ဇွန်လ ၃၀ ရက် နံနက်ပိုင်းတွင် ထိုင်းနယ်စပ်ကို စစ်လေယာဉ်တစ်စီး ဖြတ်ကျော်လာကြောင်း သတင်းပေးပို့သည့် အတွက် ထိုင်းဘုရင့်လေတပ်မှ F-19 နှင့် F-16 လေယာဉ် နှစ်စီးနှင့် ကင်းလှည့် ပျံသန်းခဲ့ရသည်ဟု ထိုင်း ဘုရင့် လေတပ်မတော်က ထုတ်ပြန်ကြေညာသည်။
ထိုင်းဘုရင့် တပ်မတော် ပြောရေးဆိုခွင့်ရှိသူ လေတပ် ဗိုလ်ချုပ်ကြီး Prapas Sonjaidee က စစ်လေယာဉ်တစ်စီး ထိုင်းနိုင်ငံ လေပိုင်နက်အတွင်းသို့ နံနက် ၁၁း၁၆ နာရီတွင် နယ်စပ်ရှိ တိုင်းရင်းသား လူမျိုးစု တပ်ဖွဲ့များအား တိုက်ခိုက်ပြီး တာ့ခ် ခရိုင်၊ ဖုတ်ဖရမြို့နယ် အတွင်း ကျူးကျော်ဝင်ရောက်ပြီးနောက် ရေဒါမှ ပျောက်ကွယ်သွားခဲ့သည်ဟု ထုတ်ပြန်ကြေညာသည်။
အလားတူ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးကိုလည်း နယ်စပ်အနီး ရေမိုင် ၅ မိုင်ခန့်အကွာတွင် တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားစေရန် မြန်မာနိုင်ငံရှိ ထိုင်းသံရုံးမှ လေတပ် စစ်သံမှူးအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စု မြန်မာနိုင်ငံ ဌာနဆိုင်ရာများ အကြောင်းကြားပြီး နည်းလမ်းရှာဖွေ ခဲ့သည်ဟု ထိုင်းလေတပ်ကြေညာချက်တွင် ရေးသားထားသည်။
ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ ဥကရစ်ထ စခန်းကုန်းကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းတပ်များက ရက်သတ္တပတ်နီးပါး တိုက်ခိုက်လျက်ရှိရာ မြန်မာ စစ်ကောင်စီက လေတပ်အင်အား အလုံးအရင်းဖြင့် ခုခံတိုက်ခိုက်လျက် ရှိသည်။