PDF နှင့်ဆက်စပ်သံသယဖြင့် ရခိုင်တွင် အမျိုးသမီးများပါ ဖမ်းဆီးမှုရှိလာ

PDF နှင့်ဆက်စပ်သံသယဖြင့် ရခိုင်တွင် အမျိုးသမီးများပါ ဖမ်းဆီးမှုရှိလာ

ရခိုင်ပြည်နယ်တွင် PDF နှင့်ဆက်စပ်သံသယဖြင့် အမျိုးသမီးများပါ ဖမ်းဆီးမှုရှိလာနေကြောင်း သိရသည်။

သံတွဲနှင့် ငပလီမြို့တို့မှ အမျိုးသမီး ၃ ဦးသည် PDF နှင့်ဆက်စပ်သံသယဖြင့် နိုဝင်ဘာလ ၃ ရက် ညပိုင်းတွင် နေအိမ်အသီးသီးမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်မှ မတင်စန္ဒာဝင်း (၂၈ နှစ်)၊ အမှတ် ၇ ရပ်ကွက်မှ ၁ဝ တန်းကျောင်းသူ မသိမ့်အေးချမ်း (၁၇ နှစ်)နှင့် ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက်မှ မငြိမ်းအိဖြူကျော် (၃၅ နှစ်)တို့ (၃) ဦး ဖမ်းဆီးခေါ်ဆောင်ခံရခြင်း ဖြစ်သည်။

၎င်းတို့ ၃ ဦးအနက် မတင်စန္ဒာဝင်းနှင့် မငြိမ်းအိဖြူကျော်တို့နှစ်ဦးကို တရားလိုစစ်တပ်အရာရှိတစ်ဦးက အကြမ်းဖက်မှုပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်ထားပြီး ၁ဝ တန်းကျောင်းသူ မသိမ့်အေးချမ်းကို ရမန်တစ်ပတ်ယူကာ သံတွဲမြို့မရဲစခန်းတွင် စစ်ဆေးနေသည်ဟု သိရသည်။

သံတွဲမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက "လောလောဆယ်တော့ စစ်ဆေးနေတုန်းပါ"ဟု ပြောသည်။

၁ဝ တန်းကျောင်းသူ မသိမ့်အေးချမ်း၏အမည်ဖြင့် Kpay အကောင့်မှ ငွေထုတ်ငွေလွှဲခဲ့သည်ဟုဆိုကာ စစ်ဆေးနေခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိပါက ပြန်လွှတ်ပေးသွားမည်ဟု သံတွဲမြို့မရဲစခန်းတာဝန်ရှိသူက ပြောကြောင်း အဒေါ်ဖြစ်သူ ဒေါ်မေပိုက်ပိုက်ထွန်းက နိရဉ္စရာသို့ ပြောသည်။

"မနက်ဖြန်မှာတော့ ဘဏ်မှာ တရားဝင်စစ်ဆေးဖို့ဆိုပြီး စာတင်ထားတာရှိတယ်။ မနက်ဖြန်စစ်လို့ အပြစ်လွတ်ရင် ပြန်လွှတ်ပေးမယ်ပြောတယ်။ ကလေးက K PAY အကြောင်းတောင် ကောင်းကောင်းမသိပါဘူး။ ဖုန်းကိုတောင် တခါတလေ သူ့အဒေါ်အကြီးဆီက ဂိမ်းကစားဖို့ကိုင်ရုံလောက်ပဲ"ဟုပြောသည်။

မသိမ့်အေးချမ်း အသက် (၁၈) နှစ် မပြည့်သေးသဖြင့် ရဲအချုပ်ခန်းတွင်မထားရှိဘဲ ရုံးခန်းတွင် ရဲမေများနှင့်အတူ ထိန်းသိမ်းထားကြောင်း သိရသည်။

PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ငပလီမြို့မှ အသက် ၄၂ နှစ်အရွယ် ဦးစိန်ချစ်နှင့် အသက် ၂၄ နှစ်အရွယ် ကိုရဲနိုင်ဦး၊ မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာမှ အသက်၂၃ နှစ်အရွယ် ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့်တို့ကိုလည်း ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည်။

ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...
November 13, 2024
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည်...