စစ်ကောင်စီ၏ ထုတ်ပြန်ချက်သိမ်းထားသည့် သျှမ်းလူငယ်တစ်ဦးကို စစ်ကောင်စီက ခြိမ်းခြောက်

စစ်ကောင်စီ၏ ထုတ်ပြန်ချက်သိမ်းထားသည့် သျှမ်းလူငယ်တစ်ဦးကို စစ်ကောင်စီက ခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ ထုံးဖိုစစ်ဆေးရေးဂိတ်တွင် သျှမ်းလူငယ်တစ်ဦး၏ ဖုန်းထဲ၌ သိမ်းထားသည့် စစ်ကောင်စီ၏ ထုတ်ပြန်ချက် စာတစ်စောင်ကို စစ်ဆေးတွေ့ရှိပြီးနောက် စစ်ကြောရေး ပို့မည်ဟု စစ်သားများက ခြိမ်းခြောက်ပြောဆိုကြောင်း သတင်းသိရသည်။

ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းက ဟဲဟိုးလေဆိပ်မှ တောင်ကြီးသို့ တက်လာသည့် သျှမ်းလူငယ်တစ်ယောက်သည် ထုံးဖိုစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားတို့၏ တားမြစ်စစ်ဆေးခြင်း ခံရပြီး လက်ကိုင်ဖုန်းထဲ သိမ်းထားသည့် ပြည်ထဲရေးထုတ်ပြန်ချက်တစ်စောင်ကြောင့် ၃ နာရီ ကျော်ကြာအောင် စစ်ဆေးခံရပြီး စစ်ကြောရေးပို့မည်ဟု ခြိမ်းခြောက် ပြောဆိုခံရကြောင်း သိရသည်။

“ဟဲဟိုးလေဆိပ်မှာလည်း စစ်ဆေးတာခံပြီးနောက် Taxi ငှားပြီး တောင်ကြီးကိုတက်လာတော့ ထုံးဖိုစစ်ဆေးရေး ဂိတ်မှာ ဖုန်းထဲသိမ်းထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်စာကိုတွေ့သွားတော့ ၃ နာရီ ကြာအောင်အစစ်ခံ ရတယ်၊ ဖုန်းထဲက applications တစ်ခုချင်းဆီဝင်ကြည့်တယ်၊ အိတ်ကိုလည်း အထဲအပြင် သွန်ချပြီး စစ်တယ်၊ နောက်ပြီး မေးတာအေးဆေးမဖြေရင် စစ်ကြောရေးပို့မှာလို့ ခြိမ်းခြောက်တယ်” ဟု အနီးရှိ ဖြစ်စဥ်များကို မြင်တွေ့ သည့် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သျှမ်းလူငယ်နှင့်အတူ ပါလာသည့် မြန်မာလူမျိုး နှစ်ယောက်ကိုလည်း စစ်ကြည့်ရာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပုံများ တွေ့ရှိသွားသော်လည်း ထူးထူးခြားခြား စစ်ဆေးခြင်းမရှိပဲ အပေါ်ယံသာကြည့်ပြီး ဖုန်း ပြန်ပေးကြောင်း ၎င်းက ပြောသည်။

“သူပါလာတဲ့ မြန်မာကောင်လေးနှစ်ယောက်ကို မင်းတို့ သဘောမကျလည်း ဒါမျိုးပုံတွေ ဖုန်းထဲမထားနဲ့ ပြောပြီး ဖျက်ခိုင်းတာလောက်ပဲလုပ်တာ၊ သူ့ကိုကျ မင်းတို့က ဒီနိုင်ငံသားလို့ ကိုယ့်ကိုကိုယ်ခံယူရဲလား ဆိုပြီး လူမျိုးရေး ဆန်တဲ့ မေးခွန်းတွေမေးတယ်၊ အဆိုးဆုံးကတော့ စစ်ကြောရေးပို့မယ် ပြောတာပဲ” ဟု အထက်ပါ လူငယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့သည် ၎င်း၏ မှတ်ပုံတင်ကို စစ်ဆေးပြီး သျှမ်းလူမျိုးဆိုရင် ပိုစစ်ရမည်ဟု ပြောဆိုပြီး ၎င်းတစ်ယောက်တည်းကို တူညီသော မေးခွန်းများနှင့် ရဲနှင့် စစ်သားတို့က အလှည့်ကျ မေးမြန်းစစ်ဆေးကြောင်း ၎င်းက ဆက်ပြောသည်။

“ဖုန်းရော မှတ်ပုံတင်ရော သိမ်းထားတာ၊ ဘာလူမျိုးလဲမေးပြီး သျှမ်းလို့ ဖြေတော့ သျှမ်းဆိုရင် ပိုပြီး စစ်ရမှာပေါ့ လို့ စစ်သားတစ်ယောက်က ပြောတယ်၊ သူ့ကို မေးခွန်း ၁ ခုအတွက် လူပြောင်းပြီး ထပ်ခါထပ်ခါ မေးတယ်၊ လိမ်နေလား မလိမ်ဘူးလားလည်း ပြော” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သားတို့၏ စစ်ဆေးမေးမြန်းခြင်းကို ခံနေရစဥ်တွင် ကျန်ရှိနေသည့် စစ်ကောင်စီတပ်သားတို့သည် လမ်းသွားလမ်းလာများနှင့် ကားသမားများကို ပိုက်ဆံတောင်းခြင်းများ၊ ရိုင်းစိုင်းစွာ ပြောဆိုခြင်းများလည်း ရှိနေ ကြောင်း သိရသည်။

လက်ရှိတွင် လူငယ်များအနေဖြင့် ခရီးသွားလာခြင်းအတွက် လုံခြုံမှုကင်းမဲ့သလို တိုင်းရင်းသားလူငယ်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှ ခွဲခြားဆက်ဆံမှုများရှိနေသည့်အတွက် တာဝန်ရှိသည့် သျှမ်းခေါင်းဆောင်များ တစ်ခုခုလုပ်ဆောင်သင့်ကြောင်းလည်း ၎င်းက ပြောဆိုထားသည်။

“သျှမ်းပြည်ထဲမှာ နေတဲ့ သျှမ်းလူငယ်က တခြားလူမျိုးထက် ပိုပြီး ခွဲခြားဆက်ဆံခံရတာ အသည်းနာဖို့ ကောင်း တယ်လေ၊ သျှမ်းကို ဂရုမစိုက်/အလေးမထားတာ ပေါ်လွင်တာပေါ့၊ ဒါကို သျှမ်းခေါင်းဆောင်များ သိသင့်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် လူငယ်လူရွယ်များ မတရားစွပ်စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခံရခြင်းများရှိနေသလို တိုင်းရင်းသားဒေသမှ လူငယ်များကိုလည်း အာဏာသိမ်း စစ်ကောင်စီ တပ်သားတို့မှ ခွဲခြားဆက်ဆံခြင်း ရိုင်းပြစွာပြုမူလုပ်ဆောင်ခြင်းများ တစ်နေ့ထက်တစ်နေ့ ဆိုးဝါးလာကြောင်း သိရသည်။

Most read this week

November 1, 2024
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ...
October 31, 2024
သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀)...
October 30, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို...
October 29, 2024
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီး နှင့် တာလော့ဂိတ်တို့တွင်...