ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA သိမ်းယူထားတဲ့ ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာရှိ BGF တပ်စခန်းကို စစ်ကောင်စီတပ်တွေ ပြန်လည် တပ်စွဲလာတဲ့အတွက်ကြောင့် နှစ်ဖက် စစ်ရေး တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြသောင်းဆိပ် တပ်စခန်းကို ဒီဇင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဖွဲ့က အင်အား ၇၀ လောက်နဲ့ လာရောက် တပ်စွဲနေထိုင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က လာရောက် တပ်စွဲနေထိုင်နေတဲ့အတွက်ကြောင့် KNLA ဘက်ကလည်း စစ်ရေးအသင့် ပြင်ဆင်ထားတယ်လို့ KNU တပ်မဟာ (၁) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
"စကစ အဖွဲ့တွေ ပြန်ရောက်နေတာဟုတ်တယ်။ ခု ဘုန်းကြီးကျောင်းမှာ နေရာချနေနေသေးတယ်။ သူတို့ဘက်က လှုပ်ရှားလာတာနဲ့ တိုက်ပွဲတွေ ထပ်ဖြစ်မယ့် အခြေနေပါ။ သူတို့ဘက်က ဘာဆက်လုပ်လာမလဲဆိုတာ စောင့်ကြည့်နေပါတယ်။ ခုသူတို့တွေ ပြန်ရောက်လာတာက သူတို့စခန်းကို မရုပ်သိမ်းချင်လို့ ပြန်ရောက်လာတာလို့မြင်တယ်။ သူတို့ပြန်ရောက်လာတော့ ဒေသခံတွေက စိုးရိမ်နေကြတယ်''လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့အကြား တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်တဲ့အတွက်ကြောင့် ဒေသခံတွေ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ဖြစ်ပါတယ်။
ကြသောင်းဆိပ် တပ်စခန်းဟာ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်း တစ်ခု ဖြစ်ပြီး၊ စစ်ကောင်စီတပ်ဖွဲ့တွေ ရိက္ခာပို့တာနဲ့ တပ်အပြောင်းအလဲ ပုံမှန်လုပ်နေတဲ့ တပ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒီကြသောင်းဆိပ် တပ်စခန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က KNLA တပ်မဟာ(၁)၊ KNDO တပ်ရင်း(၂)နဲ့PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးထားတာ ဖြစ်ပါတယ်။
ကြာသောင်းဆိပ် တပ်စခန်း တိုက်ခိုက်သိမ်းပိုက်ပြီးနောက် BGF တပ်ရဲ့ စစ်သုံးပန်တွေကို KNLA တပ်မဟာ(၁)က ပြန်လွှတ်ပေးလိုက်တဲ့အပေါ် အောက်ခြေတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေအကြား ဝေဖန်မှုတွေ ရှိနေတာလာလည်း ဖြစ်ပါတယ်။