“တည်ဆောက်မှုဟာ အရည်အသွေး မပြည့်မီဘူးလို့ တင်ပြလာရင်တော့ ကုမ္ပဏီကို ချက်ချင်း လျော်ခိုင်းမှာ ဖြစ်တယ်”

“တည်ဆောက်မှုဟာ အရည်အသွေး မပြည့်မီဘူးလို့ တင်ပြလာရင်တော့ ကုမ္ပဏီကို ချက်ချင်း လျော်ခိုင်းမှာ ဖြစ်တယ်”
by -
ဟင်္သာမီဒီယာ
မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင် နှင့် တွေ့ဆုံခြင်း
မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင် နှင့် တွေ့ဆုံခြင်း
မွန်ပြည်နယ်တွင် လစ်လပ်နေသည့် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးနေရာအတွက် ရွေးချယ်ခန့်အပ်ခံရသော ဦးမင်းကျော်လွင်နှင့် တွေ့ဆုံပြီး ပြည်သူ့ ဝန်ဆောင်မှု ပေးနေသော စည်ပင်ကဏ္ဍကို မည်သို့ တိုးတက်အောင် ဆောင်ရွက်သွားမည့် အစီအစဉ်များအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်းနှင့် ပြည့်မီရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ဝန်ကြီးတာဝန်ကို ဝင်ရောက် ထမ်းဆောင်ဖြစ်သည့် အကြောင်းအရာများနှင့် ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဟင်္သာမီဒီယာက မေးမြန်းချက်များကိုဖော်ပြလိုက်ပါသည်။

ဟင်္သာမီဒီယာ။ ။ ပထမအနေနဲ့ ဒီရာထူးကို ဘယ်သူတွေရဲ့ ကမ်းလှမ်းမှုတွေ ဒါမှမဟုတ် တစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှုတွေကြောင့် ထမ်းဆောင်ဖြစ်တာလား။

ဦးမင်းကျော်လွင်။ ။ သူတို့တွေက ပညာရှင် တစ်ယောက် လိုနေတယ်လို့ ဖိတ်ခေါ်တဲ့နေရာမှာ အဆင့်ဆင့် ရွေးချယ်ပြီးတော့မှ ပါလာတာပါ၊ ကျွန်တော် ဒီရာထူးကို ထမ်းဆောင်ဖြစ်တာ အရပ်ဘက်အဖွဲ့အစည်းကြောင့်ပါ၊ ပညာရှင်တစ်ယောက်လိုချင်လို့ သူတို့တွေ ကမ်းလှမ်းလာလို့ ကျွန်တော် ဝင်ဖြစ်တာပါ၊ ဘယ်သူက ကမ်းလှမ်းတယ်ဆိုတာကိုတော့ ကျွန်တော် ပြောလို့ မရပါဘူး။

ဟင်္သာမီဒီယာ။ ။ဝန်ကြီးအနေနဲ့ တာဝန်မထမ်းဆောင်ခင်ကတည်းက မြေပြင် ကွင်းဆင်း ဆောင်ရွက်မှုတွေ ပြုလုပ်ထားတယ်လို့ သိရတယ်၊ ဒီလို ကွင်းဆင်းထားတဲ့ အနေအထားမှာ စည်ပင်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြောပြပေးပါဦး။

ဦးမင်းကျော်လွင်။ ။ အားသာချက်ကတော့ ပြည်သူနဲ့ ညှိနှိုင်း ပေါင်းစပ်တဲ့ အပိုင်းမှာ တော်တော်လေး ခရီးရောက်ခဲ့ပြီး၊ ညှိနှိုင်းဆောင်ရွက်တဲ့ အပိုင်းက တော်တော်လေး နီးစပ်လာပြီး၊ ဒါပေမဲ့ အရည်အသွေး ထိန်းညှိရေးနဲ့ ပတ်သက်ပြီး နည်းနည်း အားနည်းနေတာ တွေ့ရတယ်၊ အဆင့်ဆင့်မှာ တာဝန်ယူမှု ၊ တာဝန်ခံမှုတွေ အားနည်းနေသေးတယ်၊ အဲဒီဟာတွေကို အဓိကထားပြီးတော့ အရည်အသွေး ထိန်းညှိရေးကို စနစ်တကျ စည်းကမ်းပိုင်းနဲ့ ဆောင်ရွက်သွားမယ်၊ အဆင့်ဆင့် တာဝန်ခံတဲ့ အပိုင်းတွေ ဖြစ်တဲ့ အင်ဂျင်နီယာအပိုင်းတွေရော စစ်ဆေးရေးအဖွဲ့တွေရော ထိန်းသိမ်းသွားဖို့ ရှိပါတယ်။

ဟင်္သာမီဒီယာ။ ။ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ ဘယ်လို အားနည်းချက်တွေ ရှိနေတာလဲ၊ ဒါတွေကို ဘယ်လိုထိန်းသိမ်း ဆောင်ရွက်သွားမလဲ။

ဦးမင်းကျော်လွင်။ ။ တာဝန်ယူမှုအပိုင်းမှာ စစ်ဆေးတဲ့နေရာမှာ အဆင့်ဆင့် အပိုင်းလိုက် စစ်ဆေးဖို့ ဖြစ်တယ်၊ ဒီတည်ဆောက်တဲ့ လုပ်ငန်းမှာ အပိုင်းပိုင်းတွေ အများကြီး ရှိပါတယ်၊ ငွေပေးချေမှု စနစ်မှာ ကြည့်လိုက်ရင် ဥပမာ ၂၅ ရာခိုင်နှုန်းတို့ ၅၀ ရာခိုင်နှုန်းတို့ ပြီးတော့မှ ကျန်တဲ့ ရာခိုင်နှုန်းတွေကို ပေးတာတွေကို တွေ့ရတယ်၊ အဲဒီအချိန်မှာ အရည်အသွေ စစ်ဆေးမှု ကော်မတီက လုပ်ငန်းပြီးမှ စစ်ဆေးတာတွေ တွေ့ရတယ်၊ခန့်မှန်းခြေ စာရင်းမှာတွက်ချက်ကတည်းက အဲဒီအရည်အသွေးအပိုင်းတွေကို စစ်ဆေးဖို့ ထည့်သွင်းထားတာ မတွေ့ရဘူး၊ လုပ်ငန်းအားလုံးပြီးမှ စစ်ဆေးတဲ့ အပိုင်းနဲ့ လက်မှတ်ထိုးပြီး တာဝန်ယူတဲ့ အပိုင်းကိုတွေ့ ရတယ်၊ အရည်အသွေး စစ်ဆေးမှုတွေက အဲလို လုပ်လို့ မရပါဘူး၊ လုပ်ငန်းစလုပ်တည်းက ကျောက်စရစ် သုံးစွဲမှုက အစ စထိန်းမှ ရမှာ ဖြစ်တယ်၊ နောက်ပြီးတော့ စံချိန်စံညွှန်းမီတဲ့ ပစ္စည်းသုံးသလား ကွန်ကရစ်ကလည်း အရည်အသွေး မီတဲ့ကွန်ကရစ်ကို သုံးသလား၊ Design မှာ ပြထားပေမယ့် ဆိုဒ်ထဲမှာ တကယ်လုပ်နိုင်မှု ရှိ မရှိ အဲဒီအပေါ်မှာ စစ်ဆေးထားတဲ့ မှတ်တမ်းမှတ်ရာ နည်းပညာမှတ်တမ်းထားရှိမှု အားနည်းနေတာ တွေ့ရပါတယ်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးအနေနဲ့ အခုလို အားနည်းချက်တွေ အပေါ်မှာ ဘယ်လို ပြောင်းလဲမှုတွေ လုပ်သွားဖို့ ရှိလဲ။

ဦးမင်းကျော်လွင်။ ။ ပြုပြင် ပြောင်းလဲမှုအတွက် နည်းနည်း ညှိနှိုင်းနေတုန်းပါပဲ၊ ဝန်ကြီးချုပ်ကလည်း ပြောထားတာ ရှိပါတယ်၊ Third party ပညာရှင်အဖွဲ့ တစ်ဖွဲ့ကို ဖိတ်ခေါ်ဖို့တော့ ရှိပါတယ်၊ သူတို့နဲ့ ထိန်းကျောင်းသွားရင်းတော့ အရည်အသွေး စံချိန်စံညွှန်းတွေကိုတော့ ထိန်းကျောင်းသွားနိုင်မယ်၊ Third party က အရည်အသွေး ထိန်းညှိမှုအပိုင်းကို စနစ်တကျ စစ်ဆေးပြီး မှတ်တမ်းယူထားမှာပါ၊ အဲလိုလုပ်သွားရင်တော့ အလေအလွင့် ဖြစ်မှုတွေ ဆုံးရှုံးမှုတွေကို ထိန်းသွားနိုင်မယ်လို့ မြင်တယ်၊ စမလုပ်ခင်ကတည်းက စစ်ဆေးသွားမှာ ဖြစ်တယ်၊ ပြီးမှ စစ်ဆေးလို့ရှိရင် နှစ်ဖက် နစ်နာမှု ရှိလာနိုင်တယ်၊ စစ်ဆေးတဲ့ အင်ဂျင်နီယာက စစ်ဆေးလို့ ဒီကုမ္ပဏီရဲ့ တည်ဆောက်မှုဟာ အရည်အသွေး မပြည့်မီဘူးလို့ တင်ပြလာရင်တော့ ကုမ္ပဏီကို ချက်ချင်း လျော်ခိုင်းမှာ ဖြစ်တယ်၊ အခုက အားလုံးပြီးသွားမှ အောက်ခြေက ဖောင်ဒေးရှင်း မကောင်းပါဘူးလို့ ဝေဖန်နေတဲ့ ခေတ်ပါ၊ လုပ်ငန်းပြီးမှ လာကြည့်ရင် ဘယ်လိုစစ်မှာလဲ၊ အဆင့်ဆင့် ထိန်းသွားလို့ရှိရင်တော့ အလေအလွင့် နည်းတာပေါ့။

ဟင်္သာမီဒီယာ။ ။ ဒါက ဆောက်လုပ်ရေး ကဏ္ဍအတွက် ဝန်ကြီးရဲ့ ပြင်မှုတွေပေါ့၊ စည်ပင်နဲ့ ပတ်သက်ပြီးတော့ ၂၀၁၇ ခုနှစ် စည်ပင်ဥပဒေ အတည်ပြုဖို့အတွက် ဆွေးနွေးနေရတဲ့ အပိုင်းကိုရော ဘယ်လိုမြင်လဲ။
ဦးမင်းကျော်လွင်။ ။ ဒီအချိန်မှာတော့ ကွဲလွဲနေဦးမှာပဲ၊ ဒီစည်ပင် ဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲဖို့ လုပ်တဲ့ အချိန်က တော်တော် ကြာနေပြီးလို့ သိရတယ်၊ အဲဒီကိစ္စကို အခုအချိန်မှာ မှန်လား မှားလား ဆိုတာ နည်းနည်းလေး ပြောဖို့ စောနေသေးတယ်၊ ထပ်ထည့် ရမယ့်အပိုင်းတွေလည်း ရှိသေးတော့ နောက်မှပဲ ပြောတော့မယ်။

ဟင်္သာမီဒီယာ။ ။ နောက်တစ်ခုက အမှိုက်ကိစ္စပေါ့၊ လက်ရှိမှာဆို အမှိုက်သိမ်းစနစ်က အမှိုက်သိမ်းကားနဲ့ သိမ်းတဲ့ စနစ်ကို အသုံးပြုထားတယ်၊ ဒီမှာ အားနည်းချက်က အမှိုက်သိမ်းကားတွေ ဝင်လို့ မရတဲ့ လမ်းတွေ ၊ နောက်ပြီး ချောင်းတွေ မြောင်းတွေမှာလည်း အခုအချိန်အထိ အမှိုက်တွေ ရှိနေသေးတယ်၊ ဒီအမှိုက်ပြဿနာကို ဘယ်လို ဖြေရှင်းသွားဖို့ရှိလဲ။

ဦးမင်းကျော်လွင်။ ။ အခုက ကျွန်တော်တို့အနေနဲ့ လမ်းကြားထဲအထိ အမှိုက်သိမ်းလို့ ရနိုင်အောင် စီစဉ်နေတယ်၊ နောက်ပြီး အမှိုက်သိမ်းကား နှစ်မျိုးနဲ့ အမှိုက်သိမ်းနေတယ်၊ တချို့ အမှိုက်သိမ်းယာဉ်ကြီးတွေ ဝင်လို့ မရတဲ့ နေရာတွေရှိတယ်၊ အမှိုက်တွေကို မြန်မြန်ထွက်သွားဖို့ ပြီးတော့ ပြည်သူတွေ အမှိုက်ကို လွယ်လွယ်ကူကူ ပစ်နိုင်တဲ့ အဆင့်အထိ အမှိုက်ပုံး အရွယ်အစားကို အသေးနဲ့ အကြီးနဲ့ ခွဲပြီးတော့ ထားပေးပြီးတော့ သိမ်းသွားဖို့ အစီအစဉ် ရှိတယ်၊ အခုလည်း အမှိုက်သိမ်းယာဉ်တွေ ထပ်ဝယ်ဖို့လည်း ရှိတယ်၊ ဝယ်တော့ ဝယ်မှာပါ၊

အမှိုက်ပုံးတွေကို အသေးအကြီးထားတဲ့ နေရာမှာ ကားက တစ်ပုံးတင်ပြီး တစ်ပုံးသွားပစ်ရမှာ မဟုတ်ဘူး၊ လူနဲ့လည်း တင်စရာမလိုတဲ့ စနစ်ကို ဝန်ကြီးချုပ်နဲ့ အစည်းအဝေး ထိုင်ဖြစ်ပါတယ်၊ အဲဒီအမှိုက်တွေ မရှိမှဘဲ ခွေးသေတွေ မြောင်းထဲကို မရောက်မှာ ဖြစ်တယ်၊ ပြည်သူတွေကို အမှိုက်နဲ့ ပတ်သက်ပြီး ပညာပေးသွားဖို့ ရှိတယ်၊ နောက်ပြီး ဝန်ထမ်းအားနဲ့ ပတ်သက်ပြီးတော့လည်း ပြန်ပြီး ဖြည့်တင်းသွားဖို့ ရှိပါတယ်၊ မော်လမြိုင်တင်မဟုတ်ဘဲနဲ့ ကျန်တဲ့ မြို့နယ်တွေမှာလည်း ဝန်ထမ်းတွေ အသစ်ခန့် အပ်သွားဖို့ လုပ်သွားမှာပါ၊ ဒီအတွက် ပြည်ထောင်စုကိုလည်း တင်ပြသွားမယ်၊ တတ်နိုင်သလောက်တော့ ပြည်နယ်အစိုးရအဖွဲ့နဲ့ တိုင်ပင်ပြီး လုပ်သွားမှာပါ၊ အခုနောက်ပိုင်းမှာလည်း အစိုးရအဖွဲ့က ဟန်ချက်တော်တော်လေး ကောင်းလာပါပြီ။

ဟင်္သာမီဒီယာ။ ။ စည်ပင်အနေနဲ့ လက်ရှိမှာ ကျူးကျော် ဆိုင်ခန်းတွေ လက်ရှိမှာ ဖြေရှင်းနေတာတွေလည်း ရှိနေတယ်၊ ဒီအပေါ်မှာ လမ်းဘေးဈေးသည်တွေအတွက် နောက်ပိုင်းမှာ ဘယ်လိုဆောင်ရွက်သွားဖို့ ရှိလဲ။

ဦးမင်းကျော်လွင်။ ။ ဒီကျုးကျော် ဆိုင်ခန်းတွေနဲ့ ပတ်သက်ပြီး စည်ပင်ဥပဒေ အသစ်မှာလည်း ထည့်ထားတွေတော့ ရှိပါတယ်၊ အရင်ကဆို ပြစ်မှုပြစ်ဒဏ် အပိုင်းမှာ အားနည်းချက်တွေလည်း ရှိနေသေးတယ်၊ ဒီအတွက် အခုစည်ပင် ဥပဒေအသစ်မှာလည်း ထည့်ရေးထားတာတွေ တွေ့နေရတယ်၊ ဆိုင်ခန်းတွေကို စည်ပင်အနေနဲ့ အခွန်ရဖို့အတွက် စည်းနဲ့ကမ်းနဲ့ ထိန်းသိမ်းမှာပါ၊ အဓိကကတော့ ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိလာလို့ ရှိရင်တော့ ဆိုင်ခန်းတွေကို ဖယ်သွားမှာပါ၊ ဒီအတွက် လုပ်ပိုင်ခွင့်ကို စည်ပင် ဥပဒေမှာ ထည့်ထားပေးပါတယ်၊ ဈေးသည်တွေအတွက်တော့ အကောင်းဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်သွားမှာပါ။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးအနေနဲ့ ဒီစည်ပင်နဲ့ ဆောက်လုပ်ရေး ဝန်ကြီး ရာထူးကို ရက်ပိုင်းအတွင်းမှာပဲ ရရှိထားတော့ မွန်ပြည်နယ် သာယာလှပရေးအတွက် ဘယ်လို စိတ်ကူးတွေ အကြံဉာဏ်တွေ ရှိသေးလဲ။

ဦးမင်းကျော်လွင်။ ။ ရှိပါတယ်၊ အခုဆို ကိုယ်စားလှယ်တွေက တောင်းလာတာတွေလည်း ရှိနေတယ်၊ မော်လမြိုင် ဖွံ့ဖြိုးတိုးတက်သလောက် တခြားမြို့နယ်တွေလည်း တောင်းလာပြီး၊ သထုံကလည်း တောင်းလာပြီး၊ သံဖြူဇရပ်ကလည်း တောင်းလာပြီး၊ ကျွန်တော်ကတော့ အားလုံးကို အချိုးညီညီနဲ့ တက်အောင် အထူးသဖြင့် စနစ်နဲ့ သွားမယ့် ပုံစံကို ဝန်ကြီးချုပ်နဲ့ ညှိနှိုင်းပြီးတော့ သွားဖို့တော့ ရှိတယ်၊မွန်ပြည်နယ် သန့်ရှင်းသာယာရေးကို အဓိက လုပ်သွားမှာပါ၊ မော်လမြိုင် ရှေးဟောင်း အမွေအနှစ်တွေ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် စဉ်းစားပြီး ဆောင်ရွက်သွားမှာပါ၊ အချိန်တော့ တော်တော်လေးယူရမယ်၊ ဒီငါး နှစ်သက်တမ်းမှာတော့ တော်တော်လေး လုပ်ရမယ့် အနေအထားတော့ ရှိတယ်၊ အများကြီး ပြင်ရဦးမှာပါ၊ အထူးသဖြင့် နိုင်ငံခြား ခရီးသွားတွေ လမ်းလျှောက်ဖို့က အစပေါ့၊ သူတို့တွေက လမ်းလျှောက်တာ သိပ်ကြိုက်တယ်၊ လမ်းလျှောက်တာ အဆင်ပြေဖို့ ကျွန်တော်တို့ တော်တော် လုပ်ရဦးမယ်၊ ပလက်ဖောင်းဆို မော်လမြိုင်မှာ အခုဆို လမ်းလျှောက်ရတာ တော်တော် ခက်နေပါတယ်၊ ရေမြောင်းနဲ့ ပလက်ဖောင်းကို အရင်ဆုံး လုပ်သွားမယ်၊ အဲဒီအတွက် ပြည်သူတွေကိုလည်း ချပြသွားဖို့ ရှိတယ်၊ အခုလမ်းလုပ်တယ်၊ ရေမြောင်းနဲ့ ပလက်ဖောင်း မရှိတော့ တစ်မိုးဆို တစ်ခါပြန်လုပ်ရတယ်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးအနေနဲ့ မွန်ပြည်နယ် သန့်ရှင်းသာယာ လှပရေးအတွက် စဉ်းစားထားတွေလည်း အခုဆိုတွေ့ရတယ်၊ ဒီအတွက် အားလုံးကို ခြုံပြီး မူဝါဒတစ်ခုအနေနဲ့ ဘယ်လို လုပ်သွားဖို့ ရှိလဲ။

ဦးမင်းကျော်လွင်။ ။ မူဝါဒဆိုရင် စည်ပင်ကတော့ တိုးတက်လာတဲ့ လူဦးရေနဲ့ လုပ်ရမယ့် အခန်းကဏ္ဍက တော်တော်များတယ်၊ မော်တော်ယာဉ် ရပ်နားတဲ့ ကိစ္စက အစအဆုံး လုပ်ရမယ်ဆိုတော့ လူတွေ အချိုးညီညီ တိုးတက်လာဖို့ဆို အောက်ခြေက ဖွံ့ဖြိုးတိုးတက်လာမှ အားလုံး အတူတူ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်ထားတယ်၊ရပ်ကွက်နေပြည်သူတွေ အဆင်ပြေဖို့ ဥပမာ လူတွေ အမှိုက်ပစ်တဲ့ စနစ်တွေကို ပညာရပြီးမှ မပစ်တော့မှာ ဖြစ်တယ်၊ သောက်သုံးရေနဲ့ အမှိုက်ကို အဓိကထားပြီး ဆောင်ရွက်သွားဖို့ ရှိတယ်၊ ဒီအတွက် ကျွမ်းကျင်တဲ့ ကုမ္ပဏီနဲ့ ပေါင်းလုပ်မှ ရမှာဆိုတော့ ကိုယ် အင်အားနဲ့တော့ အဆင်မပြေဘူး၊ အဲဒီအတွက်လည်း အခုစည်ပင် ဥပဒေကြမ်းကို အမြန်ရေးဆွဲနေတာ ဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးအနေနဲ့ဆို လွှတ်တော်ကို တက်တာ ဒီနေ့နဲ့ဆို လေး ရက်မြောက်ရှိသွားပြီး၊ ဒီအပေါ်မှာ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ အစိုးရကို ထိန်းကျောင်းတဲ့ နေရာမှာ ဥပမာ မေးခွန်းမေးတာက အစပေါ့၊ ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုမြင်လဲ။

ဦးမင်းကျော်လွင်။ ။ ကျွန်တော်ကတော့ ကြိုက်တယ်ဗျာ၊ ကိုယ်စားလှယ်တွေက သူတို့တော်တော်လေး အလုပ်လုပ်ထားတယ်ဆိုတာ ပြနိုင်တယ်၊ အလုပ်လုပ်ထားနိုင်သလောက်ပဲ ပြောနိုင်တယ်၊ ကျွန်တော်တို့ လိုက်မီဖို့အတွက်တော့ ကြိုးစားရမယ်၊ သူတို့ကို ကျွန်တော် အပြစ်မမြင်ဘူး၊ ထိန်းကျောင်းဖို့ဆို တစ်ခါတလေကျတော့ စည်းနဲ့ဘောင်နဲ့ လုပ်ရမှာဖြစ်တယ်၊ နောက်ပြီး အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်သွားရင်တော့ ချိန်ခွင်လျာကတော့ တက်လာလိမ့်မယ်လို့ ထင်တယ်၊ သူတို့က ဟိုအောက်ခြေအထိ ကွင်းဆင်းပြီး ဆောင်ရွက်တဲ့ အခါကျတော့ ဒီစကားတွေကို လွှတ်တော်မှာ ပြန်ပြောတဲ့အခါကျတော့ နည်းနည်း ကြမ်းတာ ရှိရင် ရှိမယ်၊ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို အစိုးရအနေနဲ့ တက်နိုင်သလောက် ပူးပေါင်းဆောင်ရွက်သွားရင်တော့ ဟန်ချက်ညီလာမှာ ဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၀ အရ ကိုယ်စားလှယ်တွေ ကန့်ကွက်တဲ့ အပေါ်မှာရော ဝန်ကြီးအနေနဲ့ ဘယ်လို သုံးသပ်မိလဲ။

ဦးမင်းကျော်လွင်။ ။ ကန့်ကွက်တာတော့ လွတ်လပ်စွာ ကန့်ကွက် ပိုင်ခွင့် ရှိတယ်၊ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ရည်ရွယ်ချက်ကို သေချာ ဖတ်ဖို့ လိုပါတယ်၊ လွှတ်တော်ကလည်း အသလွတ်ကြီး ခွင့်ပြုလိုက်တာ မဟုတ်ဘူး၊ ၁၂၀ မှာ ရေးထားတာက တရားဝင်နိုင်ငံခြားမှာ နေထိုင်ရင် တိုင်းပြည်မှာ နေထိုင်တယ်လို့ မှတ်ယူမယ်လို့ ရေးထားတယ်၊ အင်္ဂလိပ်မှာက ရေးထားတာ ပိုရှင်းပါတယ်၊ ဒီမှာဆိုရင် ဖွဲ့စည်းပုံက နိုင်ငံသားတိုင်း ခံစားခွင့် ရှိပါတယ်၊ လူတစ်စုအတွက်သာဆိုရင် ခြွင်းချက်ဆိုပြီး သူရေးထားမှာ မဟုတ်ဘူး၊ နိုင်ငံတော် သမ္မတ ခွင့်ပြုချက်ရမှ နိုင်ငံခြားသွားမယ်ဆိုရင် ပတ်စပို့တ်ဌာနကို ဖျက်ပစ်ရလိမ့်မယ်၊ ပတ်စပို့တ်ဟာ နိုင်ငံတော်ကို ကိုယ်စားပြုတယ်၊ ဒီအချက်ကို လက်ခံတယ်ဆိုရင် ဒီပုဒ်မက စောဒက တက်စရာမလိုပါဘူး။

ဟင်္သာမီဒီယာ။ ။ ဒီနေ့ဆို ပြည်နယ် အစိုးရရဲ့ ဒုတိယ ခြောက်လပတ် အစီရင်ခံစာကို လွှတ်တော် တင်တဲ့အပေါ်မှာ ကိုယ်စားလှယ်တွေက မြေပြင်နဲ့ ကွဲလွဲချက်တွေ ရှိနေတယ်လို့ ဝေဖန်တဲ့ အပေါ်မှာရော သုံးသပ်ပေးပါဦး။

ဦးမင်းကျော်လွင်။ ။ အဲဒါတွေကို နောက်ပိုင်းမှာ ထိန်းညှိနိုင်မှာပါ၊ အခုမှ အစိုးရအဖွဲ့က နည်းနည်းလေး ဟန်ချက်ညီနေတာပါ။ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး သေချာလေး လေ့လာပြီးမှ ပြောမယ်လေ။

ဟင်္သာမီဒီယာ။ ။ အခုဝန်ကြီးဖြစ်ပြီးနောက်ပိုင်းဆို အချိန်ကာလက သုံးနှစ်ကျော်ကျော်လောက်သာ ကျန်တော့တယ်၊ ဒီအတွက် ဒီရတဲ့ အချိန်လေးမှာ ပြည်သူတွေကို ဘယ်လောက်အထိ လုပ်ပေးသွားဖို့ ရှိလဲ။

ဦးမင်းကျော်လွင်။ ။ ကျွန်တော် ပေးဆပ်ဖို့လာတဲ့အတွက် စည်းကမ်း စနစ်တကျနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ကို စိတ်အားထက်သန်ပါတယ်၊ အရည်အသွေးနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ ဝန်ကြီးကြုံနေရတဲ့ ဥပဒေမဲ့တွေ စည်းကမ်းမဲ့တွေ ဘာလို့ ဖြစ်နေလဲ၊ စည်းကမ်း စည်းစနစ်တွေကို ထိန်းညှိရင်းနဲ့ သုံးနှစ်အတွင်းမှာ အရည်အသွေးပိုင်းကို တော်တော် လုပ်သွားမှာပါ၊ အခုဆို စာတော်တော် ဖတ်နေရတယ်၊ အရင်က ဥပဒေတွေ ပြန်ဖတ်နေရတယ်၊
အခုလာမယ့် ဥပဒေတွေကို ပြန်ကြည့်နေရတယ်၊ ကျွန်တော် အခုအချိန်မှာ လွတ်လွတ်လပ်လပ် မပြောနိုင်သေးတာက အဲဒါတွေကို အခုချိန်မှာ ကျွန်တော် အကုန်လုံး မသိသေးလို့ ဖြစ်တယ်၊ ကိုယ် လုပ်ချင်တဲ့ စိတ်ပဲ ရှိတယ်၊ ကျွန်တော် ပြည်နယ်အတွက် လာတာပဲ ရှိတယ်၊ ဟိုမှာ ကျွန်တော် အေးဆေးနေလို့ ရပါတယ်၊ AC BE ရထားတဲ့အတွက်ကြောင့် ကုမ္ပဏီများနဲ့ အလုပ်လုပ်ရင် ကျွန်တော်အတွက် မခက်ဘူး၊ ဒီပြည်နယ်မှာ အခုစလုပ်ဖို့ တော်တော်လေး စာတွေ ပြန်ဖတ်နေရတယ်၊ ကိုယ့်အတွက် အချိန်မရှိတော့ဘူး။

ကျွန်တော်တို့ ပြည်နယ်က တခြားပြည်နယ်ထက်စာရင် ဖွံ့ဖြိုးမှုလည်း တော်တော်လေး နိမ့်ကျနေတယ်၊ ကျွန်တော်အစတုန်းက ကိုယ့်အတွက် အတတ်နိုင်ဆုံး လုပ်တယ်၊ အဲအချိန်မှာ ပြည်နယ်အတွက် ဘာမှ မလုပ်ပေးနိုင်သေးဘူး၊ အပြင်မှာနေရင် ပြောလို့ဆိုလို့ ရှိရင် ပြောတဲ့ စကားတွေက လေပေါ်မှာ ပျောက်သွားတယ်၊ ဒီအစိုးရအဖွဲ့ထဲ ဝင်မှ လုပ်လို့ရမယ်ဆိုတာ သိလာတယ်၊ အဲအတွက် ကျွန်တော် ကြိုးစားတယ်၊ အခုဆို PE ပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်အောင် ကြိုးစားပြီးတော့ ပြည်နယ်အတွက် လုပ်ပေးမယ်ဆိုပြီး ကျွန်တော် ပြန်လာတာ ဖြစ်တယ်၊
အခုဆို ဘီလူးကျွန်းဟာ တံတားရတာ ဖြစ်တယ်၊ အစတုန်းကဆို ကိုယ့် ဘီလူးကျွန်း ဖွံ့ဖြိုး တိုးတက်ဖို့ လောက်ပဲ စဉ်းစားတယ်၊ ဒီနေရာ ရောက်လာတဲ့ အတွက်ကြောင့် တခြားမြို့နယ်အတွက်ပါ စဉ်းစားသွားမှာပါ၊ ကျွန်တော် နိုင်ငံခြား ထွက်ဖြစ်တာက ဟိုနိုင်ငံတွေမှာ လုပ်တဲ့ စည်းနဲ့ကမ်းတဲ့ စနစ်တွေကို လေ့လာချင်လို့ ဖြစ်တယ်၊ မြန်မာပြည်ပြန်ရောက်တော့ ကျွန်တော်က အလုပ်လုပ်ဖို့ စဉ်းစားသေးတယ်၊ ဒါနဲ့ ပြည်နယ်မှာ လူလိုနေပြီး လုပ်ပေးပါဦးလို့ ပြောကြလို့ တင်လိုက်တာ ဖြစ်တယ်၊ ကျွန်တော် မထင်ထားပါဘူး၊ ကျွန်တော် ဖြစ်လာတော့ ဝေဖန်သံတွေနဲ့ တိုးလာတယ်။

ဟင်္သာမီဒီယာ။ ။ ဝေဖန်သံတွေ ကြားရတယ်ဆိုတော့ ဘယ်လို ဝေဖန်သံတွေကို ပြောတာလဲ။

ဦးမင်းကျော်လွင်။ ။ ဝေဖန်သံဆိုတာက အတည်ပြုဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဝေဖန်သံကို ပြောတာ ဖြစ်တယ်၊ ဖေ့ဘုတ်စ်ပေါ်မှာ ဝေဖန်သံနဲ့ အားပေးသံက ယှဉ်ကြည့်လိုက်ရင် လိုလားတဲ အသံများလာတော့ လုပ်ရကိုင်ရတာ အားရှိပါတယ်၊ အားပေးတဲ့အပိုင်း များလာတယ်။

ဟင်္သာမီဒီယာ။ ။ နောက်ဆုံးအနေနဲ့ မွန်ပြည်နယ်က ပြည်သူတွေကို ဘာများဖြည့်စွက်ပြီးပြောချင်သေးလဲ။

ဦးမင်းကျော်လွင်။ ။ မွန်ပြည်နယ်က ပြည်သူတွေက နည်းနည်းလေးတော့ ကိုယ်ဖြစ်ချင်တာကို တွေးတဲ့နေရာမှာ အများကြီး အစွန်းရောက်အောင် မတွေးဖို့ ပြောချင်တယ်၊ အချိုးညီညီနဲ့ တိုးတက်လာမယ်ဆိုတာကို ခဏလေး စောင့်ပေးဖို့ ၊ ပြည်သူတွေက ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒများသွားလို့ ရှိရင် အမှန်ကို မမြင်တတ်ဘူး၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝန်ကြီးချုပ်ကအစ ကျွန်တော်တို့ အားလုံး ကြိုးစားနေပါတယ်၊ အဲဒီအပေါ်မှာ ကျွန်တော့်ကို သံသယမဖြစ်စေချင်ဘူး၊ ပြည်သူတွေ ပါဝင်လာကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်၊ ပြည်သူတွေ ပါဝင်လာမှ ကျွန်တော်တို့ အောင်မြင်မှာပါ ၊ မပါဝင်လာရင်တော့ ကျွန်တော်တို့ အောင်မြင်မှာ မဟုတ်ပါဘူး။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...