‘ဝ’ဒေသ ပန်ဆန်းဂိတ်ကြီးနှင့် ဆောဖားဂိတ်၊ တာလော့ဂိတ် ကုန်ပစ္စည်းတင်သွင်းခွင့် တရုတ်စတင်ကန့်သတ်

‘ဝ’ဒေသ ပန်ဆန်းဂိတ်ကြီးနှင့် ဆောဖားဂိတ်၊ တာလော့ဂိတ် ကုန်ပစ္စည်းတင်သွင်းခွင့် တရုတ်စတင်ကန့်သတ်

မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီး နှင့် တာလော့ဂိတ်တို့တွင် တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းတင်သွင်းခွင့် စတင်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ (၂၄) ရက်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်တလျှောက် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များဖြစ်သည့် ပန်ဆန်းဂိတ်ကြီးနှင့် ဆောဖားဂိတ်တို့တွင် စားသုံးဆီ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး စသည့် ကုန်ပစ္စည်းတင်သွင်းခွင့်ကို တရုတ်နိုင်ငံဘက်မှ စတင်ကန့်သတ်လိုက်ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက အတည်ပြုသည်။

“ဂိတ်တခုပိတ်ပြီး ကျန်ဂိတ် ကန့်သတ်တာ မှန်ပါတယ်။ နမ့်တစ်မြို့နားက မန်ခါးဂိတ်ပိတ်တာ တစ်လကျော်လောက်ရှိပြီ”ဟု ဦးညီရမ်းက ယနေ့နံနက်ပိုင်းတွင် သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုသည်။

‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် မြန်မာ-တရုတ် နယ်စပ်တလျှောက်ရှိ မိုင်းမော-ပန်ဝိုင်ဂိတ်၊ ဆောဖားဂိတ်၊ ပန်ဆန်းဂိတ်ကြီးနှင့် မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ်ထားသည့် မိုင်းလား-တာလော့ဂိတ်တို့တွင် တရုတ်ဘက်မှ ကုန်ပစ္စည်း တင်သွင်းခွင့်ကို အောက်တိုဘာလ (၂၄) ရက်မှ စတင်ကန့်သတ်လိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံဘက်မှ ကန့်သတ်ပိတ်ပင်လိုက်သည့် ကုန်ပစ္စည်းများမှာ လျှပ်စစ်ပစ္စည်းများ၊ တရုတ်နိုင်ငံထုတ် မြေပုံစာအုပ်နှင့် ပိုစတာများ၊ မူးယစ်ဆေးဝါးနှင့် ဓာတုဆက်စပ်ပစ္စည်းများ၊ စစ်ဝတ်စုံကဲ့သို့ စစ်အသုံးအဆောင် ပစ္စည်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၊ ဆေးဝါးများ၊ စားသုံးဆီ၊ စက်သုံးဆီများ၊ စက်ရုံသုံး စက်ပစ္စည်းများ စသည်တို့ကို တင်ပို့ခွင့် မပြုကြောင်း ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာနမှ အောက်တိုဘာလ (၂၅) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

၎င်းနောက်တွင် ‘ဝ’ဒေသအတွင်း ကုန်ပစ္စည်းများကို ဈေးတင်မရောင်းရန်၊ ဈေးကွက်အတွင်း ကုန်ဈေးနှုန်းကစားခြင်း သို့မဟုတ် ကုန်ဈေးနှုန်း မြင့်တက်သည့် သတင်းအမှားများ ဖြန့်ဝေခြင်းတို့ ပြုလုပ်သည်ကို တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အချက်(၇) ချက်ပါ ကြေညာချက်တစ်စောင်ကို UWSA မှ အောက်တိုဘာလ (၂၅) ရက်နေ့တွင် ချက်ချင်းထုတ်ပြန်ခဲ့သည်။

“ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် စည်းကမ်းချက် ထုတ်ပြန်မှုရှိပြီး မလိုက်နာသူများနဲ့ ကောလာဟလ ဖြန့်သူများကို အရေးယူမှု ပြုလုပ်တာရှိပါတယ်”ဟု ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်ကလည်း ဟိုပန်မြို့နယ်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နမ့်တစ်မြို့ မန်ခါးနယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ ပိတ်လိုက်ခြင်းကြောင့် ပြည်သူများအတွက် စားသောက်ကုန် တင်သွင်းရန် ခက်ခဲနေပြီး ဟိုပန်၊ ပန်လုံ၊ မိုင်းမော၊ ပန်ဝိုင်နှင့် နမ့်တစ်ဒေသတို့တွင် ကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင်း သိရသည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနှင့် ‘ဝ’ခေါင်းဆောင်တို့ ဩဂုတ်လနောက်ဆုံးပတ် တွေ့ဆုံဆွေးနွေးမှုအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်၊ ကွမ်းလုံ၊ သိန္နီနှင့် လားရှိုးဒေသသို့ ဖြတ်(၅)ဖြတ် လုပ်ဆောင်ရန် ဖိအားပေးခံရပြီးနောက် UWSA ထိန်းချုပ်သည့် နယ်စပ်ဂိတ်များပါ ပိတ်ဆို့ခံရပြီး စစ်ဆေးမှု တင်းကြပ်လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားနိုင်သည့် လောက်ကိုင် ရန်လုံကျိုင်းဂိတ်၊ ချင်းရွှေဟော်ဂိတ်၊ ဝမ်တိန်-ပန်ဆိုင်းဂိတ်၊ ကျင်းစန်းကျော့ဂိတ်နှင့် မုံးကိုးဂိတ်တို့ကို “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ပြန်လည်စတင်စဉ်က တရုတ်နိုင်ငံဘက်မှ ပိတ်ထားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီနှင့် ယူနန်ပြည်နယ်အကြား တရားဝင် ကုန်သွယ်မှု ပြုလုပ်နေသည့် မူဆယ်-ရွှေလီ နယ်စပ်ဂိတ်၊ ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ နယ်စပ်ဂိတ်တို့တွင်လည်း တရုတ်ဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီ တင်သွင်းခွင့် ပိတ်လိုက်ခြင်းကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာကြောင်း ဒေသခံများက ပြောဆိုသည်။

မြန်မာ-တရုတ် နယ်စပ်တလျှောက် စစ်ကောင်စီထိန်းချုပ်နိုင်သည့် နယ်စပ်ဂိတ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်သည့် နယ်စပ်ဂိတ်စုစုပေါင်း (၇) ဂိတ် ဆက်လက်ဖွင့်လှစ်ထားသော်လည်း ပို့ကုန်သွင်းကုန် စစ်ဆေးမှု တင်းကြပ်ပြီး အခြား (၈) ဂိတ်မှာ ပိတ်ထားကြောင်း ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

December 23, 2024
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း...
December 20, 2024
မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...
December 20, 2024
သျှမ်းပြည်၊ သိန္နီမြို့ရှိ ဒေသခံတချို့ကို မူးယစ်းသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ် MNDAA က...
December 19, 2024
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက်...