“ဒီဖြစ်ရပ်တွေက ဘယ်တော့မှ မေ့လို့မရတဲ့ ဖြစ်ရပ်ပါ၊ တွေးမိတိုင်း အရမ်းဝမ်းနည်းတယ်၊ ငိုမိတယ်၊ ဒီလိုအကြောင်းတွေကို ပြန်ပြီးပြောပြဖို့က ကျမအတွက် အရမ်းကိုခက်ခဲတယ်ရှင့်” လို့ ရှိုက်ငိုသံနဲ့ အမျိုးသမီး တစ်ဦးက ပြောပြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား မြေစာပင် ဖြစ်ခဲ့ရတဲ့ နမ့်မန်း ဒေသခံ အမျိုးသမီးတစ်ဦးရဲ့ ရင်ဖွင့်သံဖြစ်ပါတယ်။
နမ့်မန်းကျေးရွာဟာ ကျောက်မဲမြို့ကနေ ၁၃ မိုင်ခန့်ဝေးတဲ့ ကျောက်မဲ – မိုင်းငေါ့ လမ်းမကြီးပေါ်မှာ တည်ရှိတာပါ။ ၂၀၁၈ ဝန်းကျင်က အိမ်ခြေ (၄၀)ဝန်းကျင်သာရှိပြီး လူဦးရေ (၂၀၀)နီးပါး ရှိခဲ့ပါတယ်။
အများစုက တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြတာပါ။ လမ်းမကြီးဘေးကပ်လျက် ကျေးရွာဖြစ်တဲ့အတွက် တချို့က စားသောက်ဆိုင်တွေ ဖွင့်ပြီး စီးပွားရှာကြပါတယ်။
၂၀၂၁ ခုနှစ် မတ်လအတွင်းမှာတော့ ဆိုင်ရောင်းသူတချို့ဟာ ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီ ဖြစ်ရပ်ကတော့ စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခံရတာပါပဲ။ အဲ့ဒီနေ့ မတိုင်ခင်က အဖြစ်အပျက်တွေကို ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ နန်းဆွေက ပြန်ပြောပြပါတယ်။
“အဲ့နေ့ မတိုင်ခင်က ဆိုင်သွားဖွင့်တော့ ဆိုင်ထဲကို ဝင်မွှေခံထားရတယ်၊ အစားအသောက်တွေလည်း ယူစားထားတယ်၊ မကုန်တဲ့ အစားအသောက်တွေကို ဖွထားတာ ဆိုင်ထဲဆို ရှုပ်ပွနေတာပဲ၊ တခြားပစ္စည်းတွေလည်း ဖွထားတာ” လို့ နန်းဆွေ က ပြောပြပါတယ်။
မတ်လ ၁၄ ရက်နေ့ ည ၉ နာရီဝန်ကျင်အချိန်မှာ စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ဆိုင်ခန်း ၄ ဆိုင် မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။
အဲ့ဒီနေ့ မနက်ပိုင်းက ကျေးရွာအနီးမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ RCSS နဲ့ TNLA တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဆိုင်ရှင်တွေအပါအဝင် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
နမ့်မန်း ဒေသခံတွေဟာ လွန်ခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းကစပြီး ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် အကြိမ်ကြိမ်အခါခါ စစ်ရှောင်ထွက်ပြေးခဲ့ရပြီး ဒုက္ခမျိုးစုံ ကြုံခဲ့ရပါတယ်။
အဲဒီ တိုက်ပွဲတွေအတွင်း ဒေသခံနေအိမ် လက်နက်ထိမှန်ပျက်စီးတာတွေ ရှိခဲ့သလို ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ပါတယ်။
အဆိုးရွားဆုံးကတော့ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ဆိုင်ရှင် ဆိုင်စောင့် မရှိတဲ့ ညအချိန် စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခံလိုက်ရတာပါပဲ။
“ကျမလည်း အဲ့နားမှာပဲ အော်ငိုလိုက်တော့တာ၊ ဆိုင်တစ်ခုလုံး ဘာမှ မကျန်တော့ဘူး၊ တိုင်တောင် မကျန်တော့ဘူး၊ ကျမတို့ ဆိုင် နေရာမှာ အားလုံး ပြာပုံတွေ ဖြစ်သွားပြီ၊ ဘယ်လိုမှ မအောင့်နိုင်တော့လို့ ကျမ အကြာကြီး ထိုင်ငိုနေခဲ့တယ်” လို့ နန်းဆွေက ဝမ်းနည်းစွာနဲ့ ဆိုပါတယ်။
သူမ ဟာ အဆိုပါ ကျေးရွာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက နန့်မန်းဒေသမှာ နေထိုင်ကြီးပြင်းခဲ့တဲ့သူ ဖြစ်ပြီး မိသားစုနဲ့ အတူ စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချခဲ့တာဖြစ်ပါတယ်။
ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ထွက်ပြေးခဲ့ရတဲ့ ဒေသခံတစ်ဦးကလည်း ခုလိုပဲ ရင်ဖွင့်ပါတယ်။
“ကျနော်တို့က ၂၀၁၈ ကစပြီး စစ်ရှောင်ထွက်ပြေးရတယ်၊ အဲ့တုန်းက အားလုံး ၁၀၀ ကျော်ရှိတယ်၊ မြို့ပေါ်က ကျောင်းယွက်(ရွှေကျင်ကျောင်း)မှာ လာနေရတာ၊ တိုက်ပွဲက ညသန်းခေါင်အချိန် ဖြစ်တာ၊ အဲ့ချိန်ကို ထပြီး ပြေးရတာ၊ လက်နက်သံတွေဆို အကျယ်ကြီးပဲ” လို့ စစ်ရှောင်ထွက်ပြေးခဲ့ရသူ နမ့်မန်းဒေသခံ စိုင်းမိန်းက ပြောပြပါတယ်။
၂၀၁၈ ခုနှစ် နိုဝင်ဘာ လလယ်ပိုင်း ဖြစ်ပွားတဲ့တိုက်ပွဲက စပြီး ဒေသခံတွေဟာ မကြာခဏဆိုသလို စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲဖြစ်ပွားမှုက တဖန် ပြင်းထန်လာခဲ့ပြန်ပါတယ်။
အဲ့ဒီတိုက်ပွဲကြောင့် စိုင်းမိန်းတို့ မိသားစုအပါအဝင် အခြားဒေသခံ တချို့ဟာ နမ့်မန်းရွာနဲ့ ၂ မိုင်ဝေးတဲ့ ကျောက်မဲ – မိုင်းငေါ့ လမ်းမကြီးဘေးမှာ ယာယီတဲထိုးပြီး စစ်ရှောင်ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ်။ အခြားမြို့နယ်နဲ့ ပြည်ပကို ထွက်ခွာသွားတဲ့ ဒေသခံတွေလည်း ရှိခဲ့သလို တောင်ယာတဲတွေမှာ သွားပြီး နေရတဲ့ သူတွေလည်း ရှိခဲ့တယ်လို့ စိုင်းမိန်းက ပြောပြပါတယ်။
အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒဏ်ကြောင့် နမ့်မန်းကျေးရွာဒေသခံတွေဟာ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။
“အရင်ကတော့ မျှစ်ချိုးတယ်၊ အသီးအရွက်တွေ ခူးပြီးရောင်းတယ်၊ တောင်ယာလုပ်တယ်၊ စားသောက်ဆိုင်တွေအတွက် ထင်းရှာပြီး ရောင်းတဲ့သူလည်း ရှိတယ်၊ တချို့က ငှက်ပျောဖက်တွေ ခုတ်ပြီး ရောင်းတယ်၊ စစ်ရှောင်ရတော့ ဘာအလုပ်အကိုင်မှ အဆင်မပြေတော့ဘူး၊ နေ့တိုင်းစားသောက်ရဖို့ မလွယ်ဘူး၊ အရမ်းကို ရုန်းကန်ရတယ်” လို့ စိုင်းမိန်းက ပြောပြပါတယ်။
နမ့်မန်းရွာနဲ့ ၂ မိုင်ဝေးတဲ့ ကားလမ်းမဘေးမှာ ပြောင်းရွေ့နေထိုင်ခဲ့တာ တစ်လဝန်းကျင်အကြာမှာပဲ နေရာထပ်မံ ပြောင်းနေဖို့ ဖိအားပေးခံခဲ့ရပြန်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ သွားလာလှုပ်ရှားတဲ့ နေရာဖြစ်ပြီး တိုက်ပွဲဖြစ်လာရင် အန္တရာယ်ရှိနိုင်တဲ့အတွက် အဆိုပါဒေသခံတွေဟာ ကျောက်မဲမြို့ပေါ်ကိုသာ ပြောင်းရွေ့ခဲ့ရပါတော့တယ်။
“မြို့မှာ လာနေဖို့က ထင်သလောက် မလွယ်ဘူး၊ အိမ်ငှားနေရတာ၊ အလုပ်အကိုင်က မရှိ၊ နေ့တိုင်းစားသောက်ဖို့က လိုသေးတယ်၊ ကိုဗစ်ကိုလည်း ကြောက်ရ၊ ဒီလိုပဲ ရုန်းကန်ပြီး နေနေရတာ” လို့ စစ်ဘေးရှောင်နေရတဲ့ သက်ကြီး အမျိုးသမီးတစ်ဦးကလည်း ဆိုပါတယ်။
လက်ရှိအချိန်ထိ အဆိုပါ နမ့်မန်းကျေးရွာဒေသခံတွေဟာ ကျောက်မဲမြို့ပေါ်မှာသာ အိမ်ငှားဘဝနဲ့ ခက်ခက်ခဲခဲ နေထိုင်နေရပါတယ်။ ယခင်က လူဦးရေ ၂၀၀ နီးပါးရှိခဲ့ပေမယ့် လက်ရှိမှာတော့ အိမ်ထောင်စု ၂၀ ဝန်းကျင်နဲ့ လူဦးရေက ၁၀၀ ပင် မပြည့်တော့ပေ။
တိုက်ပွဲဒဏ်ကြောင့် လူသူကင်းမဲ့သွားတဲ့ နမ့်မန်းရွာပျက်ကြီး
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားပြီး စစ်ရှောင်ထွက်ပြေးရတဲ့ နောက်ပိုင်းမှာ တိုင်းရင်းသားအချင်းချင်း လူမျိုးရေး ခွဲခြားမှုက သိသိသာသာဖြစ်လာခဲ့တယ်လို့ ဆိုပြန်ပါတယ်။
“လက်နက်ကိုင်တပ်တွေ အင်အားတောင့်လာတော့ သူ့နယ်မြေ၊ ငါ့နယ်မြေ ဆိုပြီး ခွဲလာတော့တာ။ နယ်မြေကျူးကျော်တာတွေလည်း မလုပ်ရဲတော့ဘူး၊ အရင်က အတူသွား အတူလာတဲ့ မိတ်ဆွေတွေ၊ အသိတွေက ခု မြင်ရင်တောင် နှုတ်မဆက်ရဲတော့တဲ့ အနေအထားဖြစ်သွားပြီ” ဟု စိုင်းမိန်းက ပြောပြပါတယ်။
အခုလို သျှမ်းနဲ့ ပလောင် (တအာင်း) တိုင်းရင်းသား အချင်းချင်း ခွဲခြားမှုတွေက ယခင်ကတည်းက ရှိခဲ့ဖူးပေမယ့် ၂၀၁၈ ခုနှစ် တိုက်ပွဲဖြစ်တဲ့ နောက်ပိုင်းမှာ ပိုပြီး ခွဲခြားဆက်ဆံလာကြတယ်လို့ ဆိုပါတယ်။
ဒေသခံတွေ နမ့်မန်းကျေးရွာကို စွန့်ခွာလာခဲ့ရတာ ၁ နှစ်ဝန်းကျင် ရှိခဲ့ပါပြီ။ တချို့ကတော့ ပြည်ပမှာ သွားရောက်အလုပ် လုပ်ကိုင်နေကြပါတယ်။ နမ့်မန်း ကျေးရွာထဲမှာတော့ လူသူကင်းမဲ့နေပြီး ယိုင်နဲ့နဲ့ အိမ်တချို့သာ ကျန်ပါတော့တယ်။ ခုလို ရွာပျက်ကြီးဖြစ်သွားရတဲ့အတွက် အတိုင်းမသိကို ဝမ်းနည်းရတယ်လို့ နန်းဆွေက ရင်ဖွင့်ပါတယ်။
ဒါ့အပြင် နေရပ်ကို ပြန်နေချင်တဲ့ ဆန္ဒ ရှိနေပေမယ့် မမျှော်လင့်ရဲတဲ့ အကြောင်းအရာသာ ဖြစ်တယ်လို့ သူမ က ဆိုထားပါတယ်။
“ပြန်နေချင်တဲ့ ဆန္ဒက ရှိတော့ပေါ့၊ ငယ်ကတည်းက နေခဲ့တဲ့ နေရာလေ၊ ဒါပေမယ့် မမျှော်လင့်ရဲတော့ပါဘူး၊ တိုက်ပွဲတွေ ထပ်ဖြစ်မှာ အရမ်းကြောက်တယ်၊ နောက် ဘာတွေဆက်ဖြစ်မှာလဲ ဆိုတာ မပြောနိုင်ဘူး” လို့ နန်းဆွေက တီးတိုးပြောပြထားပါတယ်။