နွေနှင်း — “ငါတို့ နိုင်ပါ့မလား”
“ငါတို့ နိုင်မှာပါနော်”
ပြည်ပမှာ ဒါမှမဟုတ် လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေသူတွေ အနေနဲ့တော့ အဲဒီ စကားတွေကို နားလည်ချင်မှ နားလည်ကြလိမ့်မယ်။ ပြည်တွင်းမှာ အထူးသဖြင့် ရန်ကုန်လို တခြားမြို့ကြီးတွေမှာ နေထိုင်နေကြတဲ့ သူတွေ တစ်ဦးနဲ့တစ်ဦးတွေ့ရင် အဲဒီစကားအမြဲပြောလေ့ရှိကြပါတယ်။ အထူးသဖြင့်တော့ အသက် ၅၀ နဲ့အထက်၊ ၆၀ ကျော်၊ ၇၀ ကျော် လူကြီးတွေ မေးကြ ပြောကြပါတယ်။
Generation X
အဲဒီအရွယ်တန်းတွေက မဆလခေတ်တစ်ခေတ်လုံး၊ နောက်တော့ နဝတ၊ နအဖ ခေတ်တွေကို ကျော်ဖြတ်ပြီး ၈၈ အရေးတော်ပုံကြီးထဲမှာ လူငယ်၊ လူလတ်ပိုင်းတွေ အနေနဲ့ တစ်နည်းမဟုတ်တစ်နည်း အာဏာရှင်ကို အာခံ ဆန့်ကျင်လာခဲ့တာ ဒီနေ့အထိပါပဲ။
အခုအချိန်မှာ သူတို့က လူငယ်တွေလို ရှူးရှူးဒိုင်းဒိုင်း လက်နက်စွဲကိုင်ပြီး အာဏာရှင်ကို တွန်းလှန်ဖို့ ကာယ အင်အားချိနဲ့နေပြီ ဖြစ်ပေမယ့် စစ်အာဏာရှင်လက်အောက်မှာချည်း တစ်သက်လုံး ကြောက်စိတ်နဲ့ နေခဲ့ရလို့ စစ်အာဏာရှင်စနစ်ကို အရိုးထဲက မုန်းတီးနေသူတွေ၊ ရင်ထဲ အသည်းထဲက စက်ဆုပ်နေသူတွေလို့ ဆိုရင်လည်း မမှားပါဘူး။
မဆလ တစ်ပါတီစနစ်၊ နောက်တော့ နဝတ၊ နအဖ ထောက်လှမ်းရေးခေတ်၊ ဦးသန်းရွှေအစိုးရလို့ ဆိုတဲ့ နအဖခေတ်တွေကို ကျော်ဖြတ်ခဲ့ပြီး ကိုယ့်အခွင့်အရေးတောင် ကိုယ် ဘာမှန်းမသိခဲ့ရတဲ့ သူတွေပါ။ အရပ်သားအစိုးရ လက်ထက် ၁၀ နှစ်တာကျမှ ဒီမိုကရေစီဆိုတာကို နည်းနည်း ရိပ်ဖမ်းသံဖမ်း နားလည်ခဲ့ရပြီး သူတို့ မျိုးဆက်သစ်တွေအတွက် ဒီမိုကရေစီမျှော်လင့်ချက် ကြီးမားခဲ့သူတွေလည်း ဖြစ်ပါတယ်။
စိုးရိမ်တကြီးနဲ့ ငါတို့နိုင်မှာပါနော်လို့ မေးနေပြောနေကြတဲ့ လူကြီးတွေအားလုံးဟာ ဒီနေ့လူငယ်တွေ စွပ်စွဲ ပြောဆိုနေကြသလိုပဲ ကြောက်စိတ်ရှိကြတယ် ဆိုတာတော့ မငြင်းနိုင်ပါဘူး။ လူငယ်တွေလိုလည်း ကာယအင်အားမရှိ၊ အာဏာသိမ်းစစ်အစိုးရရဲ့ အချိန်မရွေး ရိုက်သတ်ခံရနိုင်တဲ့ ခြင်းထဲကကြက်တွေဘဝ ရောက်နေတဲ့ အဲဒီလူကြီးတွေထဲက တချို့ဟာ စိတ်ထဲက အာဏာရှင်အပေါ်အမုန်းစိတ်နဲ့ ဆန့်ကျင်ရုံပဲ တတ်နိုင်တဲ့ အခြေအနေ ရှိပါတယ်။
မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ လူငယ်တွေ တိုက်ပွဲကျ၊ ဒဏ်ရာရ၊ တချို့အဖမ်းခံရ၊ နယ်တွေမှာ အရပ်သားတွေ ရက်ရက်စက်စက် အသတ်ခံရတဲ့ သတင်းတွေကြားတိုင်း ဒီလူကြီးဟာ ဘာမှမတတ်နိုင်ဘဲ မျက်ရည်ကျ၊ စုတ်သပ်၊ ဘုရားဆုတောင်းနဲ့ စိတ်သွားတိုင်းကိုယ်မပါတဲ့ သူတို့အခြေအနေကိုသူတို့ အားမရ ဖြစ်နေတယ်ဆိုတာ တွေ့နေ မြင်နေရပါတယ်။
ငွေကြေးတတ်နိုင်သူတွေက ငွေကြေးနဲ့ တတ်နိုင်သလောက်ပါဝင်၊ တချို့ အများကြီး မတတ်နိုင်တောင် တစ်လကို ၅,၀၀၀ မျိုး၊ ၁၀,၀၀၀ မျိုး သူတို့ ဈေးဖိုး၊ လက်ဖက်ရည်ဖိုးလေးထဲက ဖဲ့ပြီး တော်လှန်ရေးအတွက် တတ်နိုင်တဲ့ဘက်က ပါဝင်နေကြတာလည်း တွေ့နေရပါတယ်။
ဒါက ၅၀ အထက် ပြည်တွင်းက လူကြီးတွေရဲ့ အခြေအနေကို တွေ့ရတာပါ။
Generation Y
ပြည်တွင်းမှာပဲ ဘယ်မှ မသွားနိုင်တဲ့ အသက် ၄၀ ဝန်းကျင်နဲ့ ၃၀ ကျော် လူလတ်ပိုင်းတွေကော ဘာတွေ လုပ်နေကြလဲ။ ဘီယာဆိုင်ထိုင်လိုက်၊ ဘားသွားလိုက်၊ ကလပ်တက်လိုက်၊ ခရီးထွက်လိုက် ပုံမှန်အခြေအနေ ဖြစ်နေကြပြီဆိုပြီး စွပ်စွဲပြောဆိုခံရသူတွေထဲ သူတို့တွေ အများဆုံးပါပါတယ်။
ဟုတ်ပါတယ်။ သူတို့က သနားစရာအကောင်းဆုံးမျိုးဆက်ပါ။ သမိုင်းနဲ့ ပညာရေးကို သင်းကွပ်ခံရတဲ့ မျိုးဆက်လို့တောင် ပြောနိုင်တယ်။ ဒါပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်လာချိန်မှာ သူတို့မျိုးဆက် ကလေးငယ်တွေအတွက် ပူပန်ပြီး ရုတ်တရက်ချက်ချင်း အလင်းပွင့်လာခဲ့ကြပါတယ်။
လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးပိုင်းမှာ အအောင်မြင်ဆုံးအရွယ်၊ မိသားစု တည်ဆောက်စ အရွယ်၊ ဘဝရဲ့ ပျော်ရွှင်မှုတွေကို စတင် စားသုံးလို့ကောင်းတဲ့အရွယ် ဖြစ်ပါတယ်။ အလုပ်ကြိုးစားလုပ်တယ်၊ သူငယ်ချင်းတွေနဲ့ ဘားသွား၊ ကလပ်သွားတယ်၊ မိသားစုနဲ့ ခရီးထွက်တယ်။ အဲဒါနဲ့ သူတို့ ပုံမှန်ဖြစ်နေပြီလားလို့ မေးစရာရှိပါတယ်။ အဲဒီလိုလုပ်နေတာနဲ့ပဲ စစ်အာဏာရှင်ကို ထောက်ခံနေပြီလို့ ပြောလို့မရပါဘူး။ ပြည်တွင်းကနေ တော်လှန်ရေးအတွက် အများဆုံး ထောက်ပံ့လှူဒါန်းနိုင်တာလည်း သူတို့အရွယ်ပါပဲ။ လုပ်စရာရှိတာ တွေလုပ်ရင်း၊ မိသားစုတာဝန်၊ လူမှုရေးတာဝန်တွေလည်း ကျေရင်း တော်လှန်ရေးအတွက်လည်း တစ်တပ်တစ်အား ပါဝင်နေတာ သူတို့ပါပဲ။
တစ်ယောက်ယောက်က လက်တို့လိုက်တာနဲ့ အဖမ်းခံရနိုင်တဲ့ ဘာမှန်းမသိတဲ့ အခြေအနေ၊ ခိုးဆိုးလုနှိုက်တွေရဲ့ အန္တရာယ်ကြားမှာ မိသားစုကိုလည်း ကာကွယ်ရင်း၊ ကိုယ့်ကိုယ်ကိုလည်း အန္တရာယ်ကင်းအောင် ရှင်သန်ရင်း၊ သူတို့သားငယ်သမီးငယ်တွေရဲ့ ပညာရေး၊ အနာဂတ်အတွက် ပူပန်ဖြေရှင်းရင်း တစ်ဖက်ကလည်း တော်လှန်ရေးအတွက် တစ်တပ်တစ်အားပါဝင်ပေးနေတဲ့ လူလတ်ပိုင်းတွေ ဒုနဲ့ဒေးရှိနေတယ် ဆိုတာ ပြောချင်တာပါ။
ပေါ်ပေါ်တင်တင် ထောက်ပံ့လို့ မရတဲ့အခြေအနေတစ်ခု၊ ခြင်းထဲကကြက်တွေ ဖြစ်တဲ့သူတို့ရဲ့ အနေအထားအရ ဘားသွား၊ ကလပ်သွား၊ ခရီးထွက်နဲ့ ပျော်ချင်ယောင်ဆောင်နေရတာတွေ ရှိပါတယ်။ ဒါမှမဟုတ် မွန်းကျပ်နေတဲ့ အခြေအနေကြီးမှာ သူတို့ရဲ့ စိတ်ထွက်ပေါက်အနေနဲ့ ဒါတွေလုပ်တာလည်း ဖြစ်နိုင်ပါတယ်။
CDM ဝန်ထမ်းအများစုက သူတို့အရွယ်တန်းတွေ ဖြစ်သလို၊ တော်လှန်ရေးအတွက် အားကျိုးမာန်တက် အလှူခံ၊ ကိုယ်တိုင်ထည့်ဝင်ကြတဲ့ ခြင်းထဲကကြက် သတ်လတ်ပိုင်းတွေပါ။
Generation Z
၃၀ အောက်နဲ့ ၂၀ ဝန်းကျင် ခြင်းထဲကကြက်တွေ အကြောင်းလည်း ပြောချင်ပါသေးတယ်။ အများစုကတော့ ထောင်တွေထဲမှာပါ။ တော်တော်များများ အပြင်မှာ ရှိနေသူတွေက မိသားစု အခြေအနေအရ၊ အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင်တိုက်ပွဲကို ဝင်မနွှဲနိုင်လို့ အားမလိုအားမရ ဖြစ်နေသူတွေပါ။ တက္ကသိုလ်ကျောင်း တက်လက်စ အရွယ်၊ အနာဂတ်တောက်ပပြီး ဒီမိုကရေစီဆိုတာကို သူတို့သက်တမ်း တစ်ဝက်နီးပါးလောက် စားသုံးခဲ့ရသူတွေ ဘယ်လိုလုပ် ပုံမှန်အခြေအနေရှိနိုင်ပါ့မလဲ။ စစ်အာဏာရှင်ကို အသွေးထဲအသားထဲက အမုန်းဆုံးလူတွေက သူတို့ပါပဲ။
တချို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုအတွက် ရုန်းကန်နေရသူတွေလည်း ရှိပါတယ်။ သူတို့တတ်နိုင်တဲ့ ဘက်က အာဏာရှင်ကို ဆန့်ကျင်ရင်း တောထဲက လက်နက်ကိုင်သူငယ်ချင်းတွေအတွက် စိတ်ဓာတ်ခွန်အားပဲ ပေးနိုင်တဲ့ အခြေအနေပါ။ သူတို့လည်း ခြင်းထဲကကြက်တွေ ဖြစ်တဲ့အတွက် အချိန်မရွေး ဖမ်းဆီးခံနိုင်ရတာမို့ အာဏာရှင်ကို တိတ်တဆိတ်ဆန့်ကျင်နေရသူတွေ ဖြစ်ပါတယ်။ သူတို့ ဘယ်လိုဆန့်ကျင်နေသလဲဆိုတာ တွေ့ချင်ရင် ဖွင့်ထားတဲ့ တက္ကသိုလ်တွေကို သွားကြည့်လိုက်ရင် သိနိုင်ပါတယ်။
တချို့တွေ နေနိုင်လွန်းသလား
တေးရေး ကိုနေဝင်းရဲ့ နောက်ဆုံးအိပ်မက်ဆိုတဲ့ သီချင်းလေးဟာ ၁၉၈၈ နဲ့ ၂၀၁၀ ကြားကာလတွေတုန်းက မှန်ကောင်းမှန်ပါလိမ့်မယ်။ စိမ်းမြ သစ်ရွက်တွေကြွေနေချိန် … ရဲရင့် ကျောက်ခတ်တွေပြိုနေချိန် တချို့တွေ နေနိုင်လွန်းတယ်ဆိုတဲ့ စာသားဟာ အခုအချိန်မှာတော့ မမှန်ဘူးလို့ဆိုချင်ပါတယ်။
ဘယ်သူမှ မနေနိုင်ပါဘူး။ ဖွင့်ထားပေမယ့် လူမရှိတဲ့ ရုပ်ရှင်ရုံတွေ၊ ဖွင့်ထားပေမယ့် လူနည်းနည်းပဲရှိတဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေက သက်သေပါပဲ။ ၁၉၉၀ နောက်ပိုင်း ကျောင်းတွေပြန်ဖွင့်ချိန်နဲ့ ယှဉ်ထိုးကြည့်လို့ရပါတယ်။ စစ်အာဏာရှင်ကို အခွန်မဆောင်တာ၊ သူတို့စီးပွားရေးတွေကို တတ်နိုင်သလောက် အားမပေးတာတွေ မပါသေးပါဘူး။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေ ရန်ကုန်မြို့လယ်လမ်းတွေမှာ ကားတွေ ရှင်းလင်းနေတာ မပါသေးပါဘူး။ ပြည်သူ့အစိုးရ လက်ထက်က ည ၁၂ နာရီ၊ တစ်ချက် စည်ကားနေတဲ့ ရန်ကုန်လမ်းမတွေပေါ်မှာ ည ၉ နာရီ၊ ၁၀ နာရီ လုံးဝ ရှင်းလင်းနေတာတွေ မပါသေးပါဘူး။
နေနိုင်တဲ့သူတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ အဲဒီလူတွေက စစ်အာဏာရှင်အသိုင်းအဝိုင်းက လူတွေ၊ စစ်အာဏာရှင်ရဲ့ ပြန်ပေးဆွဲခံထားရတဲ့သူတွေ၊ မူးယစ်ဆေးဝါးနွံထဲ နစ်နေသူတွေနဲ့ ခံစားချက်မဲ့ပြီး ဘာတစ်ခုမှမသိတဲ့ စက်ရုပ်လို လူစားတွေပါပဲ။ အဲဒီလူတန်းစားက သန်း ၅၀ မှာ ဘယ်လောက်ရာခိုင်နှုန်းရှိလဲဆိုတာတော့ သေသေချာချာ Research လုပ်ထားသူတွေကို မမေးဘဲ သာမန်စိတ်နဲ့ ခန့်မှန်းကြည့်ရင်တောင် သိနိုင်ပါလိမ့်မယ်။
အကြောင်းကြောင်းကြောင့် ဘယ်မှ မသွားနိုင်တဲ့ ပြည်တွင်းက၊ ခြင်းထဲက ကြက်တွေရဲ့ အသံတိတ် တော်လှန်မှုဟာ စစ်အာဏာရှင်တွေအတွက် အာဏာသိမ်း တစ်နှစ်ကျော်ကြာသည်အထိ သူတို့နားမလည်နိုင်တဲ့ ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေဆဲဆိုတာတော့ သေချာပါတယ်။