မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၆၂) လမ်းရှိ KBZ (ဘဏ်ခွဲ-၉)တွင် ဗုံးအတုဖြင့် ခြိမ်းခြောက်ကာ ကျပ်သိန်း ၄၀၀ ကျော် ကို ဓါးပြတိုက်သွားသည်ဟု သိရသည်။
ဘဏ်ဝန်ဆောင်မှု တစ်ခု ခုရယူမည့်ပုံစံဖြင့် အမျိုးသားလေးဦး ရှေ့ဆင့်နောက်ဆင့် ရောက်လာပြီး တစ်ဦးမှ ဘဏ် ဝန်ထမ်းအား သေနတ်ဖြင့်ချိန်ကာ ဘဏ်ကောင်တာသို့သွား၍ ငွေကျပ် ၄၄၉သိန်း ကို ကျောပိုးအိတ်ထဲထည့်ကာ ယူဆောင်သွားခြင်းဖြစ်သည်ဟု ဘဏ်ဝန်ထမ်းများနှင့် နီးစပ်သူ အချို့၏ ပြောပြချက်အရ သိရသည်။
နံနက်ပိုင်း ဘဏ်ဖွင့်ချိန်တွင် Kpay အကောင့် ဖွင့်ရန်ဟုဆိုကာ ဆိုင်ကယ်ဖြင့် လူ ၂ ဦး အရင် လာစောင့်နေပြီး နောက်ထပ် အမျိုးသား ၂ဦးလည်း ဆိုင်ကယ်ဖြင့် ထပ်မံရောက်ရှိလာကာ ၄ ဦးဆုံချိန်မှ ဓါးပြတိုက်ခြင်းဖြစ်သည် ဟု သိရသည်။
ငွေယူပြီးနောက် ကြွပ်ကြွပ်အိတ် အမည်းရောင်ဖြင့် ထုပ်ထားသည့် အထုပ်တစ်ထုပ်ကို ကောင်တာ စားပွဲပေါ် တင် ထားခဲ့ပြီး ရဲစခန်းကို ဖုန်းဆက်ပါက နာရီဝက်အတွင်း ဖောက်ခွဲမည်ဟု ခြိမ်းခြောက်ပြောဆိုကာ (၂၆) လမ်း အတိုင်း အရှေ့ဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်သွားခြင်း ဖြစ်သည်ဟု ဘဏ်ဝန်ထမ်းများနှင့် နီးစပ်သူများက ပြော သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး ဘဏ်ကောင်တာပေါ်မှ အထုပ်ကို လုံခြုံရေး အထပ်ထပ်ဖြင့် ရှင်းလင်းခဲ့ ရာ အထဲတွင် ကျောက်ခဲတစ်လုံးကို အနက်ရောင်ကြွပ်ကြွပ်အိတ်ထဲ ပတ်ထည့်ထားသည်ကိုသာ တွေ့ရှိရ ကြောင်း ဘဏ်အနီး နေထိုင်သူများက ပြောသည်။
“အထုပ် အမည်းကို ဟိုအဖွဲ့က ဖွင့်ဖို့လုပ်တော့ အဝေးကနေ ကြောက်ကြောက်နဲ့ ကြည့်ကြတာ ဗုံးများလားပေါ့၊ ကျောက်ခဲတုံးကြီးလို့ သိရတော့ ကျမတို့မှာ အံ့ဩလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး” ဘဏ်အနီးနေ ထိုင် သည့် ပြည်သူတစ်ဦးက ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘဏ်အနီးဝန်းကျင် အပါအဝင် လမ်းသွားလမ်းလာများအား စစ်ဆေး မေးမြန်းမှုများ လုပ်ဆောင်ခဲ့သော်လည်း တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးဟု မြို့ခံများက ဆိုသည်။
ပလပ်စတစ်အိတ် အမည်းဖြင့်ထည့်ထားသည့် ဗုံးအတုဖြင့် ဓါးမြတိုက်သွားသည့်ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင် အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ KBZ ဘဏ်ခွဲ-၉ မှ ကျပ်သိန်း ၄၀၀ ကျော် ပါသွားသည်ဟု သိရသည်။