စီးပွားရေးလုပ်ငန်းရှင်တွေအတွက် တရားဝင်လုပ်ငန်းလိုင်စင် လျှောက်ထားဖို့ IEC လုပ်ဆောင်ပေး

စီးပွားရေးလုပ်ငန်းရှင်တွေအတွက် တရားဝင်လုပ်ငန်းလိုင်စင် လျှောက်ထားဖို့ IEC လုပ်ဆောင်ပေး

ကရင်နီပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအတွက် တရားဝင်ကုမ္ပဏီမှတ်ပုံတင်နဲ့ လုပ်ငန်းလိုင်စင်တွေကို လျှောက်ထားနိုင်အောင် ပြုလုပ်ပေးနေပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောပါတယ်။

IEC နဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အစိုးရတစ်ရပ်အသွင်ဆန်တဲ့ အပြန်အလှန်တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ယုံကြည်မှုတွေကို တည်ဆောက်သွားနိုင်မှာဖြစ်တယ်လို့ IEC ရဲ့ ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်သွယ်ရေးဌာန-  ဌာနမှူးကြီး ဦးအယ်လ်‌ဖောင်းရှို က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“ပြည်သူတွေလည်းပဲ ဒီလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ယုံကြည်မှုတွေ၊ ခွန်အားတွေ ရရှိမယ်။ တရားဝင် မှတ်ပုံတင်ပြီးမှ လက်ရှိ ကိုယ့်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားတွေကို လုပ်ခွင့်ရလာတဲ့ အနေအထားမျိုး အာမခံချက်တွေရှိတဲ့ အနေအထားမျိုးဖြစ်လာမှာပေါ့နော်” လို့ ဦးအယ်လ်‌ဖောင်းရှို က ပြောပါတယ်။

ကုမ္ပဏီမှတ်ပုံတင် လျှောက်လိုသူတွေဟာ နိုင်ငံခြားကုမ္ပဏီ ဖြစ်နေပါက ပထမဦးစွာ နေထိုင်ခွင့် လျှောက်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကူးသန်းရောင်းဝယ်ရေး၊ ဒေသထွက် ပြောင်း၊ ဆန် စပါး ရောင်းဝယ်ရေး၊ သားသတ်လုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေး စသဖြင့် လုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားဖို့ ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

လုပ်ငန်းလိုင်စင် ပြုလုပ်ခြင်းအားဖြင့် အစိုးရကို အခွန်ငွေ ပေးဆောင်ရတော့မှာဖြစ်တဲ့အတွက် ကုန်စျေးနှုန်းကို ပိုမို ထိန်းပေးနိုင်လိမ့်မယ်လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာနေထိုင်တဲ့ ဆန်၊စပါးရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

“အာမခံချက်ရှိတယ်လို့ ယူဆရမှာပေါ့။ ဆန်၊ စပါးရောင်းဝယ်ရေးနဲ့ ပတ်သက်ပြီး စျေးကို ပိုပြီးထိန်းနိုင်လိမ့်မယ်။ ဆန်စက်တိုင်းက အခွန်ပေါ်မှာ မူတည်ပြီး ကြိတ်ခကို တပြေးညီကောက်ခံသွားမယ် ဆိုရင် တောင်သူတွေအတွက်လည်း အဆင်ပြေမယ်လို့ထင်တယ်” လို့ သူက ပြောပါတယ်။

ကုမ္ပဏီမှတ်ပုံတင်လျှောက်လိုသူအတွက် သတ်မှတ်ချက်အရ ကုမ္ပဏီမှာပါဝင်သူ အနည်းဆုံး သုံးဦးရှိရမှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံ၊ အစည်းအဝေးမှတ်တမ်း၊ အဖွဲ့ဝင်တွေနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းကုမ္ပဏီတွေရဲ့ အချက်အလက်တို့ကို ပူးတွဲတင်ပြရမယ်လို့ ဆိုပါတယ်။

ကုမ္ပဏီ မှတ်ပုံတင်ကြေးက ၃၅၀၀၀၀ ( သုံးသိန်းခွဲ ) ကျပ် ကုန်ကျမှာဖြစ်တယ်လို့လည်း IEC က ပြောဆိုထားပါတယ်။ လုပ်ငန်းလိုင်စင်လျှောက်ထားရေးကို ၂၀၂၄ ခုနှစ် ဇွန်လက စတင်လုပ်ဆောင်ပေးတာဖြစ်ပြီး လက်ရှိမှာတော့ New Seven Star ကုမ္ပဏီကို ကုမ္ပဏီ မှတ်ပုံတင်ပေးပြီးဖြစ်တယ်လို့ IEC က ဆိုပါတယ်။

မှတ်ပုံတင်ပြီးတဲ့ New Seven Star ကုမ္ပဏီက လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိသေးတာကြောင့် အဲ့ဒီကုမ္မဏီရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိကာလဟာ ပဋိပက္ခကာလလည်းဖြစ်လို့ လုပ်ငန်းရှင်တွေအနေနဲ့ မဖြစ်မနေမှတ်ပုံတင်ရမယ်လို့ သတ်မှတ်ထားခြင်း မရှိသေးပေမဲ့ အတူတကွ လုပ်ဆောင်နိုင်အောင် စည်းရုံးရေးတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ IEC က ပြောဆိုထားပါတယ်။

Most read this week

December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...
December 17, 2024
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ ညဖက် အသွားအလာလုပ်ပါက စစ်ကောင်စီက ဖမ်းဆီးမှုတွေ...
December 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက...