ဆူးခင်းလမ်းမှာ တိုက်ပွဲဝင်နေတဲ့ မိုးဗြဲ ကြယ်ပွင့်လေးများ

ဆူးခင်းလမ်းမှာ တိုက်ပွဲဝင်နေတဲ့ မိုးဗြဲ ကြယ်ပွင့်လေးများ

“ကျနော်တို့ အရင်က တိုက်ပွဲမဝင်ဖူးဘူးလေ။ အစကတော့ ကြောက်စိတ်ဆိုတာ ရှိတာပေါ့။ ကြောက်စိတ်တွေကို အရင်တော်လှန်ပြီးမှ ပြန်တိုက်ခိုက်တယ်” လို့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မိုးဗြဲ PDF လူငယ်တစ်ဦးဖြစ်တဲ့ ကိုတုတ်ကြီး က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နည်းမျိုးစုံ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ရာ ထိရောက်မှုမရှိတော့တဲ့အတွက်ကြောင့် လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ပုံကို အသက် ၂၁ နှစ် အရွယ်သာရှိသေးတဲ့ ကိုတုတ်ကြီး က စိတ်အားထက်သန်စွာ ပြောပါတယ်။

စစ်တပ်ဟာ အေးချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေ၊ ဖမ်းဆီးရိုက်နှက်မှုတွေသာမကဘဲ လက်နက်ကို အသုံးပြုပြီး ပစ်ခတ်မှုတွေပါ ပြုလုပ်လာတဲ့အတွက် မခံမရပ်နိုင်တဲ့စိတ်ကြောင့် လက်နက်ကိုင်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ကိုတုတ်ကြီး က ပြောပြပါတယ်။

ကိုတုတ်ကြီးတို့လို လူငယ်တွေဟာ ယခုလို လက်နက်ကိုင်ပြီး စစ်ကောင်စီကို တော်လှန်ရဖို့ တစ်ကြိမ်တစ်ခါမျှ မစဉ်းစား ခဲ့ဖူးကြောင်း၊ လက်နက်ကိုင်ဖို့ဆိုတာ မတွေးခဲ့ဖူးတဲ့အရာတစ်ခုပါပဲ။

ဒါကြောင့် စစခြင်း လက်နက်ကိုင်ချိန်မှာ သေနတ်သံကို ကြောက်စိတ်ရှိခဲ့ပေမယ့် ကြောက်စိတ်ကိုပျောက်အောင် အရင် ပြန်တွန်းလှန်ခဲ့ရပြီး စစ်မြေပြင်ကို ခြေဆန့်ခဲ့ရကြောင်းလည်း ကိုတုတ်ကြီးက ပြောပြပါတယ်။

“ကြောက်တော့ကြောက်တယ်လေ။ တိုက်ပွဲ ဝင်ခဲ့ဖူးတဲ့သူမှမဟုတ်တာ။ ရုပ်ရှင်ထဲဘဲ မြင်ဖူးတယ်။ လက်တွေ့မှာကတော့ ကြောက်ရပါတယ်။ ဒါပေမဲ့ ကြောက်တဲ့စိတ်ကို ပြန်တော်လှန်ပြီးတော့ သူတို့ကို ပြန်တိုက်ခိုက်ခဲ့ရပါတယ်” လို့ ကိုတုတ်ကြီးက တိုက်ပွဲအတွင်းက စိတ်ခံစားချက်ကို ပြောပြပါတယ်။

ကိုတုတ်ကြီးဟာ သျှမ်းပြည်တောင်ပိုင်း – ကယားပြည်နယ် နယ်စပ် မိုးဗြဲမြို့မှာ နေထိုင်သူဖြစ်ပြီး လက်ရှိ မိုးဗြဲ PDF တပ်ဖွဲ့ထဲမှာ ရောက်ရှိနေသူဖြစ်ပါတယ်။

လက်ရှိမိုးဗြဲက လူငယ်အမျိုးသားတွေသာမက အမျိုးသမီးတွေပါ PDF ထဲကို ဝင်ရောက်ခဲ့ပြီး စစ်သင်တန်းတွေတက်ကာ စစ်အာဏာရှင်ကို အမြစ်ဖြုတ်ဖို့အတွက် စိတ်ဓာတ်ကြံ့ကြံ့ခံပြီး သင်ယူလေ့ကျင့်နေကြပါတယ်။

မိုးဗြဲမြို့ဟာ တောင်တန်းတွေ ဝန်းရံထားကာ လယ်ယာ၊ စပါးစိုက်ခင်းတွေနဲ့ စိမ်းစိုနေပြီး မြို့ထဲ အင်းလေးကန် က ဘီလူးချောင်း စီးဆင်းဖြတ်သန်းသွားတဲ့၊ နေရာဒေသကောင်းတဲ့ သျှမ်းပြည်နယ်အစွန်က မြို့ တစ်မြို့ ဖြစ်ပါတယ်။

 မိုးဗြဲမြို့ဟာ စပါး၊ ပြောင်းဖူးတို့ကို အဓိက စိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်ကြပါတယ်။ နာမည်ကြီးတဲ့ ကယန်းဝက်အူချောင်းဟာလည်း မိုးဗြဲမြို့မှ တစ်ဆင့် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

မိုးဗြဲမြို့မှာ အများစုက ကယန်းတိုင်းရင်းသားလူမျိုးများနေထိုင်ပြီး ဒုတိယအများဆုံးကတော့ သျှမ်းတိုင်းရင်းသားလူမျိုး များဖြစ်ပါတယ်။

သာယာဝပြောလှတဲ့ မိုးဗြဲမြို့ဟာ သျှမ်းပြည်နယ်အတွင်းရှိ မြို့များထဲမှ စစ်အာဏာရှင်ကို ဦးစွာလက်နက်ကိုင် တော်လှန်ခဲ့တဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF တပ်ဖွဲ့က မိုးဗြဲ ရဲစခန်းကို ပထမဆုံး စတင်တိုက်ခိုက်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။

“ကျနော်တို့ မိုးဗြဲ ရဲစခန်းကို ပထမဆုံးစဖြိုခွင်းခဲ့တာပေါ့။ အဲတုန်းကတော့ စစ်ကောင်စီဘက်က ၂၀ ဦးသေဆုံးခဲ့တယ်။ ၄ ဦးကို အရှင်ဖမ်းမိတယ်။ ဒါကတော့ ပထမဆုံးသောတိုက်ပွဲမှာပေါ့နော်” ဟု မိုးဗြဲ PDF ကိုတုတ်ကြီးက ပြောပါတယ်။

အမျိုးသမီးတွေ စစ်ရေးတက်ကြွလှုပ်ရှားပုံကို Mobye People Defense Force က အောက်တိုဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ မိုးဗြဲမြို့ဟာ စစ်ရေးတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

စစ်အာဏာရှင်ဟာ လူထုရပ်ရွာကို ပစ်မှတ်ထားပြီး တိုက်ခိုက်လို့ သာယာလှပတဲ့ မိုးဗြဲမြို့လေးဟာ အခုမှာတော့ သုဿာန် တစပြင်အလား တိတ်ဆိတ် နေပါတယ်။ လူထုလဲ ကြောက်စိတ် စိုးရိမ်စိတ်တွေနဲ့ အသွားအလာ ဆင်ခြင်နေရပါတယ်။

အမျိုးသားညီညွှတ်ရေး အစိုးရ NUG က စက်တင်ဘာ ၇ ရက်နေ့မှာ D Day ကို စတင်ကြေညာခဲ့ပြီးနောက် မိုးဗြဲမှာ တိုက်ပွဲ ပြင်းထန်ခဲ့မှုကြောင့် ဒေသခံ ပြည်သူများက စစ်ဘေး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

မိုးဗြဲမြို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ စုစုပေါင်း တိုက်ပွဲအကြီးကျယ် (၅)ကြိမ် ဖြစ်ခဲ့ဖူးတယ်လို့ မိုးဗြဲမြို့ စစ်ဘေးရှောင်ခဲ့ဖူးသူက ပြောပါတယ်။

“ကျနော်တို့ မှတ်ရသလောက်တော့ ၅ ကြိမ်လောက်ရှိတယ်။ ပထမက မိုးဗြဲရဲစခန်း၊ ရထားလမ်း၊ ကုန်းသာ၊ လွိုင်ကော် ဘက်နဲ့ ဖယ်ခုံ − မိုးဗြဲ ကြားမှာ ဖြစ်ခဲ့တယ်” ဟု မိုးဗြဲမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် ဒေသခံ ပြည်သူများက အိုးအိမ်ကို စွန့်ခွာပြီး လွတ်မြောက်ရာဒေသတစ်ခုကို ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရ ပါတယ်။

စစ်ဘေးကို ကြောက်လို့ ထွက်ပြေးရတဲ့အပြင် ဒေသခံပြည်သူတွေက ဝမ်းရေးအတွက်ပါ စိတ်ပူနေရပြီး တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ခဲ့ကြရပါတယ်။

“စစ်ဘေးကလည်း ရှောင်ရတယ်။ ဝမ်းရေးအတွက်ကလည်း ရှာစားရအုံးမယ်။ ဒီလောက်ဆိုးတဲ့ ခေတ်ကြီး ဘယ်တော့ ပြီးမလဲ” လို့ မိုးဗြဲမြို့ ဒေသခံတစ်ဦးက ညည်းတွားပြီး ပြောပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ဒေသခံ ပြည်သူတွေက ယခင်ကလိုမျိုး တောင်ယာ၊ လယ်ယာတွေကို လုပ်ကိုင်စားသောက်ဖို့က စိုးရိမ်စိတ်တွေနဲ့ လုပ်ကိုင်နေကြရပါတယ်။

“လက်နက်ထိမှာ ကြောက်ရတယ်လေ။ တောင်ယာသွားလည်း စိတ်က မလုံခြုံဘူး။ ကောင်းကောင်းမသွားရဘူးပေါ့။ အလုပ်ကို ကောင်းကောင်းမလုပ်ရဘူး။ လုပ်နေရင်လည်း စိတ်မလုံခြုံဘူး” ဟု မိုးဗြဲမြို့ အသက် ၄၀ ဝန်းကျင်ရှိသည့် အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားသော်လည်း ၎င်း(စစ်ကောင်စီ)တို့က ဘာမှမသက်ဆိုင်တဲ့ ဒေသခံပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ ပြည်သူများအပေါ် ညှဥ်းပန်းနှိပ်စက်ခြင်း၊ ပြည်သူ့အိုးအိမ်များကို ရည်ရွယ်ပြီး ဖျက်စီးမှုများ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ဘေးရှောင်များခိုးလှုံနေတဲ့ နေရာများကိုလည်း ရန်ပြုလာနေတာတွေ ရှိနေပါတယ်။

ဒေသခံ ပြည်သူများက စစ်ဘေးကို ရှောင်နေရတဲ့အပြင် စစ်ကောင်စီ တပ်သားများနဲ့ မတွေ့ဆုံမိအောင်လည်း ရှောင်ပြေးနေကြရပါသေးတယ်။

“စစ်ဘေးရှောင်စခန်းလည်း ကျနော်တို့အတွက် တကယ်လုံခြုံမှုမရှိပါဘူး။ လက်နက်ကြီးတွေ ကျရောက်လာတာရှိတယ်။ စစ်ကောင်စီဘက်ကနေ ပြည်သူတွေကို ဦးတည်ပြီး ရန်ပြုနေတာရှိတယ်လေ။ သူတို့နဲ့လည်း မတွေ့မိအောင် ပြေးရသေး တယ်” ဟု အထက်ပါ အသက် (၄၀)အရွယ် အမျိုးသားက ပြောပြပါတယ်။

ဝမ်းရေး၊ စစ်ရေးတွေကို စိတ်ပူပင်ရတဲ့အပြင် ကိုဗစ်ကပ်ရောဂါဘေးကိုလည်း တွေ့ကြုံခံစားခဲ့ရတယ်လို့ မိုးဗြဲမြို့ စစ်ရှောင်တစ်ဦးက ထပ်ပြောပြပါတယ်။

“စစ်ရှောင်းစခန်းမှာ သွားနေလာတာ။ ပြီးတော့ အိမ်ကိုပြန်လာတယ်လေ။ ပြန်ရောက်တော့ အနံ့ရော၊ အရသာရော မတွေ့တော့ဘူး။ ကိုဗစ် လက္ခဏာတွေ ဖြစ်လာသလိုပဲ။ အဲနားမှာက လူများတယ်လေ။ ကိုဗစ် ဖြစ်ဖူးတဲ့သူလည်းရှိတယ်” ဟု စစ်ဘေးရှောင်မှ ပြန်လာခဲ့သည့် အသက် (၂၁)အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

မိုးဗြဲမြို့တွင် နေထိုင်သူ ခန့်မှန်းခြေအရ စုစုပေါင်း ၁ သောင်းကျော်ရှိပြီး ဒေသခံပြည်သူ ၄ ထောင်ကျော်က စစ်ဘေးရှောင်နေ ကြရပါတယ်။

စစ်ဘေးရှောင်ပြည်သူများဟာ ကိုဗစ် ၁၉ ပိုး ကူးစက်ခံရသူများလည်း အများပြားရှိနေတယ်လို့ Mobye Rescue team က တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

“စစ်ဘေးရှောင်တွေကတော့ ၄ ထောင်လောက်ရှိပါတယ်။ စားဝတ်နေရေးအတွက်တော့ အနည်းငယ် အခက်ခဲတွေရှိတာပေါ့။ ကိုဗစ် ၁၉ ပိုး ကူးစက်ခံရသူတွေလည်း အများကြီးရှိတယ်။ ကျမတို့လည်း တတ်နိုင်သလောက် ဆေးကုသပေးတယ်” လို့ Mobye Rescue team က ပြောပါတယ်။

စစ်ရှောင်တွေရဲ့ စားဝတ်နေရေးအတွက်ကလည်း အလှူရှင်များပေါ် မူတည်နေတယ်လို့ Mobye Rescue team က ထပ်လောင်းပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူ ၄ ထောင်ကျော်ဟာ တစ်နေရာထဲမှာ အတူနေထိုင်ကြတာမဟုတ်ကြောင်း သိရပါတယ်။ စစ်ဘေးရှောင် တစ်ချို့က ဘုန်းကြီးကျောင်းနဲ့ မိတ်ဆွေအိမ်တွေမှာ ပြောင်းရွှေ့နေထိုင်ကြပါတယ်။

ထိုစစ်ဘေးရှောင်ရတဲ့ ပြည်သူများဟာ မိုးဗြဲမြို့ စစ်ကောင်စီတပ် ခမရ ၄၂၂ တပ်ရင်း အနီးနားမှာ နေထိုင်ကြတဲ့ ပြည်သူများဖြစ်ပါတယ်။

“တစ်မြို့လုံးက ထွက်ပြေးလာခဲ့တာတော့ မဟုတ်ပါဘူး။ မိုးဗြဲက စစ်ကောင်စီတပ် ၄၄၂ တပ်နဲ့ နီးတဲ့သူတွေဘဲ ပြောင်းရွှေ့လာကြတာ။ တစ်ချို့ကတော့ ရွာဘက်ကို သွားနေကြတယ်။ တစ်ချို့က စစ်ရှောင်စခန်းတို့ ဘုန်းကြီးကျောင်းတို့မှာ လာနေကြတာတွေရှိတယ်” လို့ Mobye Rescue team က ထပ်ပြောပြပါတယ်။

မိုးဗြဲမြို့မှာ စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ (၃)ဦး သေဆုံးခဲ့ပြီး (၇)ဦးခန့်က ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့သူတွေထဲမှာ ကလေး (၃)ဦး ပါဝင်ပါတယ်။

လက်ရှိ မိုးဗြဲမြို့နဲ့ (၁၀)မိုင်သာ အကွာအဝေးရှိတဲ့ ဖယ်ခုံမြို့မှာဆိုရင် စစ်ရေးက ပိုပြင်းထန်နေပြီး စစ်ဘေးရှောင်တွေလည်း အများပြားရှိနေပါတယ်။

စစ်ရှောင်စခန်းမှာ လုံခြုံမှုအပြည့်မရရှိတာကြောင့် စစ်မီးကူးလာမှာကို မိုးဗြဲမြို့ ဒေသခံများက စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

“ဖယ်ခုံဘက်တော့ ပိုပြင်းတယ်။ ကျနော်တို့ မိုးဗြဲဘက်ကို ကူးလာမှာလည်း စိုးရိမ်တယ်လေ။ စစ်ရှောင်စခန်းလည်း ကျနော်တို့အတွက် လုံခြုံမှုက အပြည့်မပေးနိုင်ဘူး” ဟု မိုးဗြဲမြို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

နိုဝင်ဘာ (၉)ရက်နေ့ကလည်း မိုးဗြဲမြို့ ဒေသခံတစ်ချို့က ညတွင်းချင်း စစ်ဘေးလွတ်ရာကို ရှောင်ခဲ့ရပါသေးတယ်။

စစ်အာဏာသိမ်းယူမှုကြောင့်လည်း လူငယ် အများစုက အနာဂတ်အိပ်မက်တွေ လမ်းပျောက်ခဲ့ရပါတယ်။ တစ်ချို့သော လူငယ်များကလည်း အနာဂတ်ကို ပြန်လည်ရှာဖွေရန်အတွက် လက်နက်ကိုင်သွားခဲ့ကြပါတယ်။

ထိုထဲမှာ ကိုတုတ်ကြီးကလည်း အနာဂတ်ကို ပြန်လည် ရှာဖွေဖို့အတွက် မိုးဗြဲ PDF တပ်ဖွဲ့ထဲ လက်နက်ကိုင်တဲ့ လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။

“အာဏာစသိမ်းတော့ လူက ဘယ်လိုဖြစ်သွားလဲမသိဘူး။ အနာဂတ်တွေ ပျောက်သွားတာပေါ့။ ဒါပေမဲ့ အခုတော့ အနာဂတ်မပျောက်တော့ဘူး။ ဒီကနေ ကျနော်တို့အနာဂတ်ကို ပြန်ရှာယူသွားမယ်” လို့ ကိုတုတ်ကြီးက ပြောပါတယ်။

အာဏာသိမ်းမှုကြောင့် လူငယ်တွေဘဲ အနာဂတ်ပျောက်သွားတာ မဟုတ်သလို ပြည်သူအများစုအတွက် စားဝတ်နေရေး၊ စီးပွားရေး၊ ပညာရေး စတာတွေလည်း ပျက်စီးသွားခဲ့ရပါတယ်။

“ကျနော်တို့ လက်နက်သွားမကိုင်နိုင်တာတောင်မှ တစ်ဘက်ကနေ ထောက်ပံ့ပေးတယ်။ ကျနော်တို့လည်း အနာဂတ်ပျောက်ပါတယ်။ ကျောင်းဆက်မတက်ရတော့ဘူး။ ကိုယ်ရည်မှန်းထားတဲ့ဟာတွေလည်း အကုန်လုံးက ပျက်စီးသွားပြီ။ ကျနော်တို့အိမ်လည်း ကိုဗစ်နဲ့ နိုင်ငံရေးကြောင့် စီးပွားရေးလည်း ပျက်တယ်” ဟု မိုးဗြဲဒေသခံ အသက် (၂၁)နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

မိုးဗြဲ ဒေသခံတွေဟာ တိုက်ပွဲကြားမှာ သွားလာနေထိုင် နေရတာကြောင့် ဒေသခံလူငယ်တွေအပြင် သက်ကြီးရွယ်အိုတွေဟာလည်း အမြန်ဆုံး အေးချမ်းတည်ငြိမ်လာဖို့ မျှော်လင့်နေကြပါတယ်။

သွားလာခက်ခဲမှု၊ လုပ်ကိုင်ရှာဖွေစားသောက်ဖို့ ခက်ခဲလာမှုတွေကြောင့် စစ်တပ်ကနေ ပြည်သူ့ထံ အမြန်ဆုံး အာဏာပြန်ပေးဖို့ ပြည်သူများက မျှော်လင့်နေပါတယ်။

“ပြည်သူထံ အမြန်ဆုံး အာဏာပြန်အပ်ပေးစေချင်တယ်။ မြန်မြန်ငြိမ်းချမ်းချင်ပြီ။ လူငယ်တွေကလည်း ဒီမိုကရေစီ ရဖို့အတွက် လက်နက်ကိုင်ရမယ်ဆိုတော့လည်း မြန်မြန်တိုက် မြန်မြန်ငြိမ်းချမ်းဖို့ ဆုတောင်းတယ်” ဟု အသက် (၅၀)အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်အာဏာရှင်ကို ဖြုတ်ချရန်အတွက် လက်နက်ကိုင်မှသာ ပြေလည်မှာဖြစ်တာကြောင့် မိုးဗြဲ PDF တပ်ဖွဲ့များက ဒေသခံများ အားတင်းပေးထားပါရန် တောင်းဆိုလိုက်ပါတယ်။

ယခုလက်ရှိ မိုးဗြဲ PDF တပ်ဖွဲ့ထဲမှာ တပ်သား ၁ ထောင်ကျော် ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။ ၎င်းတို့ တပ်ဖွဲ့ဟာ Local PDF လည်းဖြစ်သလို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်မှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လည်း ဖြစ်ပါတယ်။

“ကျနော်တို့ ရှေ့ဆက်ပြီး သူတို့ကို အမြစ်ဖြုတ် တော်လှန်သွားမှာပါ။ ဘယ်လိုပဲ ခက်ခဲနေပါစေ ကျနော်တို့ လက်ထက်မှာ စစ်အာဏာရှင်ကို အမြစ်ဖြုတ် တော်လှန်သွားမယ်။ ပြည်သူတွေအနေနဲ့လည်း အားတင်းပြီး စောင့်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင် ကိုတုတ်ကြီးက ပြောပါတယ်။

Most read this week

November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 25, 2024
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည်...
November 22, 2024
သျှမ်းပြည်၊ မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး...
တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို လွှဲအပ်နေစဉ် (ဓာတ်ပုံ – WSTV)
November 21, 2024
သျှမ်းပြည်၊တန့်ယန်းမြို့နယ်တွင် အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ (၁၀၀၀) ကျော်ကို...