မွန်တော်လှန်ရေးတပ်များ ပူးပေါင်းပြီး ပွင့်လင်းရာသီတွင် တိုက်ပွဲအရှိန်မြှင့်မည်

မွန်တော်လှန်ရေးတပ်များ ပူးပေါင်းပြီး ပွင့်လင်းရာသီတွင် တိုက်ပွဲအရှိန်မြှင့်မည်

စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြသည့် မွန်တော်လှန်ရေးတပ်ဖွဲ့များအားလုံး ပူးပေါင်းပြီး ပွင့်လင်းရာသီတွင် တိုက်ပွဲအရှိန်မြှင့်တင်သွားမည်ဟု မွန်တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတို့ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA နှင့် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အပါအဝင် မွန်တော်လှန်ရေးတပ်ဖွဲ့ ၆ ဖွဲ့ထက်မနည်း ပေါ်ပေါက်လာခဲ့သည်။

လက်ရှိတွင် အင်အားကြီး မွန်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် NMSP-AD၊ MSRF၊ MSDF နှင့် MLA တို့က စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေသလို မွန်တော်လှန်ရေးတပ်အားလုံးကနေ တပ်ပေါင်းစုတစ်ခုအသွင် ဖြစ်ပေါ်လာရေးကိုလည်း ကြိုးပမ်းလျက်ရှိသည်။

မွန်တော်လှန်ရေးတပ်များအားလုံး ပူးပေါင်းပြီး မဟာဗျူဟာကျသည့် တပ်ပေါင်းစုတစ်ခု တည်ဆောက်နိုင်မှသာလျှင် မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်နိုင်မည်ဟု မွန်တော်လှန်ရေးတပ်ဖွဲ့တို့က ယုံကြည်နေကြသည်။

မွန်ပြည်နယ်အပါအဝင် မွန်တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားရာ ကရင်နှင့် တနင်္သာရီတိုင်းတို့တွင် ပွင့်လင်းရာသီ၌ စုပေါင်းမှုအားကောင်းလာသည့် မွန်တော်လှန်ရေးတပ်ဖွဲ့တို့က ပိုမိုပြင်းထန်သည့် တိုက်ပွဲများ ဖော်ဆောင်နိုင်ရန် ပြင်ဆင်နေသည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

“ဒီလာမဲ့ ပွင့်လင်းရာသီမှာ တိုက်ပွဲအရှိန် မြှင့်တင်နိုင်ဖို့အတွက် မွန်လက်နက်ကိုင်တွေအားလုံး ပေါင်းစည်းပြီး အတူတကွ တိုက်ပွဲဝင်သွားဖို့ကို ကျနော်တို့ ဆွေးနွေးညှိနှိုင်းလာနေတာ ဖြစ်တယ်။ အဓိကကတော့ ဗျူဟာမြောက်၊ မဟာဗျူဟာကျတဲ့ တိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့အတွက်ပါ။ တိုက်ပွဲတွေကို တစ်ခါပဲတိုက်တယ်။ ဒရုန်းတွေနဲ့ လက်နက်ကြီးတွေနဲ့ပဲ ပစ်ချနေတဲ့အဆင့်လောက်ပဲ ဆိုရင် သိပ်အားမရပါဘူး။ အဲထက်ပိုကောင်းတဲ့ ဗျူဟာမြောက်တဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ ပူးပေါင်းမှုတွေ ပြင်ဆင်ထားမှုတွေ လိုအပ်တယ်။ ကျနော်တို့ကတော့ ပြင်ဆင်နေပါတယ်။ ဒီပူးပေါင်းမှုတွေ ပေါင်းစည်းမှုတွေ အရှိန်ကောင်းလာပြီဖြစ်တဲ့အတွက် ဒီလာမဲ့ ပွင့်လင်းရာသီမှာ ယခင်နှစ်တွေထက် တိုက်ပွဲဖော်ဆောင်သွားဖို့ ရှိတယ်။ ကျနော်တို့ကလည်း ယခင်အခြေအနေတွေထက် အင်အားကောင်းလာနေပါတယ်။ အရင်နှစ်တွေနဲ့ အဆပေါင်းများစွာ အရှိန်မြင့်လာဖို့ ရှိတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားတာနဲ့ မွန်တော်လှန်ရေးအဖွဲ့ တွေနဲ့အတူ ပူးပေါင်းလှုပ်ရှားမဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကလည်း အဆင်သင့် စောင့်နေကြပါတယ်” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း မွန်တော်လှန်ရေးအင်အားစုများ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပူးပေါင်းသည့် စစ်ရေးလှုပ်ရှားမှုလည်း တစ်စထက်တစ်စ ကျယ်ပြန့်လာခဲ့သည်။

တစ်ဖက်တွင် တော်လှန်ရေးတပ်ဖွဲ့တို့၏ ထိုးစစ်ကို ခုခံနိုင်ရန် စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာ၊ စစ်ကြောင်းထိုးတာကို ဆက်တိုက် ပြုလုပ်လာခဲ့သည်။

စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ဒေသအချို့တွင် တိုက်ပွဲပြင်းထန်နေသည်လည်း ရှိသည်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက “စစ်ကြောင်းထိုးလာတဲ့နေရာဒေသတွေကို တော်လှန်ရေးအဖွဲ့တွေကလည်း သွားရောက်တိုက်ခိုက်မှာ ဖြစ်တဲ့အတွက် ဒီမွန်ပြည်နယ်မှာတော့ နည်းနည်းထိခိုက်ပျက်စီးမှုတွေ ရှိလာနိုင်တယ်။ ဒါတွေကို နက်ဖြန်၊ တဘက်ခါဆိုရင် ဖြစ်လာမယ်လို့ ပြောတာမဟုတ်ဘူး။ ဖြစ်လာဖို့ရှိတယ်လို့ ဆိုလိုတာပါ။ ရန်ကုန်-မော်လမြိုင် ကားလမ်းတစ်လျှောက်ရော၊ မော်လမြိုင်-ရေး ကားလမ်းတစ်လျှောက်ရောနဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားတဲ့နေရာဒေသတွေမှာရှိတဲ့ ဒေသခံပြည်သူတွေက စစ်ဒဏ်ခံရနိုင်ဖွယ်ရှိတယ်။ ဒါတွေကိုလည်း နိုင်ငံတကာ စစ်ဘေးအကူအညီပေးနေတဲ့အဖွဲ့တွေကို တင်ပြဆွေးနွေးထားတာရှိတယ်” ဟု ပြောသည်။

လတ်တလောတွင်လည်း သထုံခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောင်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားနေသည်။

တိုက်ပွဲအရှိန်မြင့်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ရှိသည့်နေရာ၊ တပ်စခန်း၊ ကင်းစခန်းနှင့် အနီးနား နေထိုင်ခြင်းကို ရှောင်ရှားကြရန်၊ စစ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် တော်လှန်ရေးတပ်ဖွဲ့တို့က သတိပေးတိုက်တွန်းထားသည်လည်း ရှိသည်။

January 24, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဆောက်လုပ်ရေးပစ္စည်း ဈေးကွက်အတွင်း ဘိလပ်မြေတစ်အိတ်လျှင် ကျပ် ၃၀,၀၀၀...
January 23, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဆည်မြောင်ဦးစီးဌာနမှ ရေမပေးသည့်အတွက် ဘီးလင်းမြို့နယ် အနောက်ပိုင်းရှိ...
January 22, 2025
မွန်ပြည်နယ်၊ ရေးတောင်ပိုင်းဒေသနှင့် မွန်ပြည်ပါတီ ထိန်းချုပ်နယ်မြေဒေသတို့တွင် စစ်ကောင်စီတပ်က...
January 21, 2025
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ဆက်သွယ်သွားလာနိုင်သည့် သံဖြူဇရပ် - ဘုရားသုံးဆူ...