ကရင်နီ ပြည်နယ်အတွင်းရှိ ပြည်သူများ စစ်ကောင်စီ ထိန်းချုပ်သည့် လေကြောင်းလိုင်းဖြင့် ခရီး မထွက်ရန် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့ ဒီဇင်ဘာလ ၃ ရက်တွင် သတိပေး ထုတ်ပြန်သည်။
အထူးသဖြင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဖြင့် ခရီးမထွက်ရန်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အဓိက စစ်ကောင်စီရဲ့ ဝင်ငွေပေါ့။ ဒုတိယ တစ်ချက်က စစ်ကောင်စီရဲ့ ရိက္ခာတွေပေါ့။ ကျွန်တော်တို့ KNDF က သူတို့လမ်းကြောင်းတွေကို ပိတ်ထားတော့ လေယာဉ်နဲ့ ရိက္ခာသယ်တာတို့၊ စစ်အင်အား တိုးတာတို့ လုပ်နေလို့ သတိပေးခြင်း ဖြစ်တယ်။ သတိပေးတာနဲ့ အညီ ရပ်တန့်မှု မရှိလာရင်တော့ လုပ်စရာရှိတာ ဆက်လုပ်သွားပါမယ်” ဟု KNDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စစ်ကောင်စီက ခရီးသည်တင် လေယာဉ်များကို အသုံးပြုနေမှုနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်လက် လုပ်ဆောင် သွားမည်ကိုမှု ၎င်းက ဖြေဆိုရန် ငြင်းဆန်သည်။
“သူတို့က အရပ်ဝတ်နဲ့ စစ်သားတွေကို ပို့တာ။ စစ်သားတွေရဲ့ အိတ်တွေထဲမှာလည်း ရိက္ခာ သယ်တာတွေ လုပ်တယ်။ ပြီးတော့ လေယာဉ်က လည်ပတ်နေတော့ စစ်ကောင်စီ ယန္တရားက လည်ပတ်နေသလို ဖြစ်နေတာပေါ့နော် ” ဟု KNDF တာဝန်ရှိသူက ပြောသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) သည် လွိုင်ကော်မြို့သို့ နေ့စဉ် ပျံသန်းပြေးဆွဲလျက် ရှိပြီး ကယား(ကရင်နီ) ပြည်သူများလည်း လိုက်ပါ စီးနင်း နေကြသည်ကို သိရကြောင်း KNDF က ထုတ်ပြန် သည်။
ထို့အတွက် MNA လေကြောင်းလိုင်းသည် အကြမ်းဖက် စစ်ကောင်စီကို ဝင်ငွေ ရစေသည့်အပြင် စစ်ရေးအရ အသုံးပြုသည့် လေကြောင်းလိုင်း ဖြစ်လာ၍ ပြည်သူများ လိုက်ပါစီးနင်းခြင်း မပြုရန် သတိ ပေးလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော်အာဏာကို လက်နက်အားကိုး အကြမ်းဖက် သိမ်းယူလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ နိုင်ငံ့ ဘဏ္ဍာငွေနှင့် ဘဏ္ဍာငွေဝင်သည့် အရင်းအမြစ်များ ဖြစ်သော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ အားလုံးကို အကြမ်းဖက်စစ်အုပ်စုက ထိန်းချုပ်ထားကြောင်းလည်း KNDF ၏ ယနေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီသည် ယင်းစီးပွားရေး လုပ်ငန်းများမှ ရရှိသော ငွေများကို အသုံးပြု၍ စစ်ဗျူရိုကရက် ယန္တရားကို လည်ပတ်စေပြီး ပြည်သူလူထုကို ဖိနှိပ်ခြင်းနှင့် တော်လှန်ရေး အင်အားစုများကို တိုက်ခိုက် ဖြိုခွင်းခြင်းများကို လုပ်ဆောင်လျက် ရှိသည်ဟုလည်း ဆိုထားသည်။
လွိုင်ကော်လေဆိပ်၌ အကြမ်းဖက် စစ်ကောင်စီ၏ စစ်လေယာဉ်များလည်း ဆင်းသက်လျက်ရှိရာ ပြည်သူလူထု အနေဖြင့် လုံခြုံရေး အသိရှိရန်နှင့် လေကြောင်းဖြင့် ခရီးမထွက်ရန် အထူး တိုက်တွန်း ကြောင်း KNDF က ဆိုထားသည်။