လားရှိုးမြို့တွင် အိမ်တွင်းကုသနေသည့် ကိုဗစ် – ၁၉ လူနာ များပြားနေဆဲ

လားရှိုးမြို့တွင် အိမ်တွင်းကုသနေသည့် ကိုဗစ် – ၁၉ လူနာ များပြားနေဆဲ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အိမ်တွင်းကုသမှု ပြုလုပ်နေသည့် ကိုဗစ် – ၁၉ လူနာ များပြားနေဆဲ ဖြစ်ကြောင်း ဒေသတွင်း ပရဟိတအသင်းများထံမှ သိရသည်။

လားရှိုးမြို့တွင်းတွင် ဆေးရုံနှင့် ကွာရန်တင်းစင်တာသို့ တက်ရောက်ကုသနေသည့် ပိုးတွေ့လူနာများမှ သေဆုံးမှုများ မြင့်တက်လာမှုမရှိသော်လည်း အောက်စီဂျင်ရှူနေရသည့် ရပ်ကွက်ထဲမှ လူနာများ များပြားနေဆဲဖြစ်ကြောင်း Covid-19 Operation Team က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ရှိက တချို့ရပ်ကွက်တွေထဲမှာ ရောဂါပျံ့နေတယ်၊ တော်တော်များများက ကွာရန်တင်းတို့ ဆေးရုံတို့ သွားရမှာကိုကြောက်လို့ စစ်လည်းမစစ်ချင်ကြဘူး၊ သို့ပေမဲ့ ကျနော်တို့ ပရဟိတတွေအနေနဲ့တော့ ဘာကို သတိထားမိလည်း ဆိုရင် အောက်စီဂျင်လာငှားတာကို ကြည့်ပြီး ရပ်ကွက်ဘက် ပိုဖြစ်များတယ်လို့ ယူဆတယ်” ဟု Covid-19 Operation Team မှ အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့တွင် နိုဝင်ဘာလ ၃ ရက်နေ့အထိ ကိုဗစ် -၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၃၈၅၅)ဦး ရှိနေပြီး ဆေးရုံဆင်းလူနာ (၃၄၅၂)ဦးနှင့် သေဆုံးလူနာ (၂၀၇)ဦးထိ ရှိနေကြောင်းလည်း ၎င်းက ပြောသည်။

“ဒီနေ့အထိတော့ ပိုးတွေ့လူနာက နေ့တိုင်းရှိနေပါတယ်၊ မနေ့က ၉ ယောက်စစ်ဆေးတွေ့တယ်၊ ဒီနေ့လည်း ကျနော်တို့ မြို့မဈေးနဲ့ အောင်မင်္ဂလာဈေးဘက်စစ်တာ ၉ ယောက်ထပ်တွေ့တယ်၊ ပြီးတော့ ရပ်ကွက်ကနေ တစ်နေ့ကို အောက်စီဂျင် နှစ်ခါ သုံးခါလောက်လာငှားနေတဲ့သူတွေရှိတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လက်ရှိတွင် လားရှိုးမြို့တွင်း ကိုဗစ် ပိုးတွေ့ အတည်ပြုလူနာများအနက် ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနေသူ (၇၆)ဦး၊ ကုတင်-၁၀၀ တွင် ဆေးကုသမှုခံယူနေသူ (၁၆)ဦး၊ ပိုးတွေ့အချုပ်သား(၁၆)ဦး၊ ပညာရေးကောလိပ် P စင်တာမှာ (၉၃)ဦး အသီးသီးရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ အောက်စီဂျင်ငှားရမ်းမှု များပြားနေမှုနှင့် ကိုဗစ် ကူးစက်မှုနှုန်း လျော့မသွားသည့်အတွက် လားရှိုး မြို့ပေါ်ရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်၊ စားသောက်ဆိုင်များ ပါဆယ်စနစ်ရောင်းချရေးနှင့် ပျံကျဆိုင်များကို (၂)ပတ် ယာယီပိတ်သိမ်းထားရန် မြို့နယ်စည်ပင်သာယာရေးဌာနက ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...