ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးရှို့ခံမှုနှင့် ပတ်သက်၍ ကဗျာရေးသားသည်ဟုဆိုကာ မြောင်းမြမြို့ အခြေစိုက် သတင်းထောက်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
မြောင်းမြမြို့၊ ဘုရားချောင်း ရပ်ကွက်နေ အသက် ၅၄ နှစ်အရွယ်ရှိသူ၊ လူထုကလောင်ဂျာနယ်က သတင်း ထောက် ရဝေမောင်( ဦးညွှန့်လွင်)ကို စစ်ကောင်စီက နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
"ကဗျာကို လူသားချင်း စာနာစိတ်နဲ့ရေးဖွဲ့ထားတာပါ။ အာဏာသိမ်း စစ်ကောင်စီကို တိုက်ရိုက် ထိခိုက်တာ မပါ ဘူး။ အနာရှိတော့ စပ်တာပေါ့" ဟု မြောင်းမြမြို့ခံ တစ်ဦးကပြောသည်။
သတင်းထောက် ရဝေမောင်က သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် "ဆန္ဒတစ်ခု ဖြစ်တည်မှု" ကဗျာခေါင်း စဉ် ဖြင့် "ထန်တလန်ဆိုတာ ငါတို့သွေးချင်းတွေ နေတဲ့မြို့၊ သွေးဆူသူတို့ လက်ချက်ဖြင့် အေးအတူ ပူအမျှ မရှိတော့ ဘူး။ ပြေးထူ ကြရအောင်" အစရှိသည့် စာသားများပါသည့် ကဗျာကို ရေးတင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူ အချို့က ပြောသည်။
ကဗျာရေးသူ သတင်းထောက် ရဝေမောင်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လဆန်းတွင် ပုဒ်မ ၅၀၅ ဖြင့် ပထမအကြိမ် ဖမ်းဆီးခံရပြီး၊ မေလတွင် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်လာသူ ဖြစ်သည်ဟု မြောင်းမြ အခြေ စိုက် သတင်းမီဒီယာအသိုင်းအဝိုင်းထံမှ သိရသည်။
စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက မြောင်းမြမြို့ အခြေစိုက် မူခင်းသတင်းထောက်များ ဖြစ်ကြသည့် ဦးအောင်ဇော် မိုးကို သြဂုတ်လ အတွင်းကဖမ်းဆီးထားပြီး၊ ဦးလှမျိုး (ရာဇာကြီး)ကို နိုဝင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးထား သည်ဟု ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။
"သူတို့ နှစ်ဦးကလည်း ဖေ့ဘုတ်မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ post တွေရေးတင်လို့ အဖမ်းခံရတာ။ မြောင်းမြ က သတင်းထောက်တွေရဲ့ ဖေ့ဘုတ်တွေကို စရဖနဲ့ SB က စောင့်ကြည့်ပြီး ဖမ်းကြတာ" ဟု မြောင်းမြ ဒေသခံ ဦးထွန်းထွန်း က ပြောသည်။
နိုဝင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် သတင်းထောက် ရဝေမောင် အပါအဝင် သတင်းထောက် ၃ ဦး ကို မြောင်းမြမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် အမှုရေးဖွင့် တရားစွဲဆိုထားသည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။