ရေစီးရေလာကောင်းမွန်စေရန် ဖောက်လုပ်ထားသည့်မြောင်းများမှာ ရေစီးဆင်းသည့် အသွင်သဏ္ဍာန်ကို မပြတော့ပေ။ အမှိုက်သရိုက်များနှင့် ပိတ်ဆို့နေသည့်မြောင်းထဲမှရေများမှာ မဲညစ်ညစ်အရောင်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ထိုမြင်ကွင်းကို ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ရှိ ရေမြောင်းများတွင် တွေ့မြင်နေရခြင်းလည်းဖြစ်သည်။
ရခိုင်တွင်ထွန်းကားခဲ့သော ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦး ခေတ်ကြီးလေးခေတ်အနက် နောက်ဆုံးမြောက်ဦးခေတ်မှာ ရခိုင်ဘုရင်မင်းဆက်(၄၈)ဆက် ထီးနန်းစိုးစံအုပ်ချုပ်ခဲ့သည်။
ဘုရင်မင်းစောမွန်တည်ထောင်ခဲ့သည့် မြောက်ဦးမြို့မှာ သျှစ်သောင်း၊ ကိုးသောင်း၊ ထုက္ကံသိမ် စသည့် ရှေးဟောင်းပုထိုးတော်ကြီးများ၊ ရှေးခေတ်ဗိသုကာလက်ရာများအပါအဝင် နန်းတော်ရာကုန်း၊ မြို့ရိုးတံတိုင်းများ၊ ခံတပ်များ၊ ကျုံးများမှာ အထူးထင်ရှားလှသည်။
ယင်းကြောင့်ပင် မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ်(ယူနက်စကို) စာရင်းဝင်ရောက်နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက စတင်ကြိုးပမ်းလာခဲ့ကြသည်။ သို့သော် မြောက်ဦးမြို့မှာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်။
ရေစီးရေလာစနစ်နှင့် ယူနက်စကို
ယူနက်စကိုဝင်နိုင်ရေးအတွက် ရှေ့ပြေးကွင်းဆင်းလေ့လာရန်ငှားရမ်းထားသည့် အီတလီနိုင်ငံမှ ရေအရင်းအမြစ်ကျွမ်းကျင်ပညာရှင် ပါမောက္ခ Massimo Sarti သည် မြောက်ဦးဒေသ၏ ရေအသုံးချမှုဆိုင်ရာ ကိစ္စရပ်များကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်ကာ ၇ ရက်ကြာ ကွင်းဆင်းလေ့လာခဲ့သည်။
မြောက်ဦးမြို့ရှိ ချောင်းမြောင်းများတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ရေလမ်းကြောင်းပိတ်ဆို့မှုများ တွေ့ရှိရသည့်အတွက် ယူနက်စကိုဝင်နိုင်ရေးကို အခက်တွေ့နိုင်သည်ဟု အဆိုပါပါမောက္ခက အကြံပြုပြောဆိုခဲ့သည်။
ယင်းအပြင် သဘာဝဘေးအန္တရာယ်အတွက်ပါ စိုးရိမ်စရာဖြစ်သည့်အတွက် ရေစီးရေလာစနစ် ကောင်းမွန်အောင်လုပ်ဆောင်သင့်ကြောင်း ပါမောက္ခ Massimo Sarti မှ ထောက်ပြခဲ့သည်ဟု မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောပြသည်။
“ရေလမ်းကြောင်းတွေ ပိတ်ဆို့နေမှုကြောင့် မြောက်ဦးဟာ ရေကြီးနိုင်တယ်။ ရေလွှမ်းနိုင်တယ်လို့ ပြောခဲ့တယ်။ နောက်ပြီး ချောင်းတွေမှာလည်းပဲ အမှိုက်တွေနဲ့ပိတ်ဆို့နေတဲ့အတွက် ရေကြီးနိုင်တယ်လို့ဆိုပြီးတော့မှ ရေနဲ့ပတ်သက်တဲ့ တော်တော်များများကို ထောက်ပြခဲ့တယ်”ဟု ဒေါ်ခင်သန်းကဆိုသည်။
မြောက်ဦးမြို့ရှိ ရေသွင်းရေထုတ်စနစ်များကို ယခုနှစ်တွင် စတင်တူးဖော်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းက DMG သို့ပြောသည်။
ထိုသို့ရေသွင်းရေထုတ်စနစ်များကို ပြန်လည်တူးဖော်ရာတွင် မြောက်ဦးမြို့ပေါ်ရှိ ချောင်းများ၊ မြောင်းများကို ပြန်လည်တူးဖော်ရမည်ဖြစ်ကာ နေရာတိုးချဲ့ထားသူများလည်းရှိသည့်အတွက် တူးဖော်ရမည့်အချိန်ကို အတိအကျမသိနိုင်သေးဟု ၎င်းကဆိုသည်။
“တူးဖော်မယ်ဆိုရင်လည်း ရှေးဟောင်းလက်ရာတွေကို မထိခိုက်စေဖို့အတွက် စက်ယန္တယားတွေနဲ့ တူးဖော်တာတွေကိုမလုပ်ပဲ ကျွမ်းကျင်တဲ့သူတွေနဲ့ ဒီအတိုင်း ရိုးရိုးတန်းတန်းတူးဖော်သွားဖို့ စီစဉ်ထားပါတယ်။ အချို့ချောင်းတွေမှာကျတော့ ကျူးကျော်ထားတော့ ဒါကိုရေအရင်းမြစ်နဲ့တိုင်ပင်ပြီး ချောင်းဧရိယာတွေ ပြန်လည်သတ်မှတ်မှုလုပ်သွားမှာပါ”ဟု ဦးညိုမြင့်ထွန်းကပြောသည်။
ရှေးဟောင်းနယ်မြေမှ ကျုးကျော်ပြဿနာ
ရှေးဟောင်းမြောက်ဦးမြို့သည် မြို့ရိုးတံတိုင်းများ၊ ခံတပ်များ၊ ကျုံးများအပါအဝင် စစ်ရေးအတွက်အသုံးပြုသည့် အစီအမံများဖြင့် ရခိုင်ရှေးဘုရင်များ၏ မြို့တည်ဆောက်ပုံကောင်းမွန်ခဲ့သည့် ဒေသတစ်ခုဖြစ်သည်။
ယခုအချိန်တွင် မြောက်ဦးမြို့ရှိ တောင်များကိုဖြိုဖျက်ခြင်း၊ ချောင်းများအား မြေဖို့ခြင်း၊ နေအိမ်များတိုးချဲ့ ဆောက်လုပ်ခြင်း၊ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်လာမှုတို့ကြောင့် ယူနက်စကို ဝင်ရောက်နိုင်ရေးကို အဟန့်အတားဖြစ်နေသည်ဟု ရှေး/သုနှင့် ပညာရှင်များကပြောဆိုကြသည်။
မြောက်ဦးခေတ်က နိုင်ငံတကာနှင့်ကူးသန်းရောင်းဝယ်ခဲ့သည့် ဆိပ်ကမ်းများ၊ စပါးကျီများမှာ ယခုအချိန်ထိ ရှိနေသေးသော်လည်း ယင်းနေရာများတွင် ဘုန်းတော်ကြီးကျောင်းများဆောက်လုပ်လာသည့်အတွက် ယူနက်စကိုဝင်ရောက်နိုင်ရေးအတွက် စိန်ခေါ်မှုများဖြစ်လာသည်ဟု မြောက်ဦးအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောသည်။
“တောင်တွေကိုဖြိုပြီးတော့မှ ချောင်းတွေကိုမြေဖို့တယ်။ မြေဖို့တော့ တောင်လည်းပြိုသွားတယ်။ ချောင်းလည်း ပျောက်သွားတယ်။ အဲဒီနေရာတွေမှာ တိုက်ကြီးတွေဖြစ်သွားတယ်။ ကျုးကျော်မှုတွေဖြစ်လာတယ်။ ဆိုတော့ ကျမတို့ပြောခဲ့သလို ဒီနေရာမှာ ခံတပ်တို့၊ ဒီနေရာက ကျုံးတွေနဲ့လို့ ပြလို့မရတော့ဘူး”ဟု သူကဆိုသည်။
ယင်းအပြင် (၂)နှစ်တာဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့်လည်း မြောက်ဦးမြို့ရှေးဟောင်းနယ်မြေများအတွင်း ပေါ်ပေါက်လာခဲ့သည့် စစ်ဘေးဒုက္ခသည်စခန်းများကို ယူနက်စကိုဝင်ရောက်နိုင်ရေးတွင် အဟန့်အတားသဖွယ် မဖြစ်စေရန် လျော့ချသွားမည်ဖြစ်ကြောင်း ရှေး/သုဌာနမှ တာဝန်ရှိသူတို့ကပြောဆိုထားသည်။
မြောက်ဦးမြို့တွင် စစ်ဘေးဒုက္ခသည်စခန်း(၁၀)ကျော်ရှိပြီး ရှေးဟောင်းဘုရားပုထိုးများနှင့်အနီးတွင် တည်ရှိနေသဖြင့် ယူနက်စကိုဝင်ရောက်ရေးတွင် အဟန့်အတားဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
ရှေးဟောင်းမြောက်ဦးမြို့ရှိ အမွေအနှစ်များအား ထိန်းသိမ်းရန်နှင့် ယူနက်စကိုဝင်နိုင်ရေးကို အဟန့်အတား ဖြစ်စေသည့်ကျုးကျော်များကို ဥပဒေအရအရေးယူခြင်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှေး/သုဌာနမှ ပြောဆိုထားသည်။ သို့သော် ယာယီခိုလှုံနေသည့် စစ်ဘေးဒုက္ခသည်များကို အရေးယူဆောင်ရွက်ရန် မဖြစ်နိုင်သည့်အတွက် ဒုက္ခသည်စခန်းများဖြေလျော့ရန် လိုအပ်နေသည်ဟုဆိုသည်။
တဖြည်းဖြည်းတိုးလာနေသောလူဦးရေနှင့်အတူ နေအိမ်များ၊ လမ်း၊ တံတားများ၊ စာသင်ကျောင်းများ အစရှိသော အခြေခံအဆောက်အအုံများကို မြောက်ဦးမြို့တွင် တိုးချဲ့ဆောက်လုပ်လာကြသည့်အတွက် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများ တစစ ကျုးကျော်ခံလာနေရသည်။
ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၏ အခန်း(၇)၊ ပုဒ်မ (၁၈)၊(၁၉)အရ ရှေးဟောင်းဇုန်အတွင်း တိုးချဲ့ခြင်း (သို့မဟုတ်) ဆောက်လုပ်ခြင်း၊ ခြံဝင်းနယ်နမိတ် တိုးချဲ့ဆောက်လုပ်ခြင်း တို့ကိုဆောင်ရွက်ပါက ငွေဒဏ်ကျပ် ၅ သောင်းဖြစ်စေ၊ ထောင်ဒဏ် ၅ နှစ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အမိန့်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ရန်မှာ အစိုးရတွင် တာဝန်အရှိဆုံးဖြစ်သော်လည်း အစိုးရအနေဖြင့် စနစ်တကျစီမံမခန့်ခွဲနိုင်သည့်အတွက်ကြောင့် ရှေးဟောင်းနယ်မြေများတွင် ကျုးကျော်များဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု မြောက်ဦးဒေသခံ ကိုဇော်ထွန်းက ရှုမြင်သည်။
“ဒါကို အမြန်ဆုံးအစောတလျင်အဖြေမရှာဘဲ အဲလိုမျိုးဆက်ထားနေမယ်ဆိုရင် ဒီကျုးကျော်တဲ့ပြဿနာကိုလည်း ထိန်းသိမ်းလို့ရမှာမဟုတ်ဘူး။ တစတစယိုယွင်းလာတဲ့ အမွေအနှစ်တွေကိုလည်း ကာကွယ်စောင့်ရှောက်လို့ရမှာ မဟုတ်ဘူး”ဟု သူကပြောသည်။
မြောက်ဦးဒေသအား (ယူနက်စကို)ဝင်ရောက်နိုင်ရေးအတွက် အဆိုပြုလွှာ(မူကြမ်း)ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ UNESCO World Heritage Center သို့ တင်သွင်းခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် မူချောကိုတင်သွင်းရန်စီစဉ်ခဲ့သော်လည်း ကိုဗစ်ရောဂါနှင့် ဒေသမတည်ငြိမ်မှုတို့ကြောင့် ကွင်းဆင်းစစ်ဆေးမှုများ မပြုလုပ်နိုင်ခဲ့သည့်အတွက် တစ်နှစ်နောက်ဆုတ်ခဲ့ရသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့တွင်မူ အဆိုပြုလွှာ(မူချော)ကို တင်သွင်းနိုင်ခဲ့သည်။
ယူနက်စကိုသို့တင်သွင်းသည့် အဆိုပြုလွှာများတွင် မြောက်ဦးကို ကျုံး၊ မြောင်း၊ ခံတပ်တို့ဖြင့် တည်ဆောက်ထားပုံများ၊ ညီလာခံကျင်းပသည့်နေရာများ၊ ရခိုင်ဘုရင်များ ကိုးကွယ်ခဲ့သည့်ဘုရား၊ ပုထိုးစေတီများ၊ စီးပွားရေးအချက်အချာများဖြစ်သည့် သင်္ဘောကျင်း၊ စပါးကျီ၊ စပါးစေ့များ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများစသည့် ရှေးဟောင်းသမိုင်းဆိုင်ရာ အထောက်အထားများပါဝင်ကြောင်း သိရသည်။
အဆိုပြုလွှာပါအကြောင်းအရာနှင့်ပတ်သက်ပြီး လက်ရှိအခြေအနေများကို ယူနက်စကိုမှပညာရှင်များသည် ယခုနှစ်သြဂုတ်လ (သို့မဟုတ်) စက်တင်ဘာလခန့်တွင် မြောက်ဦးဒေသကို ကွင်းဆင်းစစ်ဆေးကြမည် ဖြစ်သည်။
ထိုသို့လာရောက်မစစ်ဆေးမီ ယူနက်စကိုမှ ရှေ့ပြေးကွင်းဆင်းသည့်အနေဖြင့် ဒေသခံများမသိအောင် ကွင်းဆင်းစစ်ဆေးမှုများရှိသည့်အတွက် လက်ရှိအချိန်တွင် မြောက်ဦးဒေသအား လေ့လာကြည့်ရှုပြီးသား ဖြစ်မည်ဟု ဒေါ်ခင်သန်းကခန့်မှန်းသည်။
လက်ရှိတွင် ကျုးကျော်မှုများ၊ ရေစီးရေလာမကောင်းမှုတို့သည် မြောက်ဦးဒေသ ယူနက်စကို ဝင်ရောက်နိုင်ရေးအတွက် စိန်ခေါ်မှုဖြစ်နေသော်လည်း အဆိုပြုလွှာများကို တင်သွင်းထားပြီဖြစ်သည့်အတွက် ယူနက်စကိုမှ မည်သည့်ပုံစံမျိုးဖြင့် လာရောက်စစ်ဆေးမည်ကို စိုးရိမ်ပူပင်စွာဖြင့် စောင့်ဆိုင်းနေရကြောင်း ဒေါ်ခင်သန်းကပြောသည်။
“ကျမတို့တင်သွင်းနေတဲ့အချိန်တုန်းက မြောက်ဦးမှာရှိနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေဟာ ဒီဟာတွေလို့ ပြောလို့ရတယ်။ ဒါပေမယ့် သုံးနှစ်ကာလလွန်လာလို့ ဒီနေ့အခုလာစစ်မယ့်အချိန်ကျတော့ အရင်ပြောခဲ့တဲ့ သုံးနှစ်ကာလအချိန်က အခြေအနေမျိုးလို မရှိတော့ဘူး။ တော်တော်များများပြောင်းလဲသွားတယ်”ဟု ၎င်းကဆိုသည်။
ယူနက်စကိုပညာရှင်များ လာရောက်မစစ်ဆေးမီ ၆ လအတွင်း မြောက်ဦးမြို့ရှိ ကျူးကျော်အဆောက်အအုံများကို အပြီးဖယ်ရှားသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူများထံမှသိရသည်။
မြောက်ဦးမြို့ ရှေးဟောင်းနယ်မြေအတွင်း ကျူးကျော်နေအိမ်များနှင့် အဆောက်အအုံ စုစုပေါင်း(၆၀၀)ခန့်ရှိသည့်အနက် ကျုံးပတ်ဝန်းကျင်ရှိ ကျူးများနှင့် ရေအရင်းမြစ်တည်ရှိရာ ပတ်ဝန်းကျင်ရှိ ကျူးများကို ဦးစားပေးဖယ်ရှားသွားမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင် DMG ကိုပြောသည်။
“ဒီနှစ် ၅ လ ၆ လအတွင်းမှာ အပြီးဖယ်ရှားမယ်ပေါ့။ ယူနက်စကိုပညာရှင်တွေ လာရောက်မစစ်ဆေးခင်အထိပေါ့။ ပထမဆုံးအဆင့်အနေနဲ့တော့ ကျုံးနယ်မြေအနီးက နေရာတွေကိုဖယ်ရှားမယ်။ ပြီးမှ တခြားနေရာတွေကို ဖယ်ရှားမယ်ပေါ့။ ရှေးဟောင်းအဆောက်အအုံတွေနဲ့ဘယ်နှစ်ပေကွာ အဲဒီလိုမဟုတ်ဘူး။ မြင်ကွင်းကိုထိခိုက်စေတဲ့ အရာတွေအကုန်လုံး ဖယ်ရှားမှာပါ”ဟု ၎င်းကဆိုသည်။
မြောက်ဦးမြို့တွင် သိမ်ကုန်းပေါင်၊ ငွေတောင်ပေါက်စသည့် ကျုံးစုစုပေါင်း ၄၀ ကျော်ရှိပြီး ယင်းပတ်ဝန်းကျင်ရှိ ကျူးကျော်များကို ဖယ်ရှားသွားမည်ဖြစ်သည်။ ထို့နောက် သကျမာန်အောင်၊ ရတနာ့မာန်အောင်အနီးအနားရှိ ကျူးကျော်များကို တဆင့်ချင်းဖယ်ရှားသွားမည်ဖြစ်ကြောင်းလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
ကျူးကျော်နေထိုင်သူများမှ ငွေကြေးအဆင်မပြေသူများအတွက် နစ်နာမှုမရှိရအောင် မြေနေရာအစားထိုးပေးရန် စီစဉ်ထားသည်ဟုလည်း ဦးကြည်ခင်ကဆိုသည်။
လတ်တလောတွင် မြောက်ဦးမြို့ နန်းရာကုန်းပတ်ဝန်းကျင်ရှိဆိုင်ခန်းများကိုဖယ်ရှားပေးရန် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားထားပြီး နန်းတော်ရာကုန်း ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်နေရာတို့တွင် ထမင်းဆိုင်၊ ကွမ်းယာဆိုင်၊ လဖက်ရည်ဆိုင်၊ ဆီဆိုင် စသည့်ဆိုင်ခန်း ၃၀ ကျော်ရှိသည်။
နန်းတော်ကုန်းပတ်ဝန်းကျင်ရှိ အစိုးရအဆောက်အအုံများ၊ စာသင်ကျောင်း၊ ဆေးရုံဟောင်း၊ ရှေ့/သုရုံး စသည်တို့ကိုလည်း တစ်ဆင့်ချင်းဖယ်ရှားသွားမည်ဖြစ်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
မြောက်ဦးတွင် အရေးယူဆောင်ရွက်မှုအားနည်းခဲ့ခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခဲ့ခြင်းတို့ကြောင့် ကျူးကျော်များမှာ တစ်နှစ်ထက်တစ်နှစ်ပိုများလာခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျူးကျော်ကိစ္စအား ထိရောက်စွာ ကိုင်တွယ်မှုမရှိပါက ရှေးဟောင်းနယ်မြေများ ပျောက်ကွယ်သွားနိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်က ထောက်ပြပြောဆိုသည်။
စစ်ပွဲ၏ နောက်ဆက်တွဲ
(AA)နှင့်မြန်မာစစ်တပ်တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့စဉ်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရှေးဟောင်းဘုရား၊ ပုထိုးစေတီများပျက်စီးမှုများရှိခဲ့သည်။ သို့သော် ရှေးဟောင်းအမွေအနှစ်များ မည်မျှပျက်စီး ထိခိုက်လျက်ရှိသည်ကို ယခုအချိန်ထိ စစ်တမ်းကောက်ယူမှု မလုပ်နိုင်သေးပေ။ တိုက်ပွဲများ ရပ်တန့်နေသော်လည်း မြန်မာစစ်တပ်မှ ရှေးဟောင်းသမိုင်းဝင်ဇုံများအတွင်း တပ်စခန်းများ တိုးချဲ့အခြေချ နေထိုင်ခြင်းများမှာ ယခုအချိန်ထိရှိနေဆဲဖြစ်သည်။
ယူနက်စကိုဝင်နိုင်ရေးအတွက် ကြိုးပမ်းနေချိန်တွင် နားလည်မှုဖြင့်အပစ်ခတ်ရပ်စဲထားသည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားလာလျှင် ယူနက်စကိုဝင်နိုင်ရေးအတွက် အခက်တွေ့မည်ကို စိုးရိမ်နေကြသည်။
မြောက်ဦးဒေသ ယူနက်စကိုဝင်ရောက်နိုင်ရေးအတွက် အမွေအနှစ်များကို သဘာဝဘေးအန္တရာယ် (သို့မဟုတ်) လက်နက်ကိုင်ပဋိပက္ခတို့အပါအဝင် မည်သည့်အကြောင်းနှင့်မျှ ထိခိုက်မှုမရှိအောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာမျိုးကပြောသည်။
“ဘယ်လိုမျိုးအန္တရာယ်ပဲဖြစ်ဖြစ် မရှိဖို့လိုတယ်။ သဘာဝဘေးအန္တရာယ်ဆိုရင်လည်း တက်နိုင်သလောက် တားဆီးရမယ်။ လက်နက်ကိုင်တိုက်ပွဲအန္တရာယ်ကိုလည်း တက်နိုင်သလောက် တားဆီးရမယ်။ ဘယ်လိုကြောင့်နဲ့မျှ ဒီအမွေအနှစ်ကိုမထိခိုက်အောင် တားနိုင်ဖို့၊ ထိန်းသိမ်းနိုင်ဖို့အရေးကြီးဆုံးဖြစ်တယ်” ဟု သူကပြောသည်။
ယူနက်စကို၏ အကျိုးဆက်
မြောက်ဦးဒေသ ယူနက်စကိုဝင်နိုင်ခဲ့မည်ဆိုပါက မြန်မာနိုင်ငံတွင် တတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသဖြစ်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်တွင် ပျုမြို့ဟောင်း သုံးမြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့သည် ပထမဆုံးယူနက်စကို စာရင်းဝင်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့တွင် ယဉ်ကျေးမှုအမွေအနှစ်များရှိသည့် ပုဂံဒေသကိုလည်း ယူနက်စကိုအဖွဲ့က ကမ္ဘာ့အမွေအနှစ်(ယူနက်စကို)စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့သည်။
မြောက်ဦးဒေသ ယူနက်စကိုဝင်ရောက်နိုင်ပါက တစတစယိုယွင်းလာနေသည့် ရှေးဟောင်းအမွေအနှစ်များနှင့် ယဉ်ကျေးမှုဓလေ့များကို စနစ်တကျဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်သည်။ ထိုသို့ထိန်းသိမ်းရန်အတွက် လိုအပ်သည့်ငွေကြေးနှင့် နည်းပညာအကူအညီများကိုလည်း ကမ္ဘာမှ ဝိုင်းဝန်းကူညီကြမည်ဖြစ်သည်။
ကမ္ဘာ့အမွေအနှစ်တည်ရှိသည့်ဒေသကို ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ကြမည် ဖြစ်သည့်အတွက် ပြည်သူလူထုများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပို၍ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်လာမည်ဟု ဒေါ်ခင်သန်းကပြောသည်။
“မြောက်ဦးဟာ ခရီးသွားလုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝနိုင်တဲ့ ပြည်သူလူထုအတွက် ထမင်းစားနိုင်တဲ့နေရာ တစ်နေရာဖြစ်လာလိမ့်မယ်။ နောက်တစ်ခုက ကျမတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို စနစ်တကျထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်လိမ့်မယ်လို့ ယူဆတယ်”ဟု သူကပြောသည်။
မြောက်ဦးမြို့တွင် ကြေးသွန်း၊ ပန်းပုလုပ်ငန်းလုပ်ကိုင်နေသည့် ဦးပေါက်စက မြောက်ဦးဒေသ ယူနက်စကို ဝင်ရောက်ရေးကို မျှော်လင့်နေပြီး ထိုသို့ဝင်ရောက်နိုင်ပါက ကြေးသွန်း၊ ပန်းပုလုပ်ငန်းအပါအဝင် ခရီးသွား လုပ်ငန်းများအားလုံး တိုးတက်လာမည်ဟုဆိုသည်။
“ယူနစ်စကိုသာ ဝင်သွားမယ်ဆိုရင် ကျောက်ဆစ်လုပ်ငန်းတွေအပါအဝင် ခရီးသွားလုပ်ငန်းတွေ အကုန်လုံး တိုးတက်လာမယ်လို့ထင်တယ်။ အခုက ပြည်တွင်းက မှာယူတာတွေပဲလုပ်ရတယ်။ ယူနက်စကိုသာ ဝင်သွားမယ်ဆိုရင် နိုင်ငံတကာက ဧည့်သည်တွေလာမယ်လို့မျှော်မှန်းတယ်။ အဲလိုဆိုရင် ကျနော်တို့လုပ်ငန်းတွေက ပိုပြီးတွင်တွင်ကျယ်ကျယ်နဲ့ ရောင်းရမယ်လို့ထင်တယ်”ဟု သူကပြောသည်။
မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်(ယူနက်စကို)စာရင်း ဝင်ရောက်နိုင်ရေးကို လာမည့် ၂၀၂၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင်ကျင်းပမည့် ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)က ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံးဖြတ်ပေးမည်ဖြစ်သည်။
ယူနက်စကို ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ သမိုင်းဝင်အမွေအနှစ်များကို အားလုံးဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာမျိုးကဆိုသည်။
“မြောက်ဦးအမွေအနှစ်တွေက တကယ်တန်ဖိုးရှိတယ်။ အဲဒါက ကမ္ဘာ့အမွေအနှစ်နဲ့ ထိုက်တန်တဲ့ တန်ဖိုးတွေဖြစ်တယ်။ ဒါကြောင့် ကမ္ဘာ့အမွေအနှစ် ရသည်ဖြစ်စေ၊မရသည်ဖြစ်စေ ဒီအမွေအနှစ်တွေကို ထိန်းသိမ်းရမယ့်ဝတ္တရားရှိတယ်။ အားလုံးကိုဝိုင်းပြီးတော့ ထိန်းသိမ်းဖို့လိုတယ်”ဟု သူကပြောသည်။
မင်းထွန်း-ရေးသည်