စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ညောင်ပင်တဲကျေးရွာက အမျိုးသမီး ၃ ဦးအပါအဝင် ရွာသား ၈ ဦကိူ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ၅ ဦး အသတ်ခံလိုက်ရသည်ဟု ရွာသားများက ပြောသည်။
အဖမ်းခံရသူများအနက် အမျိုးသမီး ၃ ဦးကို ပြန်လွှတ်ပေးပြီး ကျန်အမျိုးသား ၅ ဦးကို သတ်ဖြတ် မီးရှို့သွားခြင်း ဖြစ်သည်ဟု ညောင်ပင်တဲကျေးရွာသားတစ်ဦးက ပြောသည်။
“မိန်းကလေး ၃ ဦးကတော့ ပြန်လွှတ်လိုက်တယ်ဗျာ။ ၅ ဦးကတော့ အကုန်လုံး အသတ်ခံရတယ်။ ဘယ်လို အခြေအနေလည်းဆိုတော့ အမျိုးမျိုးနှိပ်စက်ပြီးတော့ အကုန်လုံး သွေးကွက်တွေ ဘာတွေတော့ တွေ့တယ် ပေါ့ လေ။ သွေးကွက်တွေ ဘာတွေတော့ မြင်ရတယ်။
ဇွန်လ ၁၈ ရက်နေ့က ချောင်းဦးမြို့နယ် ညောင်ပင်တဲကျေးရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက်လာစဉ် ဒေသခံရွာသားများက တောထဲ ထွက်ပြေးချိန် အဆိုပါ ရွာသား ၈ ဦးမှာ အဖမ်းခံလိုက်ရပြီး ယခုကဲ့သို့ အသတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။
အသတ်ခံလိုက်ရသူများ၏ ရုပ်အလောင်းများကို ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရွာသားများက ပြန်တွေ့ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာသားတစ်ဦးက “ပြီးတော့ ၂ ဦးကိုတော့ ပြောင်းခင်းထဲမှာ ဆွဲပြီးတော့ မီးရှို့ ထားခဲ့တယ်။ ကျန်တဲ့ ၂ ဦးကိုတော့ အိမ်ထဲမှာပဲ ရှို့သွားတယ်လို့ သိရတယ်။ တစ်ဦးကတော့ သူတို့ စစ်ကြောင်း မှာ ဆွဲခေါ်သွား တရွတ်တိုက် ဆွဲခေါ်သွားပြီးတော့ နားထင်မှာ တစ်ချက်ဗိုက်မှာ တစ်ချက် သေနတ်နဲ့ ပစ်သတ် သွားတယ်” ဟု ပြောသည်။
အသတ်ခံရသူ ၅ ဦးမှာ အသက် ၄၀ ကျော် အမျိုးသားများဖြစ်ပြီး ပြန်လွှတ်လာသည့် အမျိုးသမီး ၃ ဦးထဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးတို့ ဖြစ်ကြသည်။
လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းက ညောင်ပင်တဲကျေးရွာမှ ထွက်သွားသည့်အတွက် ဒေသခံများ ကျေးရွာ ထဲကို ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီဟု ဒေသခံများက ပြောသည်။ စစ်ကောင်စီက ရွာသား ၅ ဦးကို သတ် ဖြတ်ခဲ့သည့် အပြင် အိမ်တစ်အိမ်ကိုလည်း မီးရှို့သွားသည်ဟု ဆိုသည်။
ထို့အပြင် ဇွန်လ ၁၄ ရက်နေ့တွင်လည်း စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းက ချောင်းဦးမြို့နယ် တောကျောင်း လေးကျေးရွာကို ဝင်ပြီး ရွာသားများကို ဖမ်းဆီးသွားပြီးနောက် နေအိမ် အလုံး ၁၀၀ ခန့်အား မီးရှို့ခဲ့သေးသည်ဟု ချောင်းဦးဒေသခံတစ်ဦးက ပြောသည်။
“စစ်ကြောင်းတစ်ကြောင်းလာသေးတယ်ဗျာ။ စစ်ကြောင်း တစ်ကြောင်းက တောကျောင်းလေးဆိုတဲ့ရွာကို ဝင် ပြီးတော့လေ အဲလိုပဲဗျာ။ ပြည်သူတွေကိုဖမ်းတယ်။ ဖမ်းတာကတော့ တော်တော်များများတယ်ဗျား။ ၅၀၊ ၆၀ လောက်တော့ ရှိတယ်ဗျာ။ ဖမ်းခေါ်သွားတာတော့ နေအိမ်က အိမ်ခြေက တစ်ရာလောက်တော့ ပါသွားတယ် ဗျာ။ အိမ်ခြေတစ်ရာလောက်။ အခုဟာက ရွာသားတွေက ကျနော်တို့ သိရသလောက်တော့ ရွာသား ၅ ဦး သေ နတ်တွေနဲ့ ပစ်သတ် သွားတာကော တစ်ချို့ မီးထဲထည့်သွားတာတွေရော။ လူသားဒိုင်းလုပ်ပြီးတော့ ပစ္စည်း တွေ ဘာတွေ သယ်ခိုင်း သယ်ခိုင်းပြီးတော့ မသယ်နိုင်တဲ့ သူတွေကို သတ်ဖြတ်တယ်လို့ ကျနော်တို့ သိရတယ်ဗျာ။ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေတယ်လို့ပဲ ပြောရမှာပေါ့ဗျာ။”
တောကျောင်းလေးကျေးရွာတွင်လည်း ရွာသား ၃ ဦးထက်မနည်းကို စစ်တပ်က သတ်သွားသည်ဟု ဆိုသည်။
ချောင်းဦးမြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့များအနက် တစ်မြို့ ဖြစ်သည်။
ထိုသို့ အင်တာနက် ဖြတ်တောက်ခံထားရသည့်အတွက် သတင်းရယူရန်၊ သတင်းများ ပြန်ဝေမျှရန် ခက်ခဲနေ သည်ကို အခွင့်ကောင်းယူကာ စစ်ကောင်စီတပ်က ကြိုက်သလို ဝင်ရောက်ပြီး ရွာသားများကို ဖမ်းဆီး သတ် ဖြတ်၊ ရိုက်နှက်မှုများအပြင် မီးရှို့သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်နေ သည်ဟု ဒေသခံများက ပြောသည်။