အဂမ် (ကချင်မြေ)
ကေအိုင်အိုထိန်းချုပ်ရာဒေသ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက်မှာ နှစ်ပေါင်း ၃၀ နီးပါး ကြံစိုက်ပျိုးရေးတစ်ခုကိုသာ မိသားစုလုပ်ငန်းအဖြစ် အဓိကလုပ်ဆောင်နေပြီး ထွက်သမျှကြံတွေကို တရုတ်ဈေးကွက်ကို ရောင်းချနေတဲ့ ဦးဇိထုန်းဒန်မိသားစုအဖို့ မိသားစုစားဝတ်နေရေးကို ထိခိုက်လာနိုင်တဲ့ စိန်ခေါ်မှုကြီးတစ်ခုနဲ့ စတင်ရင်ဆိုင်လာရသည်။ အကြောင်းကတော့ တရုတ် - မြန်မာနယ်စပ်တစ်လျှောက်မှာ ဦးဇိထုန်းဒန်မိသားစုစိုက်ပျိုးထားသည့် ကြံများကို တရုတ်ပြည်ထဲသို့ တင်ပို့ဖို့ အခက်အခဲဖြစ်နေတာကြောင့်ပါ။
ဧက ၅၀နီးပါးကို တရုတ်သူဌေးများထံမှ တစ်ဧကလျှင် တရုတ်ယွမ် ၁,၀၀၀ နှုံးချေးပြီး ကြံစိုက်စားနေတဲ့ ဦးဇိထုန်းဒန်မိသားစုက ကေအိုင်အိုထိန်းချုပ်ရာ(မြန်မာပြည်ဘက်)ဒေသကနေ တရုတ်(ယူနန်ပြည်နယ်)နိုင်ငံကို ကြံတင်ပို့ခြင်းလုပ်ဆောင်နေခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ် မြန်မာပြည်ဘက်က နိုင်ငံရေးမငြိမ်မသက်မှုဖြစ်လာပြီးနောက် တရုတ်အစိုးရက ကိုဗစ်ကူးစက်မှုအကြောင်းပြကာ နယ်စပ်ဂိတ်များကို ပိတ်ပင်ခဲ့သည်။ မြန်မာပြည်ဘက်က သီးနှံသစ်သီးဝလံတွေအားလုံးတင်သွင်းခွင့် ကန့်သတ်ခံထားရသည်။
လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ကစပြီး ကိုဗစ်ကူးစက်မှုကြောင့် တရုတ်နိုင်ငံက ယာယီပိတ်လိုက်တာဖြစ်ပြီး၊ နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းချက်အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၁၇) ရက်နေ့မှာ ပြန်လည်ခွင့်ပြုခဲ့ပါသည်။ စမ်းသပ်ကာလအနေနဲ့ တစ်ရက်ကို ကုန်ကားအစီးရေ ၃၀ နှုန်းဝင်ခွင့်ပြုခဲ့သော်လည်း ယခုအခါ ဂိတ်ကပြန်ပိတ်သွားပြန်သည်။
တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ကချင်ပြည်နယ်အတွင်း ဒုတိယကုန်သွယ်မှုအများဆုံးဖြစ်သည့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ပိတ်လိုက်ခြင်းက ကြံတောင်သူများအတွက်အ ရင်းလည်းမဆပ်နိုင်၊ အတိုးလည်းမပေးနိုင်ဘဲ အကြွေးပတ်ချာဝိုင်းစေသည်။
မြန်မာနိုင်ငံဘက်က တာဝန်ရှိသူများမှ နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး အကြိမ်ကြိမ် ညှိနှိုင်းခဲ့ကြပေမယ့် တရုတ်ဘက်ကလိုက်လျောမှုမရှိပါ။
“အရင်နှစ်တွေကတော့ သူတို့(တရုတ်)ဘက်က စက်ရုံကနေ တစ်ခါတည်းလာဝယ်ကြတယ်။ ဒါကြောင့်လည်း တစ်ရက်ကို ကြံကားက သုံး၊ လေးခေါက်လောက် သယ်ရခဲ့တယ်။ ဒါပေမယ့် အခုနှစ်ကျတော့အဲလိုမဟုတ်ဘူး။ ကြံကားတစ်ခါဖြတ်ဖို့အရေး လိုင်ရင်း(လွယ်ဂျယ်)ဂိတ်မှာ လာတန်းစီပြီး စောင့်နေရတယ်။ ပြီးတော့ ပိုက်ဆံကောက်ရတာကလည်း ကောက်လို့မရတဲ့အတွက် အဆင်မပြေလာတော့ဘူး။ ကျနော်တို့မိသားစု ဒီကြံကိုစစိုက်တုန်းကဆို သူတို့(တရုတ်သူဌေး)တွေက မြေညှိဖို့ ဘက်ဖိုးတွေလည်း ဌားပေးကြတယ်။ နောက်ပြီး စစိုက်ဖို့အတွက် တစ်ဧကကို တရုတ်ပိုက်ဆံ ယွမ် ၁,၀၀၀ ချေးပေးတယ်။ အခုထိလည်း ချေးပေးကြတယ်။ အဲ့ချေးထားတဲ့ ပိုက်ဆံကို ကြံပြန်ရောင်းတော့မှပေးရတယ်။ ပြန်ပေးတဲ့အခါ အတိုးက နည်းနည်းတော့ယူကြတယ်။ ဒီနှစ်တော့ ကြံတစ်ကားကို ဘယ်လောက်ပေးမလဲတော့မသိဘူး။ ပိုက်ဆံကောက်လို့မရသေးတဲ့အတွက် မပြောတက်ဘူး။ အရင်နှစ်ကတော့ တရုတ်ပိုက်ဆံ ယွမ် ၃၉၀ ကနေ ယွမ် ၄၀၀ လောက်ပေးကြတယ်။ အခုတော့ ကြံစိုက်ပျိုးတာကိုလည်း အားပြုလို့မရတော့ဘူး” ဟု ဦးဇိထုန်းဒန်က နယ်စပ်ဂိတ်ပိတ်ထားလို့ ကြုံနေရတဲ့ အခက်အခဲကို အခုလိုရှင်းပြပါသည်။
အခက်အခဲဖြစ်နေရတဲ့ ကြံစိုက်တောင်သူတွေထဲမှာ ဦးဇိထုန်းဒန်မိသားစုတစ်စုပဲ မဟုတ်ပါဘူး။ ဦးဇိထုန်းဒန်မိသားစုလို နယ်စပ်တစ်လျှောက်မှာ ကြံစိုက်ပျိုးခြင်းနဲ့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေသူ ဒုနဲ့ဒေးနဲ့ ရှိနေပါသည်။ လွယ်ဂျယ်အနီးတစ်ဝိုက်သာမက ဗန်းမော် - ရွှေကူအထိ ကြံစိုက်ပျိုးပြီး တရုတ်နိုင်ငံဘက်က စက်ရုံတွေဆီကို စာချုပ်နဲ့ရောင်းချနေကြသူများဖြစ်သည်။
တစ်နှစ်ကို တရုတ်နိုင်ငံဆီကို ကြံတန်ချိန် ၂၀၀,၀၀၀ နီးပါး တင်ပို့ရောင်းချကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးတင်ဌေးနဲ့ Bloomberg Myanmar နှင့် အင်တာဗျူးတစ်ခုတွင်ပြောထားဖူးသည်။
ကချင်ပြည်နယ်မှာ ပန်ဝါ၊ ကန်ပိုက်တည်နဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်တွေကနေ တရုတ်နိုင်ငံကို ကုန်စည်တွေ တင်ပို့နေကြသော်လည်း ပန်ဝါနယ်စပ်ဂိတ်ကနေတော့ သယံဇာတသတ္ထုတွင်းထွက်ဖြစ်တဲ့ “မြေရှားသတ္ထု”ကို ဦးစားပေးတင်ပို့နေပြီး၊ ကန်ပိုက်တည် နယ်စပ်ဂိတ်ကနေတော့ တစ်သျူးငှက်ပျောနဲ့ ဖရဲသီးကို တရုတ်အစိုးရက ဦးစားပေးတင်ပို့ခွင့် ခွင့်ပြုထားတာကို တွေ့ရသည်။
“ရောဂါအခြေအနေကြောင့်မို့ဆိုပြီး သူတို့ရဲ့တရုတ်ပြည်ထဲကို အရင်လို လွယ်လွယ်ကူကူတင်သွင်းလို့ မရဘူး။ စည်းကမ်းတင်းကျပ်တာနဲ့ စစ်ဆေးမှုတွေရှိနေတာကြောင့် ကုန်(ကြံ)ကားတစ်စီးဖြတ်သန်းသွားဖို့ အချိန်အရမ်းကြာတယ်” ဟု တရုတ် - မြန်မာ(ကေအိုင်အိုထိန်းချုပ်ရာဒေသ)နယ်စပ်မှာ ကြံစိုက်ပျိုးပြီး တရုတ်ပြည်ထဲ တင်သွင်းနေသည့် ဦးလဖိုင်ဇော်လကလည်း အခက်အခဲကို ရှင်းပြပါသည်။
ကေအိုင်အိုထိန်းချုပ်ရာဒေသ တရုတ် - မြန်မာနယ်စပ်တစ်လျှောက်မှာ အခြားစိုက်ပျိုးရေးလုပ်ငန်းများက ဖြစ်ထွန်းမှုမရှိတာကြောင့် ကြံတစ်မျိုးတည်းကိုသာ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်စားသောက်နေကြသည်။ ကိုဗစ်မတိုင်ခင် ကေအိုင်အိုထိန်းချုပ်ရာဒေသ တရုတ်နယ်စပ်တစ်လျှောက်မှာ စိုက်ပျိုးကြတဲ့ ကြံတွေကို တရုတ်နိုင်ငံထဲသို့ လွယ်ကူစွာ တင်သွင်ခွင့်ရကြသလို၊ တရုတ်ကုမ္ပဏီတွေကိုယ်တိုင်ကလည်း လာဝယ်ကြသည်။ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းဖြစ်ပြီးနောက် ကူးသန်းသွားလာမှုတွေ ခက်ခဲသွားသည့်အတွက် ကြံစိုက်တောင်သူများမှာ ဆုံးရှုံးနစ်နာမှုများနှင့် ရင်ဆိုင်လာရပါသည်။
“ဒီနှစ်စိုက်ထားတဲ့ ကြံကတော့ အကုန်လုံးမတင်ပို့နိုင်လောက်တော့ဘူး။ မိုးကျပြီဆိုရင် သယ်လို့မရတော့ဘူးလေ။ ကြံရာသီကုန်ဖို့က ရက်ပေါင်း ၅၀ လောက်တောင် မကျန်တော့ဘူးဆိုတော့ ကြံအကုန်လုံးကို မတင်ပို့နိုင်လောက်တော့ဘူး။” ဟု ဦးဇိထုန်းဒန်က ပြောသည်။
နယ်စပ်တစ်လျှောက်မှာ ကြံကို စက်တင်ဘာလ မိုးနှောင်းမြေဆီလွှာနည်းနည်းစိုစွတ်သည့်အချိန်အခါ၌ စိုက်ပျိုးကြပြီး၊ နွေရာသီကာလမှာ ရိတ်သိမ်းကာ တရုတ်ပြည်သို့ တင်ပို့ရောင်းချလာသည်မှာ ၂၀၀၅ ခုနှစ်ကတည်းက ဖြစ်သည်။
၂၀၂၁ - ၂၀၂၂ ကြံရာသီကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလကနေစပြီး ၂၀၂၂ ခုနှစ် ဧပြီလကုန်အထိ သတ်မှတ်ထားပါသည်။ ၂၀၂၀ - ၂၀၂၁ ခုနှစ် ကြံရာသီတွင် မြန်မာတစ်နိုင်ငံလုံးဒေသအလိုက် ကြံစိုက်ပျိုးမှုလျော့ခြင်း၊ သကြားထုတ်လုပ်မှုလျော့ကျခြင်း၊ ပြည်ပမှ သကြားတင်သွင်းမှု ကန့်သတ်ချက်များရှိနေတာကြောင့် ပြည်တွင်းသကြားဈေး ဆက်လက်မြင့်တက်ခဲ့သည်။
ဓာတ်ပုံ- ယော်ထန် (လိုင်ဇာ)
ယခင်ကကြံစိုက်ခင်းတစ်ဧကလျှင် တရုတ်ယွမ်ငွေ ၁၂,၀၀၀ လောက် ဝင်ငွေရရှိခဲ့ပေမယ့် တရုတ်နိုင်ငံကို ကြံတင်ပို့ရာမှာ ကြံတစ်ခါတင်ရင် တုန်ဖုန်းကားအပြာတစ်စီးကို တရုတ်ယွမ်ငွေ ၃၂၀နီးပါးကုန်ကျသည်။ ထို့အပြင်ကြံခုတ်ဖို့လူငှားရသော နေ့စားခပေးရသည်။
တရုတ်ဘက်ကနေ ကူးစက်ရောဂါကြောင့် နယ်စပ်ဂိတ်ပိတ်ထားသည့်ကိစ္စကို ကေအိုင်အို ကနေ တရုတ်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးပြီး၊ နယ်စပ်ဂိတ်တွေ အမြန်ပြန်ဖွင့်ပေးဖို့ကို ကြံစိုက်တောင်သူများ မျှော် လင့်နေကြသည်။
“ကေအိုင်အိုထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကနေ တင်သွင်းခိုင်းရင်က ကောင်းမယ်လို့ မျှော် လင့်တယ်။ ကေအိုင်အိုအစိုးရကလည်း ယူနန်အစိုးရနဲ့ဆွေးနွေးညှိနှိုင်းပေးရင်တော့၊ ဒီလိုမှ မဟုတ်ရင်တော့ နောက်နှစ်စိုက်ပျိုးဖို့အတွက်တောင် ခက်ခဲသွားနိုင်ပါတယ်” လို့ ဦးဇိထုန်းဒန်က ရှေ့နှစ်အတွက် စိုးရိမ်နေတာကို ထုတ်ပြောပြပါသည်။
နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တာနဲ့ပတ်သက်ပြီး ကေအိုင်အိုဗဟိုကော်မတီထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာအကြောင်းပြန်တာမရရှိသေးပါဘူး။ အလားတူ စစ်ကောင်စီဘက်ကလည်း လွယ်ဂျယ် နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြန်လည်ဖြေရှင်းပြောပြထားတာမျိုးလည်း မရှိပါဘူး။
၂၀၂၂ ခုနှစ်အတွင်း ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေတစ်ဆင့် ကြံတန်ချိန် ၃၇,၄၀၀ ကျော်ကို ကြံသယ်ယူပို့ဆောင်ရေးယာဥ် ၃,၈၃၁ စီးဖြင့် တင်သွင်းနိုင်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ကြံတင်ပို့မှုကိစ္စနှင့်ပက်သက်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းရှိ ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တင်သွင်းနိုင်ရေးကို နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကြံသယ်ယူပို့ဆောင်ရေးယာဥ်များအတွက် “အစိမ်းရောင်လမ်းကြောင်း”ဖွင့်လှစ်ပြီး တရုတ်နိုင်ငံဘက်သို့အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေးအတွက် လုပ်ဆောင်ခဲ့ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်” ဟု ဖော်ပြထားသည်။
ယခင် အစိုးရလက်ထက် ကုန်သွယ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၁၉ - ၂၀၂၀ အစိုးရဘက်ဂျက်ကာလအတွင်း တစ်ပြည်လုံးအတိုင်းအတာအားဖြင့် ပြည်ပသို့တင်ပို့ခဲ့သည့် သကြားတန်ချိန်က ၁၇၇,၀၄၂ တန်ရှိသည်။ ပြည်ပကနေ ပြည်တွင်းကို သကြားတင်သွင်းမှု လုပ်ငန်းအမျိုးအစား ၁၁ မျိုးခွင့်ပြုပေးခဲ့ကာ တန်ချိန် ၅၇,၆၆၅ တန် တင်သွင်းခဲ့ကြောင်းသိရသည်။
စိုက်ပျိုးရေးဦးစီးဌာန၏ သင်ရိုညွှန်းတမ်း သုတေသနအချက်အလက်တွေအရ ကြံကို မွန်၊ ကချင်၊ ပဲခူးနဲ့ ရန်ကုန်တိုင်းဒေသကြီးက နေရာအချို့မှာစိုက်ပျိုးကြသည်ဟု ဖော်ပြထားသည်။
လက်ရှိ စစ်တပ်အာဏာသိမ်းကာလ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ပွဲများ နေရာအနှံ့ဖြစ်နေပြီး ကျေးရွာလူထုတွေက အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများရှိနေသဖြင့် ကြံစိုက်တောင်သူများနှင့် ကြံစိုက်ပျိုးရေးလုပ်ငန်းအပေါ် မည်မျှထိခိုက်နေသည်ကို အတိအကျပြောရန်မဖြစ်နိုင်သော်လည်း ဗန်းမော်က ကြံစိုက်တောင်သူများအတွက်ကတော့ တရုတ်အစိုးရ၏ နယ်စပ်ဂိတ်ကုန်သွယ်ရေးကို ကန့်သတ်ထားတာကြောင့် နစ်နာဆုံးရှုံးနေကြသည်။
မြန်မာနိုင်ငံမှာ အရည်အသွေးမြင့် သန့်စင်သကြားထုတ်လုပ်နိုင်မှုကနည်းပါးသေးသည့်အတွက် ကြံစိုက်တောင်သူတွေက တရုတ်ဈေးကွက်တစ်ခုကိုသာ အဓိကအားကိုးနေရပါသည်။ လောလောဆယ်မှာတော့ ဗန်းမော်ကကြံစိုက်တောင်သူတွေအဖို့ လွယ်ဂျယ်နယ်စပ်ဂိတ်ပြန်မဖွင့်နိုင်သေးသရွေ့ ကေအိုင်အိုထိန်းချုပ်ရာ တရုတ် - မြန်မာနယ်စပ်တစ်လျှောက် ဧကသောင်းချီစိုက်ထားတဲ့ ကြံခင်းများကစွန့်ပစ်လိုက်ရတော့မယ့်ကိန်း ဆိုက်နေပါတော့သည်။
ဓာတ်ပုံ- ယော်ထန် (လိုင်ဇာ)