ရက္ခိုင့်တပ်တော်(AA) နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် မောင်တောနယ်စပ်တွင် နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းက နယ်ခြားစောင့်တပ်များဖြင့် လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းရရှိသည်။
ယမန်နေ့နံနက်ပိုင်းက မောင်တောမြို့နယ် တမန်းသားကျေးရွာနှင့် မင်္ဂလာညွှန့်ကျေးရွာအနီးတွင် တပ်မတော် စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်များကိုတိုးမြှင့်ချထားခြင်း ဖြစ်ကြောင်း ကျေးရွာသားများက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
အမည်မဖော်လိုသူ မင်္ဂလာညွှန့်ကျေးရွာသားတစ်ဦးက “ ရဲစခန်းမှာရဲတပ်ဖွဲ့ဝင်တွေ ထပ်တိုးထားတာပါ။ ညပိုင်းဆိုတော့ ရွာသားတွေ အိမ်ထဲက မထွက်ရဲကြဘူး။ ရွာထဲမှာ စစ်သားတွေ ရောက်နေတယ်လို့လည်း ကြားရပါတယ်” ဟု ပြောသည်။
၄င်းအပြင်စစ်တပ်ကားနှစ်စီးနှင့် ခြေလျင်တပ်သားအင်အားအများအပြား တမန်းသားကျေးရွာမှဖြတ်၍ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဘက်သို့ တက်သွားကြောင်း၊ ဒေသခံများအနေဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း နောက်ထပ်ကျေးရွာသားတစ်ဦးက ပြောသည်။
“ ရွာသားတွေကြောက်နေကြတယ်။ မနက်ဖြန်မှာအခြေအနေ မကောင်းရင်တော့ ရွာက ရှောင်ရှားသင့်ရင် ရှောင်ရှားရမှာပေါ့။ စစ်ကြောင်းတက်သွားတဲ့အခါမှာ တမန်းသား ကျေးလက် ကျန်းမာရေးက ဆေးဝါးတွေ အကူအညီတောင်းသွားတယ်လို့ ကြားရတယ်” ဟု ပြောသည်။
ရက္ခိုင့်တပ်တော်( AA) မှ ပြောခွင့်ရသူဦးခိုင်သုခအား ဖုန်းဖြင့်ဆက်သွယ်ရာတွင် မနက်ဖြန်တွင် ဖြေသင့်ဖြေထိုက်သည်များကို ဖြေကြားပေးမည်ဖြစ်ကြောင်းပြောဆိုပြီး သီးခြားတစ်စုံတစ်ရာ ဖြေကြားခဲ့ခြင်း မရှိခဲ့ပါ။
မောင်တောခရိုင်ရဲတပ်ဖွဲ့မှူးကလည်း ၄င်းမှာခွင့်ယူထားသဖြင့် မောင်တောတွင် ရှိမနေကြောင်း ပြောဆိုသည်။