နိုင်ငံပိုင်သတင်းစာတွင် အမွေပြတ်စွန့်လွှတ်ကြောင်းကြေညာရခြင်းသည် မိသားစုပြဿနာဖြစ်သဖြင့် စစ်ကောင် စီက ဝင်ရောက်စွက်ဖက်ရမည့် ကိစ္စမဟုတ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ရှေ့နေအချို့က ပြော သည်။
စစ်ကောင်စီက နိုဝင်ဘာလ ၂၆ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာများတွင် အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာချက်များသည် တရားမဝင်ကြောင်း ပြောဆိုခဲ့မှုအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ဥပဒေပညာရှင်အချို့ က ထောက်ပြပြောဆိုခြင်း ဖြစ်သည်။
“ဒါကမိသားစုကိစ္စ။ နိုင်ငံတော်နဲ့လည်း မဆိုင်ဘူး။ အစိုးရနဲ့လည်း မဆိုင်ဘူး။ စစ်တပ်နဲ့လည်း မဆိုင်ဘူး။ အဲ့ဒါ ကို ဝင်စွက်တယ်ဆိုကတည်းက သူတို့ဟာမပြည့်စုံဘူး။ အစိုးရလည်းမဖြစ်သင့်ဘူး။ အာဏာပိုင်လည်း မဖြစ် သင့်ဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံပိုင် သတင်းစာတွင် နေ့စဉ်နှင့်အမျှ သားသမီးအဖြစ်မှ အမွေပြတ်စွန့် လွတ်ကြောင်း ကြေညာမှုများ ဆက်တိုက် ရှိလာခဲ့သည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့ပစ်မှတ်ထားအလိုရှိသူများကို လာရောက် ဖမ်းဆီးရာတွင် အဆိုပါ လူအား မတွေ့ပါ က မိသားစုဝင်များကို ဖမ်းဆီးခြင်း၊ နေအိမ်ချိပ်ပိတ်ခြင်းများစသည်တို့ကို လုပ်ဆောင်နေသည်။
ထိုလုပ်ရပ်များသည် ဥပဒေဘောင်ကိုကျော်လွန် လုပ်ဆောင်နေခြင်းများဖြစ်သည်ဟု တရားလွှတ်တော် ရှေ့နေ တစ်ဦးက သုံးသပ်သည်။
“ရာဇဝတ်ကျင့်ထုံးဥပဒေအရ ပြစ်မှုတစ်ခုကိုကျူးလွန်လို့ တိုင်ကြား ခံရတယ်ဆိုရင် သူ့ကိုပဲဖမ်းဆီး စစ်ဆေး ပိုင် ခွင့်ရှိပါတယ်။ အဲ့ဒီလူကို မမိလို့ သူ့မိသားစုဝင်တွေကို ဖမ်းတယ်ဆိုတာ ရာဇဝတ်ကျင့်ထုံး ဥပဒေမှာလည်း မရှိ သလို ရဲလက်စွဲမှာလည်းမရှိပါဘူး” ဟု ပြောသည်။
ဥပဒေကြောင်းအရ ယခုကဲ့သို့ ကြေညာလိုက်ရုံဖြင့် အမွေဆက်ခံခွင့်ဆုံးရှုံးသွားခြင်းမဟုတ်ဘဲ အမွေပြတ် စွန့် လွတ်ကြောင်း တရားရုံးနှင့် တရားသူကြီးရှေ့မှောက်တွင် တရားစီရင်အမိန့်ချပြီးမှသာ အမွေဆက်ခံခွင့် လုံးဝ ဆုံး ရှုံးသွားခြင်း ဖြစ်သည်ဟုလည်း ရှေ့နေတစ်ယောက် က ပြောသည်။
“အမွေပြတ်စွန့်မယ်ဆို တရားရုံးကိုအရင်လျှောက်ထားပြီး တရားရုံးက အမွေဆက်ခံပိုင်ခွင့် မရှိကြောင်းအမိန့် ရမှ အဲ့ဒီအမွေကတရားဝင် ပြတ်သွားတာ။ အဲ့ဒီလိုလျှောက်ထားခြင်းမရှိဘဲနဲ့ နိုင်ငံပိုင်သတင်း စာတွေက ဒီအမွေ ပြတ်ကြေညာခြင်းကိုလက်ခံနေတာသည်ပင်လျှင် ဥပဒေနဲ့အညီမဟုတ်ဘူး။”
အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာထားသော်လည်း NUG၊ CRPH စသည့်အဖွဲ့များကို ထောက်ပံ့အားပေးခြင်း များ ပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဖြစ်သည်ဟု စစ်ကောင်စီကဆိုသည်။