ကယား (ကရင်နီ)ပြည်နယ်တွင် ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်ထားပြီး ဖြစ်သောကြောင့် KNDF အနေဖြင့် လွတ်လပ်စွာ စစ်ရေး လှုပ်ရှားနေရခြင်းဖြစ်သည်ဟု KNDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ကရင်နီပြည်သူများမှာ စစ်ရှောင် ပြီးသား ဖြစ်သောကြောင့် KNDF အနေဖြင့် ၎င်းတို့ကို ငဲ့ညာနေစရာ မလိုပဲ လွတ်လွတ်လပ်လပ် စစ်တိုက်နေရ ခြင်း ဖြစ်သည်ဟု သိရသည်။
KNDF ပြန်ကြားရေးတာဝန်ခံ တစ်ဦးက “ကျနော်တို့ စစ်ရေးလှုပ်ရှားတဲ့ နေရာမှာ တိုက်ပွဲ ဖြစ်နေတာက အခုမှ မဟုတ်ဘူး။ ဟိုးအရင် အာဏာသိမ်းစ ကတည်းက ဖြစ်နေတာပေါ့။ စစ်ကောင်စီက စစ်ကြောင်း ထိုးလာတဲ့ အခါ မျိုးမှာဆိုရင် အဲ့ဒီရွာတွေက အရင်ကတည်းက စစ်ရှောင်ထားပြီးသားပေါ့။ ဇွန်လအတွင်း ဖြစ်ခဲ့တဲ့ တိုက် ပွဲတွေမှာ ဒေသခံတွေက စစ်ရှောင်နေရတာကြာပြီဆိုတော့ ရွာထဲမှာလည်း လူတွေက ရှိမနေဘူးပေါ့။ လူထုက လုံခြုံတဲ့ နေရာမှာ စစ်ရှောင်နေကြပြီဆိုတော့ လူထုကို တအား စဉ်းစားပေးရတာမျိုး မရှိဘူးပေါ့။ သူတို့ မရှိ တော့ လွတ်လွတ်လပ်လပ် စစ်တိုက်လို့ ရတာပေါ့” ဟု ပြောသည်။
ဇွန်လအတွင်း ကရင်နီ ပြည်နယ်ထဲက ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်တို့ အပြင် ရှမ်းပြည် နယ်တောင်ပိုင်းရှိ မိုးဗြဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ်နဲ့ KA,KNDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ များ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါ မြို့နယ်များရှိ ပြည်သူအများစုက ပြီးခဲ့သည့် ၈ လခန့် ကတည်းက ကျေးရွာအသီးသီး စစ်ရှောင်ပြီးသား ဖြစ်သောကြောင့် ဇွန်လအတွင်း စစ်ရှောင်ဦးရေမှာ တိုးလာခြင်းမျိုးလည်း မရှိဘူးဟု KNDF တာဝန်ရှိသူများက ပြောသည်။
သို့သော် အဆိုပါ ကျေးရွားများတွင် ရွာအစောင့်ပုံစံမျိုး အနီးအနားတွင် ကျန်နေခဲ့သည့် ရွာသားများ အချို့တော့ ရှိနေသေး သည်ဟု သိရသည်။
လက်ရှိအချိန်သည် မိုးရာသီ ဖြစ်သည်နှင့်အညီ ဇူလိုင်လ(ယခုလ) အတွင်း မိုးသည်းလာနိုင်သောကြောင့် KNDF ရဲဘော်များ၏ မိုးရာသီ အသုံးအဆောင်များ ဖြစ်သည့် မိုးကား၊ ဆေးပစ္စည်းနှင့် ရိက္ခာလိုအပ်ချက်များ ရှိနေသည် ဟု သိရသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ၎င်းတို့ လိုအပ်နေသည့် ပစ္စည်းများကို ကူညီပေးစေ လိုသည် ဟုလည်း KNDF တာဝန်ရှိသူများက ဆိုသည်။
KNDF အနေဖြင့် စစ်ကောင်စီတပ်နှင့် ဇွန်လအတွင်း ထိတွေ့ တိုက်ပွဲပေါင်း အကြိမ်ရေ (၃၀) ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ရေးဗိုလ်ကြီး တစ်ဦးနှင့် တပ်ကြပ်ကြီး ၂ ဦးအပါအဝင် ၂၅ ဦးကျဆုံးခဲ့သည့်အပြင် လက်နက်ငယ် ၁၃ လက်ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ပြောသည်။
ထို ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် KNDF တို့အနေဖြင့် ၎င်းတို့ဘက်တွင် ဒဏ်ရာအနည်းငယ် ရသူများသာရှိခဲ့ပြီး အကျဆုံးစာရင်း မရှိဘူးဟုလည်း ထုတ်ပြန်ထားသည်။
ဇွန်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီနှင့် KNDF သီးသန့် တိုက်ပွဲအနေဖြင့် တပ်ရင်း ၄၊ တပ်ရင်း ၁၅၊ တပ် ရင်း ၈ တို့ ပါဝင်ခဲ့ပြီး ကျန်သည့် တပ်ရင်းများမှာ အခြား မဟာမိတ်တပ်များနှင့် ပူးပေါင်းတိုက်ပွဲများ ဖြစ်ပွားခဲ့ သည်ဟု သိရသည်။
ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကြောင်း ထိုးလာချိန်များတွင် လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခြင်း၊ လူနေအိမ်များနှင့် ကျေးရွာများကို မီးရှို့ခြင်းတို့ကို ၎င်းတို့၏ လုပ်ရိုးလုပ်စဉ် ထုံးစံတစ်ခု အနေဖြင့် ဆက်လက်လုပ်ဆောင်နေသည်ဟု KNDF က ပြောဆိုထားသည်။
သို့ဖြစ်၍ ဇွန်လ တစ်လတာအတွင်း စစ်ကောင်စီတပ်များ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုနှင့် ကျေးရွာမီးရှို့ခံရ မှု ကြောင့် လူနေအိမ် ၁၂ လုံးနှင့် ဘာသာရေး အဆောက်အဦ ၂ ခုမှာ ပျက်စီးခဲ့ရသည်ဟု KNDF ၏ ထုတ်ပြန် ချက်အရ သိရသည်။