နော်ဒါးမြ၏ ကော်သူးလေ တပ်မတော်ကို KNU လက်မခံ

နော်ဒါးမြ၏ ကော်သူးလေ တပ်မတော်ကို KNU လက်မခံ

KNU အပါအဝင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ KNDO တို့က ဗိုလ်မှူးချုပ် နယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းလိုက်သည့် Kaw Thoo Lei Army သည် အဖွဲ့အစည်းနှင့် သက်ဆိုင်မှု မရှိသည့်အတွက် လက်ခံမည်မဟုတ်ဟု ပြောဆိုလိုက် သည်။

ဇူလိုင် ၁၇ ရက်နေ့က ဗိုလ်မှူးချုပ် နယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းလိုက်သည့် Kaw Thoo Lei Army ကို လက်မခံရ သည့် အကြောင်းနှင့် ပတ်သက်၍ KNLA တွဲဖက်စစ်ရေးချုပ် ဒု-ဗိုလ်မှူးကြီး ဖန်လုံံ့ဟိန်း က ယခုကဲ့သို့ ပြော သည်။

၎င်းက “အခုက ကော်သူးလေ အာမီက လက်ရှိ ဒီအချိန်မှာက မသင့်တော်တာလည်း ပါတာပေါ့နော။ ဘာဖြစ်လို့ လဲဆို တော့ ဟိုးကရင့်တော်လှန်ရေး သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ အရင် ၄၉ နောက်ပိုင်းမှာ တော့ ဒီ Kaw thoo lei Armed Forces ဆိုတာကတော့ ကျနော်တို့ ရှိခဲ့တယ်လေ။ အဲဒီအပေါ်မှာပဲ ကျနော်တို့ အခု လက်ရှိ ပေါ့နော KNLA ရော KNDO ရောက သူတို့ရဲ့ စိတ်ထဲမှာတော့ ကျနော်တို့က ဒီ ကော်သူးလေ တပ်မတော် လိုပဲ ကျနော်တို့ကိုယ် ကျနော်တို့က ခံယူထားတာပေါ့နော။ အဲဒီအပေါ်မှာပေါ့။ ဒီ ဗိုလ်ချုပ်နယ်ဒါး ဖွဲ့လိုက်တဲ့ ကော်သူးလေ Army ကတော့ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လည်း ကိုက်ညီမှု မရှိတဲ့အပေါ်မှာ ကျနော်တို့ လက်ခံလို့ မရတဲ့ဆိုတဲ့ အကြောင်းပါ” ဟု ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် KNLA၊ KNDO တပ်မှူးများ၏ အရေးပေါ် အစည်း အဝေးကို ဗိုလ်မှူးချုပ် နယ်ဒါးမြတက်ရောက်ခဲ့ပြီး ထိုအစည်းအဝေးတွင် Kaw Thoo Lei Army ဖွဲ့ စည်းမည်ဟု ဆုံးဖြတ်ချက်မရှိပဲ အဖွဲ့ကို ဖွဲ့ စည်းလိုက်သည့်အပေါ်  ဒု-ဗိုလ်မှူးကြီး ဖန်လုံံ့ဟိန်း ယခုကဲ့သို့ ဆက်ပြောသည်။

ဒု - ဗိုလ်မှူးကြီး ဖန်လုံံ့ဟိန်းက “အဲဒီမှာ ဆုံးဖြတ်ချက်တစ်ချက်ရှိတာက ကျနော်တို့ ဒီအရေးပေါ် တပ်မှူးများ အစည်းအဝေးမှာ KNLA ရော KNDO ရောက သူ့ရဲ့ ယူနီဖောင်းပေါ့နော။ အခုသုံးတဲ့ ယူနီဖောင်းရဲ့ ဒီရင်ဘတ် ဘယ်ဖက်ပေါ့ ရင်ဘတ်အပေါ်မှာ သူက ကော်သူးလေ သူမူဒိုဆိုတဲ့ စကားလုံးကို အားလုံးပေါ့နော။ ယူနီဖောင်း ဖြစ်အောင် ထည့်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက် ရှိခဲ့တာပေါ့နော။ အဲလောက်ပဲလေ ကျနော်တို့ ယူနီဖောင်း KNU ပဲ ဖြစ် ဖြစ် KNLA ပဲဖြစ်ဖြစ် သူ့ရဲ့ ယူနီဖောင်းရဲ့  ရင်ဘတ်မှာ ကော်သူးလေ သူမူဒိုဆိုတဲ့ တံဆိပ်ကို ထည့်ဖို့လောက်ပဲ ကျနော်တို့က အဲဒီဆုံးဖြတ်ချက် ရှိတာပေါ့နော။ အဲဒီအပေါ်မှာ ဗိုလ်ချုပ် နယ်ဒါးကနေပြီးတော့ အဲဒါကို ဘယ် လိုနားလည်မှု ယူပြီးတော့ သူ့ဟာသူ ကော်သူးလေ သူမူဒို လုပ်လိုက်တဲ့အတွက်က ကျနော်တို့ စဉ်းစားလို့ မရဘူး ဖြစ်နေတာ ပေါ့နော်” ဟု ပြောသည်။

တပ်မတော် တစ်ခုဖွဲ့စည်းမည်ဆိုပါက သက်ဆိုင်ရာ အစုအဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ ဖွဲ့စည်းရမည် ဖြစ် ပြီး ယခုကဲ့သို့ ဗိုလ်မှူးချုပ် နယ်ဒါးမြက မည်သည့် အဖွဲ့အစည်းများနှင့်မှ တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ ဖွဲ့စည်း လိုက် ခြင်းသည် အဖွဲ့အစည်းက ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှု မရှိသည့်အတွက် လက်မခံ နိုင်သည့်အပြင် ဆက်စပ်မှု တစ်စုံတစ်ရာလည်း မရှိဟု ဆိုသည်။

လက်ရှိဖြစ်ပေါ်နေသည့် သဘောထား ကွဲလွဲမှုများကို ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးမည့် အခြေအနေနှင့် ပတ်သက် ၍ ဒု-ဗိုလ်မှူးကြီး ဖန်လုံံ့ဟိန်းက “အခုလောလောဆယ်တော့ မရှိသေးဘူးပေါ့နော။ ဒါပေမယ့် နောက် ကျနော် တို့ အထက်လူကြီးတွေရဲ့ သဘောထား ရှိမယ်ဆိုရင်တော့ ပြောရမယ်ဆိုရင် ဖြစ်လာနိုင်စရာ အကြောင်းတော့ရှိ မှာပေါ့နော်” ဟု ပြောသည်။

ဗိုလ်မှူးချုပ် နယ်ဒါးမြ ဦးဆောင် ဖွဲ့စည်းလိုက်သည့် Kaw Thoo Lei Army သည် KNU နှင့် တစ်စုံတစ်ရာ ပတ်သက် မှု မရှိကြောင်းနှင့် ပြီးခဲ့သည့် နှစ်က KNU တပ်မဟာ (၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ်ရှိ ဖလူး-ဝေါ်လေ ဒေသတွင် KNDO တပ်ဖွဲ့ဝင်များက ဆောက်လုပ်ရေးလုပ်သားဟု ဆိုသူများကိုသတ်ဖြတ်သည့် ကိစ္စနှင့် ပတ်သက်၍ အဖွဲ့အ စည်းမှ ထုတ်ပယ်ထားသည်ဟု KNU က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO ဖွဲ့စည်းထူထောင်ခြင်း ၇၅ နှစ် ပြည့် အခမ်းအနားတွင် KNU က KNDO စစ်ဦးချုပ်ကို ဗိုလ်မှူးချုပ်စောရှီးလေ ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုလာသည့် နောက်ပိုင်းတွင် ဗိုလ်မှူးချုပ်နယ်ဒါးမြက Kaw Thoo Lei Army ကို ဖွဲ့စည်းကြောင်း ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်လာသည့်အပေါ် KNU၊ KNLA၊ KNDO တို့က Kaw Thoo Lei Army သည် ၎င်းတို့နှင့် သက်ဆိုင်မှု မရှိကြောင်းနှင့် လက်မခံသည့်အကြောင်းကို နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပရှိ ပြည်သူများ သိရှိရန် ဇူလိုင်လ ၂၀ ရက်နေ့ က ထုတ်ပြန်ပြောဆိုလာကြခြင်း ဖြစ်သည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...