တိမ်ထူထူအောက်တွင် ပတ်ဝန်းကျင် တစ်ခုလုံး အုပ်မှိုင်းနေသည်။ တစ်ခါတစ်ရံ မိုးဖွဲဖွဲ ရွာလေ့ရှိသော်လည်း ကိုအောင်မျိုး တစ်ယောက် အမှုမထားပဲ ကန်ရေပြင်ထက် အလေ့ကျ ပေါက်ရောက်နေသည့် ပိန်းပင်များ၏ အရိုးများကို စိတ်ရှည်လက်ရှည် ခုတ်ထွင်ကာ လှေပေါ် တင်နေသည်။
အစဉ်အမြဲ ခရီးသွား ဧည့်သည်များဖြင့် စည်ကားနေလေ့ ရှိသည့် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကမ္ဘာကျော် အင်းလေးကန်နေ ဒေသခံ အများစု ယခုတော့ ရင်ပူနေရပြီ ဖြစ်သည်။ ကိုဗစ် ကပ်ရောဂါကြောင့် တိတ်ဆိတ်ခဲ့ရသည့် အင်းလေးဒေသသည် စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော် ကာလအတွင်း အခြေအနေ ပိုမို ဆိုးရွားလာနေသည်။
“ခုနှစ်နွေက ပြည်တွင်း ဧည့်သည် နည်းနည်းလာတယ်၊ နိုင်ငံခြားသား (ကမ္ဘာလှည့် ခရီးသည်) က လုံးဝနီးပါး မလာတော့တာ ၂ နှစ်ရှိပြီ၊ နိုင်ငံခြားသားကို မှီခိုရတဲ့ လုပ်ငန်းတွေ အားလုံးကတော့ ဖုန်တက်ကုန်ပြီ၊ ငွေပန်းတိမ်ဆို ရပ်ထားရတာ ကိုဗစ် စကတည်းက ဆိုတော့ ၂ နှစ်ကျော်ပြီ” ဟု ဟဲဟာရွာမတွင် နေထိုင်သည့် ငွေပန်းတိမ်ဆရာ အယ်မျိုးအောင်က ပြောသည်။
ပင်လယ်ရေမျက်နှာပြင် အထက် ၂၉၀၀ ပေ တွင်တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄ ဒသမ ၉ စတုရန်းမိုင် ခန့်ရှိသော တောင်ပေါ်ဒေသ သဘာဝ ကန်ကြီး ဖြစ်သည့် အတွက် အင်းလေးကန်သည် ကမ္ဘာကျော် သည်သာမက ဒေသခံများ ထုတ်လုပ်သည့် ပိုးထည်များ၊ အင်းလေး ကန်အတွင်းရှိ ကြာပင်၏ အမျှင်ကို ထုတ်ယူ ယက်လုပ်သည့် အထည်များ အပြင် ရိုးရာနည်းလမ်းများဖြင့် ပြုလုပ်သည့် ငွေပန်းထိမ်ထုတ်ကုန် အလှဆင် ပစ္စည်းများသည် ကမ္ဘာကျော်လှသည်။
ယခင် ကိုဗစ် မဖြစ်ပွားမီ ကာလက ငွေတစ်ကျပ်သားလျှင် ကျပ် သောင်းနှစ်ထောင် ဝန်းကျင်သာရှိကြောင်း ကမ္ဘလှည့် ခရီးသွားများ ကြိုက်နှစ်သက်မှုများသည့် ဒီဇိုင်းထည်များကို နေအိမ်တွင်ပင် ပြုလုပ်၍ အမှတ်တရ အရောင်းဆိုင်းများသို့ ပြန်သွင်းကြောင်း လက်မှု လုပ်ငန်းဖြစ်၍ လက်ရာကောင်းပြီး အနုစိပ်ပါက လက်ခ ပိုရကြောင်း ဆိုင်များက အော်ဒါမှာပါကလည်း လက်ခပိုရကြောင်း ပျှမ်းမျှ တစ်ရက်လျှင် ကျပ်တစ်သောင်းခွဲမှ နှစ်သောင်း ဝင်ငွေ ရရှိကြောင်း ကိုမျိုးအောင် က ရှင်းပြသည်။
ရိုးရာ လက်မှု ငွေပန်းတိမ် လုပ်ငန်းကို အဓိက လုပ်ကိုင်သည့် အင်းလေးကန်တွင်းရှိ ဟဲယာရွာမကျေးရွာ အုပ်စုတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ ကျား ၂၄၉၉ ဦး၊ မ ၂၀၂၉ ဦး၊ လူဦးရေ စုစုပေါင်း ၄၅၂၈ ဦး နေထိုင်ကြောင်း အများစုမှာ ဘိုးစဉ် ဘောင်ဆက် ငွေပန်းတိမ် လုပ်ငန်းကိုသာ လုပ်ကိုင်ကြောင်း သိရသည်။
“လက်မှုလုပ်ငန်းဖြစ်တော့ အနုစိပ်ပြီး ခက်ခဲလေ လက်ခ ပိုရလေပဲ။ ကျနော်တို့က မျိုးရိုးစဉ်ဆက် ငွေပန်းတိမ် လုပ်လာတာ၊ အရင်က ဧည့်ပါးတဲ့အချိန် အလုပ်ပါးတယ် ဆိုပေမယ့် ခဏပဲဆိုတော့ အနားရတယ်ပဲ သဘောထားလိုက်တယ်၊ အခုက အလုပ်မရှိတာ ၂ နှစ်ရှိပြီ ဆိုတော့ ကြုံရာ လုပ်နေရတာပေါ့” ဟု အသက် ၄၀ အရွယ် ကိုမျိုးအောင်က ဆိုသည်။
အသက် ၁၃ နှစ်အရွယ်ကပင် မိဘများထံက ငွေပန်းတိမ် ပညာ သင်ယူခဲ့သူ ကိုမျိုးအောင်တွင် တောင်ကြီး တက္ကသိုလ် တက်ရောက်နေသော သားနှင့် သမီး ၂ ဦးရှိပြီး ဇနီး ဖြစ်သူသည်လည်း ငွေပန်းတိမ်သာ လုပ်ကိုင်ကြောင်း ယခင်က ၎င်းတို့ ဇနီးမောင်နှံ၏ လုပ်အားခဖြင့် သားသမီးနှစ်ဦးကို ကောင်းမွန်စွာ ပျိုးထောင်နိုင်ခဲ့ သော်လည်း ယခုမူ ကြုံရာ အလုပ်ဖြင့် အသက်ဆက်နေရသဖြင့် ရှေ့ရေး အတွက် ရင်ပူနေရကြောင်း ပြောပြသည်။
“မနက် စောစောထပြီး မနက်တပိုင်း ပိန်းရိုးခုတ်တယ်။ တစ်နေ့ ပိန်းခြောက် ၅ ပိဿလောက်ရအောင် မှန်းခုတ်ရတာပေါ့။ အိမ်မှာ အခြောက်ခံ ပြန်ရောင်းတော့ တစ်နေ့ တစ်သောင်းလောက်ရတယ်၊ အိမ်စားစာရိတ် ရတာပေါ့” ဟု လက်ရှိ အခြေအနေအကို ၎င်းကရှင်းပြသည်။
သားသမီး ၂ ဦး ကျောင်းမတက်မီ နွေကာလက မိသားစု ၄ ဦးစလုံး စိုက်ခင်းများတွင် အငှားလိုက်ကြောင်း တရက် နှစ်သောင်း ဝန်းကျင်ရကြောင်း ယခု မိုးကာလ ပိန်းရိုးခုတ်ရာတွင် အခွံနွှာ အခြောက်လှမ်းရသဖြင့် အသက်အရွယ် ကြီးရင့်နေသည့် မိဘနှစ်ဦးပါ ဝိုင်းကူရကြောင်း ပိန်းရိုးခြောက် တပိဿ နှစ်ထောင့် ငါးရာဝန်းကျင် ဈေးရသဖြင့် တစ်နေ့ တစ်သောင်းကျော်ရကြောင်း လက်ရှိ ဒီဇယ်ဆီဈေး တက်နေသဖြင့် ဝင်ငွေလျှော့ကြောင်း တောင်ကြီး တက္ကသိုလ်တွင် ပညာ သင်ကြားခဲ့သည့် ကိုမျိုးအောင်က ဆိုသည်။
“အခုလို ဖြစ်နေတာက ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာ၊ ရွာမှာ ပန်းတိမ်လုပ်တဲ့အိမ်က ရာချီရှိတယ်၊ အကုန်လုံး ကြုံရာလုပ်နေကြရတာ၊ ခုခေတ်က ပြည်တွင်း ဈေးကွက်မှာက ရွှေပန်းတိမ် ငွေပန်းတိမ် ဆိုတာက စက်ဖြတ်တွေပဲများတယ်၊ ကျနော်တို့လို လက်မှု သမားတွေ အတွက် လိုင်းကူးဖို့က မလွယ်ဘူး၊ လက်မှု ငွေပန်းတိမ်က နိုင်ငံခြားသားပဲ ဝယ်တာ၊ ပြည်တွင်း ဈေးကွက် မရှိဘူး” ဟု ၎င်းတို့ လက်မှု ငွေပန်းတိမ် သမားများ ကြုံတွေ့ နေရသည့် အခက်အခဲကို ရှင်းပြသည်။
လက်ရှိ ငွေဈေး ယခင်ထက် ၂ ဆတက်သဖြင့် တစ်ကျပ်သား နှစ်သောင်းလေးထောင် ဝန်းကျင်ဈေးရှိကြောင်း ငွေတစ်ကျပ်သားအား နိုင်ငံခြားသား အကြိုက် အနုစိပ် လက်ရာ အဆင်တန်ဆာ ဖန်တီး ရောင်းချပါက လက်ရာနှင့် ဒီဇိုင်းပေါ် မူတည်၍ ဒေါ်လာ ငါးဆယ်မှ ဒေါ်လာ နှစ်ရာအထိ ရနိုင်ကြောင်း သို့သော် ဧည့်လမ်းညွှန်နှင့် မော်တော်သမားကို ကော်မရှင် ပေးရသည်များရှိကြောင်း အင်းလေးကန်တွင် အမှတ်တရ ပစ္စည်းရောင်းချသည့် လုပ်ငန်းရှင် တစ်ဦးက ရှင်းပြသည်။
လက်ရှိ ကိုဗစ် ကပ်ရောဂါ အလွန်ကာလ နိုင်ငံတကာ လေကြောင်းလိုင်း အချို့ ပြန်လည် ဖွင့်လှစ်လာပြီ ဖြစ်သော်လည်း စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ပြည်တွင်း မငြိမ်သက်မှုများကြောင့် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်ဖွယ် မရှိကြောင်း အင်းလေးဒေသနှင့် ဆက်စပ်နေသည့် ဖယ်ခုံမြို့နယ် လဟယ်ရွာ၊ လွယ်မကူးတောင်ရွာ စသည့် ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ကိုမျိုးအောင်က သုံးသပ်သည်။
နိုင်ငံတဝှမ်း စစ်အာဏာရှင်ကို လက်နက်ကိုင် တိုက်ခိုက်လျှက်ရှိရာ ညောင်ရွှေမြို့နယ်တွင်လည်း အင်းသား လူငယ်များ စုစည်း၍ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(I.P.D.F) ဖွဲ့စည်း၍ အင်းလေးကန်၏ တစ်ဖက်တွင် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလည့် ခရီးသည် ၄ ဒသမ ၃၆ သန်း လာရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂,၈၁၈ ဒသမ ၇၅ သန်း ရရှိခဲ့ကြောင်း ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ကြေညာခဲ့သည့် နောက်ပိုင်း ခရီးသွားလုပ်ငန်း အားလုံးနီးပါး ရပ်တန့်ခဲ့သည့် အတွက် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသည် ကိုးသိန်းသာ ဝင်ရောက်ခဲ့ကြောင်း စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင်လည်း ခရီးသည် တစ်သိန်း သုံးသောင်းသာ ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယခုနှစ် ဧပြီ ၁၇ ရက်မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Commercial Flight များစတင် ဆင်းသက်ခဲ့ပြီး မေ ၂၀ ရက်က Tourist Visa စတင်ခွင့်ပြုခဲ့ရာ မေ ၂၄ ရက်မှစ၍ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ နိုင်ငံခြားသား ခရီးသည် ၅၅၆၁ ဦး ဝင်ရောက်ခဲ့ကြောင်း တစ်ရက်လျှင်ပျမ်းမျှ လေကြောင်းလိုင်း ၉ လိုင်း၊ လေယာဉ်ခရီးစဉ် ၂၈၂ ခေါက် ဆင်းသက်ပျံသန်းလျက်ရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သို့သော် မြန်မာပြည်သူများ၏ နေ့စဉ် လူမှုဘဝများ လုံခြုံမှု မရှိ ဖြစ်နေချိန်တွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကောင်းမွန်စွာ လည်ပတ်နိုင်ရန်မှာ ဖြစ်နိုင်ဖွယ် မရှိကြောင်း နိုင်ငံရေး ပြဿနာ မပြေလည်သရွေ့ မျှော်လင့်ချက် မရှိကြောင်း လက်ရှိ နာမည်ကျော် ဟိုတယ်များ အပါအဝင် အင်းလေးဒေသမှ ဟိုတယ် အများအပြား ရောင်းချမှုများ ရှိနေကြောင်း ဧည့်လမ်းညွှန်အဖြစ် သျှမ်းပြည်နယ် တောင်ပိုင်းတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူ ဦးသက်ဝင်းက သုံးသပ်သည်။
လက်ရှိ ခရီးသွားလုပ်ငန်း ရပ်တန့်မှုနှင့် အတူ အင်းလေးဒေသနေ လူငယ် အများစု အလုပ်အကိုင် မရှိ ဖြစ်နေကြောင်း လူငယ်များ အရက်သေစာ သောက်စားမှုနှင့် မူးယစ်ဆေး သုံးစွဲမှု မြင့်တက်နေကြောင်း ဒေသတွင်း ခိုးမှုများ များပြားလာကြောင်း ကိုမျိုးအောင်က ပြောပြသည်။
“အခြေအနေတွေ ဘယ်လောက်ပဲ ဆိုးဆိုး ကျနော်ကတော့ အင်းလေးကို စွန့်ခွာမှာ မဟုတ်ဘူး။ ဘိုးစဉ်ဘောင်ဆက် ဒီရေသောက်ပြီး ဒီရေပေါ်မှာ ကြီးလာတာ၊ ခုလို အချိန်အခါကြီးမှာ ခရီးသွားတွေ လာလည်ပါလို့လည်း ပြောမထွက်ဘူး၊ သားနဲ့ သမီး သူတို့ တခြားမှာ အလုပ်သွားလုပ်မယ် ဆိုရင်တော့ မတားတော့ဘူးပေါ့ဗျာ၊ သူတို့ ဆုံးဖြတ်ချက်ပဲ” ဟု ကိုမျိုးအောင်က လေးလေးနက်နက် ပြောသည်။
ယခင်က ဧည့်သည်များ မော်တော်ဘုတ်စီး၍ အင်းလေးကန်ကို လှည့်လည်ကြည့်ရှုကာ နာမည်ကျော် အနုပညာ လက်ရာများ ဘုရားများအား သွားရောက်သည့် စက်လှေများဖြင့် စည်ကားခဲ့သည့် အင်းရေပြင်တွင် ယခုတော့ ပိန်းရိုးခုတ်သည့် လှေငယ်များဖြင့် စည်ကားနေသော်လည်း ယခင်ကာလများကဲ့သို့ ပြုံးရွှင်နေသည့် ခရီးသွားများ မကြာမီ ပြန်လာမည်ဟုသာ ကိုမျိုးအောင် ယုံကြည်နေဆဲ ဖြစ်သည်။
(ကာယကံရှင်များ၏ လုံခြုံရေးအရ အမည်လွှဲများကို အသုံးပြုထားပါသည်)