Salai Vakok — ချင်းတောင်ခြေရှိ ရွာကလေးတွင် ထင်းရှုး၊ သစ်အယ်ပင်တွေ ဝန်းရံထားသော အထက်တန်းကျောင်းခွဲတစ်ခုသည် အလယ်တန်းအဆင့်အထိသာ ကျောင်းသား/သူ ရာချီကို ပညာသင်ကြားနေရသည်။
စစ်အာဏာမသိမ်းခင်က အဖြူ၊ အစိမ်းဝတ်ဖြင့် စာသင်ကြားရသော အသက် (၄၀) အရွယ် ဆရာမ နှင်းပန်းအိမ် (အမည်လွှဲ) သည် CDM ပြုလုပ်ပြီးနောက် စစ်ရှောင်ထွက်ရင်း ပြည်သူ့ကျောင်းမှာ စာသင်တာ ၂ နှစ်ရှိပါပြီ။
ဆရာမတို့ကျောင်းက ချင်းပြည်နယ်၊ မင်းတပ်-CDF ၏ လွတ်မြောက်နယ်မြေမှ ပြည်သူ့ကျောင်းအဖြစ်၊ ဖွင့်လှစ်သင်ကြားမှု တစ်လကျော်ပြီးဖြစ်သော ကျောင်းများထဲက တစ်ကျောင်းပါ။
ဆရာမနှင်းပန်းအိမ်အပါအဝင် ထိုကျောင်းက ဆရာ/ဆရာမတို့မှာ ကလေးတွေကို ပညာသင်ကြားပေးနေသော်လည်း CDM ပြုလုပ်ပြီး ၂ နှစ်ရှိလာချိန်အထိ ထောက်ပံ့ငွေနှင့် ထောက်ပံ့မှုပစ္စည်းများ လုံးဝနီးပါး မရရှိပါ။
စစ်ကောင်စီဖွင့်သော ကျောင်းတွင် အခမဲ့ပညာရေးဖြစ်သောကြောင့် ခဲတံ၊ ဗလာစာအုပ်၊ ပုံနှိပ်စာအုပ် စသည်တို့ကို ရရှိနိုင်သော်လည်း ပြည်သူ့ကျောင်းအဖြစ် ဖော်ဆောင်ရသောအခါ ကိုယ်ထူကိုယ်ထဝယ်ရ၍ ထောက်ပံ့ငွေ မရရှိသောကြောင့် လွန်စွာအခက်အခဲဖြစ်ရသည်။
“အခြေအနေကတော့ မိုးနဲ့မြေလိုပါပဲ။ ကျမတို့လည်း ဘာမှမရတော့ဘူး။ ကလေးတွေလည်း ဘာတစ်ခုမှ မရတော့ဘူး” ဟု ဆရာမ နှင်းပန်းအိမ်က ဆိုသည်။
ဆရာမ နှင်းပန်းအိမ်တို့ ရွာကျောင်းတွင် မူလတန်းမှ အလယ်တန်းအထိ ကျောင်းသူ/သား ၂၀၀ ခန့်ရှိပြီး CDM ပညာရေးဝန်ထမ်း ၅ ဦးနှင့် ၁၀ တန်းအောင်/ ၁၀ တန်းကျထားသော၊ စိတ်အားထက်သန်လှသော လုပ်အားပေးဆရာမ ၁၄ ဦးတို့ဖြင့် စာသင်ပေးနေသည်။
ဆရာမတို့ ရွာကျောင်းတွင် တချို့ကလေးများမှာ ရေးစရာ ခဲတံ၊ ဗလာစာအုပ်ကအစ မဝယ်နိုင်ပါ။ ထိုအချိန်တွင် ဆရာမက မရှိမဲ့ ရှိမဲ့ ငွေဖြင့် အိတ်စိုက်၍ ဝယ်ပေးရသည်။ ဝါဥအဓိက စိုက်သော ကျောင်းသား/သူ မိဘတချို့မှာ ဝါဥဈေးနှိမ်ခံရ၍ အဆင်မပြေသကဲ့သို့ တချို့မိဘများမှာ စားဖို့ပင် အနိုင်နိုင်ဖြစ်နေသည်။
ကျောင်းတက်ချိန် တစ်နှစ်ပြီးသွားချိန်၌ ယခုနှစ်တွင် ကလေးများကို ကျောင်းထားရန်အတွက် စစ်ကောင်စီကို ခုခံတော်လှန်ရန် တိုက်ပွဲဝင်သကဲ့သို့ ကလေးတွေ၏ အနာဂါတ်အတွက်လည်း တိုက်ပွဲဝင်ရန် ဆရာမနှင်းပန်းအိမ်တို့က မိဘတွေကို စည်းရုံးထားရသည်။
မြို့နယ်ပညာရေးဘုတ်အဖွဲ့
ယခုပညာသင်နှစ် (၂၀၂၂ ဇွန်-၂၀၂၃ မတ်) အတွက် မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ပြည်သူ့ကျောင်းများတွင် ကျောင်းသား/သူမှာ ၁၀၀၀၀-၁၁၀၀၀ ကြားရှိပြီး ဆရာ/မ အင်အားမှာ ၁၀၀၀ - ၁၂၀၀ ကြားရှိသည်။
၂၀ ရာခိုင်နှုန်းက CDM ဆရာ/မများဖြစ်ပြီ ကျန် ၈၀ ရာခိုင်နှုန်းမှာ စေတနာဝန်ထမ်းလုပ်အားပေးများ ဖြစ်သည်။ အင်္ဂလိပ်စာ၊ မြန်မာ၊ သင်္ချာ၊ သိပ္ပံနှင့် တိုင်းရင်းသားဘာသာစကားတို့ကို သင်ကြားသည်။
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် မင်းတပ်မြို့နယ်၌ မူလတန်းကျောင်းများကို ဦးစားပေး၍ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုပညာသင်နှစ်တွင် မူလတန်းနှင့် အလယ်တန်းအထိကို ဖွင့်လှစ်နိုင်သော်လည်း အထက်တန်းကို အခက်အခဲတချိ့ကြောင့် မဖွင့်လှစ်နိုင်သေးပါ။
ကြားကာလပညာသင်ကြားသော မင်းတပ်သည် မည်သည့်အဖွဲ့အစည်းထံမျှ အထောက်အပံ့ မရရှိခဲ့ပါ။ ဆရာ/မများမှာ မည်သည့်အထောက်အပံ့မျှ မရဘဲ စေတနာသက်သက်ဖြင့် မိမိအလုပ်တွေကို ပစ်၍ သင်ကြားပေးနေခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ်၏ ပညာရေးတာဝန်ခံ တစ်ဦးက ပြောသည်။
“ဒီပညာသင်နှစ်မှာတော့ ဒီအခြေအနေနဲ့သွားဖို့ မဖြစ်ဘူးဆိုတာ ရပ်ရွာထဲမှာရှိတဲ့ မိဘတွေက ပံ့ပိုးပေးဖို့လိုပြီလို့ ဆုံးဖြတ်တယ်။ မြို့နယ်ထဲက ရွာတိုင်းက ဒီနှစ်ပညာသင်နှစ်မှာ စာသင်တဲ့ ဆရာ/မတွေကို ဘယ်လောက်ထိ ပံ့ပိုးကြမလဲ။ ကိုယ်ရပ်/ကိုယ်ရွာမှာ နိုင်သလောက် ဆုံးဖြတ်ကြပါ။ ဒီနှစ်ပညာသင် ကာလကိုတော့ ဒီလိုပဲ သွားနေကြတယ်” ၎င်းက ဆိုသည်။
စာသင်ပေးနေသော ဆရာ/မများမှာ ထောက်ပံ့မှု မရရှိသောအခါ တခြားအလုပ်လည်း မလုပ်နိုင်၊ ဝင်ငွေလည်း မရှာနိုင်သောကြောင့် ရေရှည်ရပ်တည်ရန် ခက်ခဲလာသည်။ မိမိဒေသအလိုက် ဆရာ/မများကို ကိုယ်ရပ်ရွာက ထောက်ပံ့ပေးရမည်ဆိုသောအခါ တဖက်တွင်လည်း မိမိ၏ ကလေးငယ်များအတွက် ခဲတံ၊ ဗလာစာအုပ် စသဖြင့် ဝယ်ပေးရ၍ ရေရှည်တွင် မိဘတွေအတွက် ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ဖြစ်လာနေပါသည်။
မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ဆရာ/မ များနှင့် ကျောင်းသား/သူများမှာ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့များ လွန်စွာ လိုအပ်နေပြီး ရေရှည်ရပ်တည်ဖို ခက်ခဲနေသည်။
မရာနယ်မြေဒေသ
ပြည်သူ့ကျောင်းများအဖြစ် ကြားကာလပညာရေးကို မရာနယ်မြေဒေသတွင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MATC) ကလည်း ဖော်ဆောင်လျက်ရှိသည်။ ချင်းပြည်နယ် ထန်တလန်၊ မတူပီနှင့် ပလက်ဝမြို့နယ်တို့တွင် မရာလူမျိုးများ ပြန့်ကျဲနေထိုင်ပြီး ကျေးရွာပေါင်း ၆၄ ရွာကို မရာနယ်မြေဒေသအဖြစ် သတ်မှတ်ကြသည်။
မရာနယ်မြေဒေသတွင် ကျောင်းနေကလေးငယ် ထောင်ဂဏန်ရှိပြီး လက်ရှိတွင် ကျေးရွာ (၇) ရွာခန့်မှာ ဖွင့်လှစ်ထားကာ ကျန်ရွာ (၄၀) ခန့်မှာ စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ လက်ရှိတွင် ဆရာ/ဆရာမ လိုအပ်ချက် (၇၀) ရာခိုင်နှုန်းကို ရရှိထားပြီး ကျန် (၃၀) ရာခိုင်နှုန်းကို ၂လအတွင်း ခန့်မည်ဖြစ်သည်။
မရာနယ်မြေတွင် တစ်ဖက်က တိုက်ပွဲဆင်နွှဲနေပြီ တခြားဖက်တွင် စစ်ဘေးရှောင်များ၊ မိခင်နှင့် ကလေးငယ်များ၊ ကျောင်းနေအရွယ်ကလေးငယ်များကို ပြုစု၊ စောင့်ရှောက်လျက်ရှိကာ စိန်ခေါ်မှုများနှင့် လျှောက်လှမ်း နေသည်။
“လုံခြုံရေးအရ စိန်ခေါ်မှုရယ်၊ ငွေကြေးအရ စိန်းခေါ်မှုရယ်၊ ဒီဟာတွေက ကျွန်တော်တို့ အဓိက ကြုံတွေ့လာနိုင်တယ်” ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၏ အထွေထွေအတွင်းးရေးမှူး ဦး Khai Sa က ဆိုသည်။
စစ်ကောင်စီကဖွင့်သော ကျောင်းများ
ချင်းလဲန်းဒေသ၏ လွတ်မြောက်နယ်မြေများတွင် ပြည်သူ့ကျောင်းများ ဖွင့်လှစ်နေသကဲ့သို့ စစ်ကောင်စီကလည်း ချင်းပြည်နယ်၏ မြို့နယ် (၉) မြို့နယ်တွင် (၇) မြို့နယ်၏ မြို့ပေါ်ကျောင်းများကို ဖွင့်လှစ်နေသည်။
အခြေခံပညာမှ အထက်တန်းအထိ ကျောင်းသူ/သား ၅ သောင်းနီးပါးအထိ တက်ရောက်နေပြီး ဆရာ/မ အင်အား လေးထောင်ကျော်ရှိသည်ဟု ချင်းပြည်နယ်၊ ပညာရေးရုံးက သိရသည်။ ဆရာ/မ အင်အားတွင် အယူခံ၍ Non-CDM ပြန်လုပ်သူ အနည်းငယ်ပါဝင်သည်။
ချင်းပြည်နယ်တွင် ကျောင်း စုစုပေါင်း ၁၅၀၀ ကျော်ရှိပြီး လက်ရှိတွင် သုံးပုံ၊ တစ်ပုံခန့်မှာ ဖွင့်လှစ်လျက်ရှိသည်။
“ပညာသင်ကြားမှုက ရှိတဲ့ သူတွေနဲ့ မြို့ပေါ်ကျောင်းတွေပဲ ဖွင့်လှစ်နိုင်တဲ့အတွက် နယ်က ဆရာ/ဆရာမတွေကို ခေါ်သင်တဲ့သဘောပါ” ဟု ပညာရေးရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်သူ့ကျောင်းများ
ချင်းလဲန်းဒေသရှိ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့၏ ထိန်းချုပ်နယ်မြေများတွင်ဖွင့်သော ကျောင်းများကို သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ်အဖွဲ့များက စီမံခန့်ခွဲသည်။
၂၀၂၂-၂၃ ပညာသင်နှစ်တွင် CDF ထိန်းချုပ်နယ်မြေ၌ ဖွင့်လှစ်ဖို့ ပြင်ဆင်နေသော ကျောင်း ၄၀၀ ကျော်ရှိပြီး ကျောင်းသား/သူမှာ လေးသောင်း၊ ခြောက်ထောင်ကျော်ရှိသည်။ လက်ရှိထက် ကျောင်းသား/သူများ ပိုမိုများလာ နိုင်ခြေရှိသည်။
ဆရာ/မ အင်အားမှာ လေးထောင်ခန့်ရှိပြီး CDM ဆရာ/မ၊ ၁၀တန်းအောင်/တက္ကသိုလ်ကျောင်းသား/ ဘွဲ့ရ တို့က လုပ်အားပေးသင်ကြားကြခြင်းဖြစ်သည်။ ဆရာ/မများကို လစာသဘောမျိုးဖြင့် မပေးနိုင်သော်လည်း ကျောင်းသား/သူ ၅၀ တွင် တစ်သိန်းခွဲနှုန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကြားကာလ ချင်းအတိုင်ပင်ခံကောင်စီ (ICNCC) က သိရသည်။
“ကျောင်းသား ၅၀ မှာ တစ်သိန်းခွဲနှုန်းနဲ့ ထောက်ပံ့မှု ပေးထားတာရှိတယ်။ တက်ဘွတ် ထုတ်လုပ်ရေး။ သင်ထောက်ကူ ဝယ်ယူရေး၊ ဒါလည်း သုံးတယ်။ ဆရာ/မ ၊ စေတနာ ဝန်ထမ်းတွေအတွက် ထောက်ပံ့ကြေးပေးတာ ရှိတယ်။ တကယ်တော့ လစာရယ်လို့ ပေးနိုင်တာတော့ မရှိပါဘူး။ စားဖို့ လောက်ပဲ ပေးနိုင်တာပေါ့” ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) သဘာပတိအဖွဲ့ဝင် Salai Isaac Khen က ပြောသည်။
ပြည်သူ့ကျောင်းများ၏ အဓိက စိန်ခေါ်မှုမှာ ရန်ပုံငွေ နှင့် လုံခြုံရေး ဖြစ်သည်။ ရန်ပုံငွေတွင် ဆရာ/မတို့ကို ထောက်ပံ့သောစရိတ်၊ ကျောင်းသူ/သားတို့အတွက် စာရေးကိရိယာများ၊ ကျောင်းသုံးစာအုပ်များကို ထောက်ပံ့ရ သည်။ လုံခြုံရေးတွင် လေယာဉ်နှင့်လာပစ်မည့် အန္တာရာယ်မှာ အစိုးရိမ်ရဆုံးဖြစ်သည်။ တချို့ကျောင်းကို စစ်ရှောင်စခန်းများတွင် ဖွင့်လှစ်သင်ကြားရသည်။
သို့သော် အခွင့်အလမ်းတစ်ရပ်အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို အခက်အခဲတွေထဲတွင် မိတ်ဆက်သင်ကြားနေပြီးဖြစ်သည်။
“ပြည်တွင်းပြည်ပမှာ ရှိတဲ့ အလှူရှင်တွေကလည်း စိတ်ဝင်စားသော သူများ၊ တတ်နိုင်သူများက ဆက်ပြီးတော့ ကူညီပေးပါ။ အားလုံးကတော့ ဝိုင်းကူပေးနေကြပါတယ်။ ပြည်သူမှာ ပြည်သူပဲရှိတယ်။ ပြည်သူကနေ ပြည်သူသို့ ကူညီတဲ့ နည်းလမ်းတွေနဲ့ပဲ ကျောင်းတွေ ရှင်သန်နိုင်ဖို့အတွက် ဆက်ပြီးတော့ ကူပေးကြပါ” ဟု Salai Isaac Khen က ပြောသည်။
ချင်လဲန်းဒေသ၏ လွတ်မြောက်နယ်မြေများတွင် ကြားကာလ ပညာသင်ကြားရေး ဆောင်ရွက်နေသော မြို့နယ်ပညာရေးဘုတ်အဖွဲ့များအပါအဝင် အဖွဲ့အစည်းအားလုံးနှင့် ဆရာ/ဆရာမ၊ ရုံးဝန်ထမ်းအားလုံးကို အသိအမှတ်ပြုကြောင်း ICNCC က ထုတ်ပြန်ထားသည်။
ဆရာမနှင်းပန်းအိမ်တို့ ကျောင်းသည် ချင်းတောင်တန်းတွေထဲ၊ ထိုကျောင်းများစွာထဲက တစ်ကျောင်းဖြစ်သည်။ စစ်ကြောင်းလာရင် စစ်ရှောင်ပြေးရင် ဆရာမနှင်းပန်းအိမ်တို့ စာသင်မပြတ်ဖို့ ကြိုးစားနေရသည်။ ဆရာမတို့ကျောင်းက လောလောဆယ် ရက်တစ်ပတ် ပိတ်ထားသည်။
“တစ်ပတ် ပိတ်ထားတယ်။ လေယာဉ်နဲ့ မိုင်းလာကျဲလို့ ကလေးတွေ စိတ်ပိုင်းဆိုင်ရာ ထိမှာစိုးလို့ပါ”
ပြီးရင် ချင်းတောင်ခြေက ထင်းရူး၊ သစ်အယ်ပင်တွေ ဝန်းရံနေသောကျောင်းမှာ တော်လှန်နေဆဲကာလတွင် စာအံသံတွေ ပြန်ကြားရပါလိမ့်မည်။