးအုံကြွမယ့်အရေးတော်ပုံကြီးအတွက် အခါရွေးလိုက်တော့ ၈.၈.၈၈ (ရှစ်လေးလုံး) နေ့ပေါ့ကွယ်။ အဲသည်နေ့မှာ တစ်နိုင်ငံလုံးတစ်ပြိုင်နက် သပိတ်တိုက်ပွဲဆင်နွှဲလိုက်ကြတော့မယ်။ ဖေဖေတို့လည်း အပါအဝင်ပေါ့။
၈.၈.၈၈ နေ့မှာ ဖေဖေက မန္တလေးမှာ သားရဲ့။ သားမေမေနဲ့လည်း အိမ်ထောင်မကျသေးဘူး။ ဝတ္ထုတိုတွေရေး၊. ကျူရှင်လိုက်ပြနေတာပေါ့၊ ၈.၈.၈၈ အရေးတော်ပုံကြီးမှာ ဖေဖေတို့စာပေအနုပညာရှင်များ အဖွဲ့ကလည်း သပိတ်စစ်ကြောင်း တစ်ခုအဖြစ် သပိတ်တိုက်ပွဲဝင်ခဲ့တာပေါ့ကွယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြကြတာနော်။ ကြမ်းတမ်းမှု၊ လုယက်မှု ဘာမှမရှိဘူး။ အားလုံးကိုယ်စီအသိတွေနဲ့ ထိန်းကြတာပေါ့။
အစိုးရပိုင်းကလည်း သပိတ်တပ်ဖွဲ့တွေ၊ စစ်ကြောင်းတွေကို အကြီးအကျယ်ဖြိုခွင်းတာပေါ့သားရယ်။ စစ်ကိုင်းမှာဆို ကြောက်ခမန်လိလိသေကုန်ကြတာသားရဲ့။ လူသတ်တဲ့သူတွေဟာ ကြာလာတော့ တုန်လှုပ်ခြောက်ခြားလာကြပုံရတယ်။ သူတို့ရဲ့ အစုအဖွဲ့လေးတွေမှာပဲနေကုန်တာပေါ့။
မကြာပါဘူးသားရယ် အဖျက်အမှောင့် ပယောကတွေဝင်လာကြပြီ။ သမဝါယမဆိုင်ခန်း ဖောက်ထွင်းခံရတာတို့၊ မဆလ ပါတီဝင် အိမ်တွေဖျက်ဆီးခံရတာတို့၊ လုယက်မှုတို့ စတာတွေကြီးထွားလာပြီ။ အသိနဲ့ ထိန်းချုပ်သူတွေရှိသလို သင်းကွဲတွေလည်းရှိမယ်။ မဆလအစိုးရနဲ့ တန်ပြန်တွေလည်း ရှိခဲ့တယ်။ တော်လှန်ရေးသပိတ်ကြီးဟာ အီနေတော့တာပေါ့။ အစိုးရပိုင်းက သမ္မတဦးစိန်လွင်၊ ဒေါက်တာမောင်မောင်တို့ ပြောင်းလဲပေးပေမယ့် အရင်းခံစေတနာကမှ မဟုတ်လေတော့ ပြည်သူက ဘယ်လက်ခံလိမ့်မလဲ သားရယ်။
ပြည်သူက ကြားဖြတ်အစိုးရဖွဲ့ပေးဖို့ တောင်းဆိုနေကြပြီ။ ကြားဖြတ်အစိုးရဖွဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲ၊ ပါတီစုံဒီမိုကရေစီစနစ်ကို သွားကြမယ်ဆိုတဲ့ စိတ်ကူးတွေပေါ့ကွယ်။ တစ်ကယ်လည်း စိတ်ကူးတွေဟာလက်တွေ့ ဘဝဖြစ်လာနိုင်မယ်လို့ ယုံကြည်လောက်အောင်ပြည်သူ့အင်အားက ကြီးမားခဲ့တာကိုး။ အဲသည် အချိန်မှာ မဆလပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက “သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးလို့ ကြိမ်းဝါးပြီလေ။ သမ္မတဒေါက်တာမောင်မောင်က နောင်တရသွားမယ်လို့ ပြောခဲ့တယ်။ ဒီလိုနဲ့ ၁၈ စက်တင်ဘာ ၁၉၈၈ နေ့မှာ စစ်အာဏာသိမ်းခြင်းခံရပြီး သပိတ်စစ်ကြောင်းတွေပြိုကွဲခဲ့ရတယ်။
၂ဝ၁၅ ခုနှစ်က ရှစ်လေးလုံးအရေးတော်ပုံကြီး ငွေရတုအဖြစ် တစ်ပြည်လုံးမှာ ကျင်းပခဲ့တာပေါ့။ အထူးသဖြင့် ရန်ကုန်မှာ အကြီးအကျယ် လုပ်ခဲ့တာပေါ့ကွယ်။ အရပ်သားအစိုးရအုပ်ချုပ်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေပြီဆိုတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်းပေါ့ကွယ်။ သားလေးရေ… အဲဒါ ဒီမိုကရေစီအနွေ့အသက်ပေါ့။ ဘယ်တုန်းကမှ အိပ်မက်မမက်နိုင်ခဲ့တဲ့၊ ဖတ်ခွင့်မကြုံ၊ မရနိုင်တဲ့စာအုပ်တွေဖတ်ခွင့်၊ ထုတ်ဝေခွင့်ရကြပြီ။
ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ တစ်ပါတီအာဏာရှင် အစိုးရကို ဖြုတ်ချနိုင်ခဲ့ပေမယ့် ပြည်သူ့ဆန္ဒနဲ့ ရွေးမြှောက်နိုင်တဲ့ အစိုးရကို မရခဲ့ဘူး။ ဒါကို အောင်မြင်မှု မရှိဘူးလို့ ယူဆခွင့်မရှိဘူး သားရဲ့။ လူထုအား၊ လူထုရဲ့ညီညွတ်မှုကို ကမ္ဘာကြီး သိအောင်လုပ်ပြနိုင်ခဲ့တာလေ။ အဲဒီ အင်အားစုအရိပ်ကြောင့် ဒီနေ့ အခြေအနေကို ရောက်လာတာမဟုတ်လား။
ရှစ်လေးလုံး ငွေရတုပွဲကို ဖေဖေရောက်တော့ အဲဒီတုန်းက အသုံးပြုခဲ့တဲ့ စာကူးစက်တွေ၊ ဖြန့်ဝေခဲ့တဲ့ စာစောင်၊ သတင်းစာတွေ၊ ဓာတ်ပုံမှတ်တမ်းတွေ၊ ကဗျာတွေ၊ ကြေညာချက်တွေ တွေ့ရတာပေါ့။ သားတောင် ဖေဖေနဲ့ လိုက်ခဲ့ပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးအကြောင်း သိရပြီး၊ ကျဆုံးသူတွေအတွက် မျက်ရည်ကျခဲ့တာသေးတာမဟုတ်လား။
အခုသားလေးသိတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေး…..စတဲ့ သူတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ ပေါ်ထွက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေပေါ့သားရယ်။ ထောင်ထဲမှာ နှစ်ရှည်လများစွာ ဒုက္ခခံခဲ့ရတဲ့ သူတွေပေါ့။
၁၉၉ဝ မှာ ရွေးကောက်ပွဲကျင်းပပေးပြီး ရွေးချယ်ခံရတဲ့ အစိုးရအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပါ။ တပ်မတော်သားတော့ စစ်တန်းလျားကို ပြန်မယ်လို့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး စောမောင်က ပြောခဲ့သေးတာပေါ့။ ဒါပေမယ့်လေ…..။ ၂ဝ၁ဝ ခုနှစ်ကျမှ အရပ်သားအစိုးရလက်ထဲ တိုင်းပြည်အာဏာ ရောက်ခဲ့တာပေါ့ကွယ်။
သားလေးရေ…ဖေဖေ့မျာ ရှစ်လေးလုံးအကြောင်း ပြောရရင် ပြောမကုန်၊ ရေးမကုန်ဘူး သားရဲ့။ ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့တဲ့။ ဖြတ်သန်းခဲ့တဲ့ အဖြစ်အပျက်ကြီးတစ်ခုမဟုတ်လား။ ဖေဖေတို့က ပြည်သူတစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပေမယ့်၊ ဦးဆောင်၊ ခေါင်းဆောင်သူတွေရဲ့ အခန်းကဏ္ဍက ပိုပြီးစိတ်ဝင်စားစရာကောင်းတာပေါ့။ မေ့လို့မရနိုင်လောက်တဲ့ ခံစားမှုတွေပေါ့သားရယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးက မြန်မာ့သမိုင်းမှာ အကြီးကျယ်ဆုံး၊ အထင်ရှားဆုံး၊ ကမ္ဘာ့ကြီးက မြန်မာပြည်သူတွေရဲ့ ညီညွတ်မှုအားကို အသိအမှတ်ပြု၊ တန်ဖိုးအထားရဆုံးဆိုတာ သားလေးသိပြီနော်။ ကိုယ်မမီ၊ မသိတဲ့ သမိုင်းစာမျက်နှာတွေကို စာအုပ်တွေကနေ သိအောင်လုပ်ရတယ်၊ ကြိုးစားဖတ်မှတ်ရမယ်။ ဆရာကြီးဒေါက်တာသန်းထွန်း ပြောသလိုပေါ့ သမိုင်းသင်တာ မအအောင်လို့လေ။ ဒါကြောင့် သားလေးလည်း သမိုင်းကိုလေ့လာပါဖတ်ပါ။ မပစ်ပါနဲ့။ ရှစ်လေးလုံးလို ကြိးကျယ်တဲ့ အရေးတော်ပုံကြီးကို နှလုံးသားမှာ စွဲမှတ်ထားပါ။ သမိုင်းကနေ သင်ခန်းစာယူပါ။ ကြီးမြတ်သူတွေကို ဂုဏ်ပြုပါ။
ကဲ…..ရှစ်လေးလုံးအကြောင်း သားလေးသိသမျှကို သူငယ်ချင်းတွေကို မျှစေပါဦး။ သူတို့ သိတာကိုလည်း သားကမှတ်သားလိုက်ပေါ့။ ဒီလိုနဲ့ပဲ မျှဝေခံစားကြရတာ့ပေါ့သားရယ်။
သားရဲ့ ချစ်သော ဖေဖေရဲသျှမ်း