တရုတ် ငှက်ပျောကား များလာမှုကြောင့် ဒေသခံကားသမားတွေ အလုပ်အကိုင် ရှားပါးမှုဖြစ်လာ

တရုတ် ငှက်ပျောကား များလာမှုကြောင့် ဒေသခံကားသမားတွေ အလုပ်အကိုင် ရှားပါးမှုဖြစ်လာ

ဝိုင်းမော်မြို့နယ် နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ငှက်ပျောကားတွေ ဝိုင်းမော်မြို့အနီးအထိ ဝင်ရောက်နေရာယူလာတဲ့အတွက် ဒေသခံငှက်ပျောကားတွေ အလုပ်အကိုင် ရှားပါးလာတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များ တရုတ်နယ်စပ် ကန်ပိုင်တီမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် ဝိုင်းမော်မြို့ ငှက်ပျောခင်းတွေမှာ တရုတ်နိုင်ငံက ငှက်ပျောတင်ကား အများအပြား ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အရင်က ငှက်ပျောကားပြေးဆွဲနေတဲ့ ဒေသခံကားသမားတွေ အလုပ်အကိုင် ရှားပါးလာတယ်လို့ သိရပါတယ်။

ဒေသခံ ကားသမားတစ်ဦးက“တရုတ်ကားတွေ အကုန်လုံးကို ပိတ်ပင်ဖို့ထိတောင် မမျှော်လင့်ပါဘူး။ ကျွန်တော်တို့ မျှော်လင့်တာက KIA ဘဲဖြစ်ဖြစ် သီးနှံတွေနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေဖြစ်ဖြစ် ဆိုက်တစ်ခုခုမှာ ကားလိုနေရင် မြန်မာဘက်က ကား ၃ စီး တရုတ်ကား ၂ စီး၊ ဒီလိုဖြစ်ဖြစ် မျှပြီး စီစဉ်ပြီး လုပ်ပေးဖို့ဘဲ တောင်းဆိုချင်ပါတယ်” လို့ ဆိုပါတယ်။

ဒါအပြင် ငှက်ပျော် ကုမ္မဏီဘက်တွေဘက်က မြန်မာငှက်ပျော်ကားတွေကို ဝိုင်းမော်မြို့ကနေ ကန်ပိုင်တီနယ်စပ်အထိ သယ်ယူပို့ဆောင်ခ တရုတ်ယွမ် ၈ ထောင် ပေးပေမယ့်လည်း ကန်ပိုင်တီရောက်တဲ့အခါ တရုတ်ပြည်ဝင်ခွင့် မရှိတဲ့အတွက် ရှန်တိန်ကြေး (အငှားကားမောင်းခ) ယွမ် ၆၀၀ (ကျပ် ၃ သိန်းဝန်းကျင်) ပြန်လည်ပေးဆောင်ရတာကြောင့် ကားခရတာချင်းအတူတူ မြန်မာကားသမားတွေအတွက် အမြတ်ငွေ ပိုနည်းနေတယ်လို့ ဆိုပါတယ်။

သီးနှံလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူပြောပြချက်အရ ပြီးခဲ့တဲ့လတွေတုန်းက မြစ်ကြီးနား–မန္တလေးလမ်း ပိတ်နေတဲ့ကာလတွေမှာ ငှက်ပျော်သယ်မယ့်ကားတွေ ရောက်လာဖို့ ခဲယဉ်းတဲ့အတွက် ယာဉ်မလုံလောက်မှုဖြစ်ပြီး တရုတ်ငှက်ပျောကားတွေကို ခေါ်သွင်းရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် တချို့ကားသမားတွေအနေနဲ့ သတ်မှတ်ထားတဲ့အချိန်ထက် နောက်ကျရောက်လာတဲ့အတွက် ငှက်ပျောသီးတွေ အချိန်လွန်ပြီး စားလို့မသင့်တော်တော့တာမျိုးတွေအပြင်၊ ဆီနဲ့ ကားဘီးခိုးရောင်းတဲ့ ကိစ္စမျိုးတွေကြောင့် ငှက်ပျောလုပ်ငန်းရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲလာတယ်လို့ ရပါတယ်။

ဒါကြောင့် ငှက်ပျောကုမ္မဏီတွေနဲ့ သီးနှံလုပ်ငန်းရှင်တွေ စာချုပ်ချုပ်ပြီး သီးနှံလုပ်ငန်းရှင်များအသင်းက တရုတ်ကားတွေကို အသုံးပြုလာတာလို့ သိရပါတယ်။

“ကျွန်တော်တို့ဘက်ကတော့ ဒေသခံကားသမားတွေကို ခေါ်ပါတယ်။ အလုပ်တွေလည်း ချိတ်ပေးတယ်။ ကိုယ့်ဆိုက်မှာ မရှိလို့ရှိရင် သူများဆိုက်မှာ ပြန်အလုပ်ချိတ်ပေးတယ်” လို့ ပြည်နယ်သီးနှံလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယခင်နှစ်တွေတုန်းက ဒေသခံ ငှက်ပျောကားတွေအနေနဲ့  ဝိုင်းမော်မြို့ကနေ ကန်ပိုင်မြို့ကို တစ်နှစ်ကို အခေါက် ၃၀ ဝန်းကျင် ငှက်ပျောသီး ပုံမှန်သယ်ယူပို့ဆောင်နိုင်ကြတာဖြစ်ပေမယ့် လက်နက်ကိုင်တပ်တွေရဲ့ ဂိတ်ပေါင်းစုံ ဖြတ်သန်းရတဲ့အတွက် အသွား/အပြန် လမ်းခရီး ၁ ပတ်ကနေ ၁၀ ရက်လောက်အထိကြာမြင့်ပြီး လမ်းစရိတ်အနေနဲ့လည်း ပျှမ်းမျှအားဖြင့် ကျပ်သိန်း ၃၀ ဝန်းကျင် ကျတယ်လို့ သိရပါတယ်။

၂၀၂၄ နိုဝင်ဘာ ၂၀ ရက်နေ့ KIA ပူးပေါင်းတပ်များ ကန်ပိုင်တီမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီဂိတ်နဲ့ ပြည်သူ့စစ်ဂိတ်တွေ မရှိတော့တဲ့အတွက် လမ်းခရီးကလည်း ၃ ရက်လောက်သာ ကြာမြင့်တော့သလို လမ်းစရိတ်ကလည်း ကျပ် ၃၀ ဝန်းကျင်လောက်ကနေ ၈ သိန်းဝန်းကျင်ထိ လျော့ကျလာတယ်လို့ သိရပါတယ်။

လမ်းစရိတ် သက်သာလာပေမယ့် ဒေသခံကားသမားတွေအတွက် သူတို့လုပ်ကိုင်နေတဲ့ အလုပ်ဆိုက်တွေမှာ တရုတ်ငှက်ပျောကားတွေ နေရာယူသွားကြတဲ့အတွက် အလုပ်အကိုင်ရှားပါးမှု ပြဿနာကို ကြုံတွေ့နေကြတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး KIA ဒေသတာဝန်ရှိသူတွေကို မေးမြန်းကြည့်ရာ ၎င်းတို့အနေနဲ့ တရုတ်လုပ်ငန်းရှင်တွေကို တရုတ်ကားသမားတွေကိုဘဲ အသုံးပြုတာမျိုးမဟုတ်ဘဲ မြန်မာကားတွေကိုလည်း ဦးစားပေးအသုံးပြုဖို့ ပြောဆိုခဲ့ပေမယ့် တရုတ်လုပ်ငန်းရှင်တွေက ကားမလုံလောက်တဲ့အတွက် အခုလို လုပ်ရတာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

Most read this week

KIA နဲ့ TNLA နယ်မြေအငြင်းပွားမှု ပြဿနာဖြစ်နေတဲ့ မြင်ကွင်း။
January 28, 2025
ရှမ်းမြောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...
January 24, 2025
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မိုးမောက်မြို့သိမ်းတိုက်ပွဲမှာ KIA က သိမ်းပိုက်ရရှိခဲ့တဲ့...
January 22, 2025
ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီတပ်ရှိတဲ့ ခလရ ၄၇ တပ်ရင်းနဲ့ စစ်ဆင်ရေးနှင့်...
January 21, 2025
ရှမ်းမြောက် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ မုံးပေါ် ကျေးရွာအနီး၊ ဝိန်းဆိုင်ကျေးရွာ...