စစ်ကောင်စီက စစ်ကိုင်း ကန့်ဘလူတွင် လူနေအိမ် ၁၃၀ ကျော် မီးရှို့

စစ်ကောင်စီက စစ်ကိုင်း ကန့်ဘလူတွင် လူနေအိမ် ၁၃၀ ကျော် မီးရှို့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာအချို့ထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့သည် လူနေအိမ် ၁၃၃ ဆောင်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းတပ်တို့က ကန့်ဘလူမြို့နယ်ထဲက ကျောင်းကုန်း၊ ဖိုလ်ကုန်းနှင့် သပြေသာ ကျေးရွာများထဲရှိ လူနေအိမ်များကို နိုဝင်ဘာလ ၉ ရက်နေ့တွင် မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် သပြေသာကျေးရွာမှ ဒေသခံပြည်သူတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားခဲ့ပြီး အခြားတစ်ဦးကိုမူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက “မနက် ၈ နာရီလောက် ကတည်းက ဝင်ပြီး သုံးရွာစလုံးကို ဆက်တိုက် ရှို့သွားတာပေါ့။ သပြေသာ ရွာထဲမှာတော့ မီးရှို့အသတ်ခံရတာ ရုပ်အလောင်း တစ်လောင်းတွေ့တယ်။ ဘယ်သူဘယ်ဝါ ဆိုတာကတော့ ခန့်မှန်းလို့ မရသေးဘူး။ ဘာလို့ဆိုရင် သပြေသာရွာဆိုရင် ပျူရွာဇီးကုန်းနဲ့ နီးတယ်။ ပျူအထိုင်တွေနဲ့ နီးကြတယ်။ သကြားစက်နဲ့ နီးကြတဲ့ အခါကျတော့ တော်တော်များများ ရွာထဲတွေလည်း နေခဲ့ကြတယ်။ တောထဲတွေပဲ တောင်သူလုပ်ပြီး နေကြတာ။ အဲ့လိုမျိုးဆိုတော့ အစကတည်းက ရှောင်နေတာဖြစ်တဲ့အတွက် အဖမ်းခံရတဲ့ဟာလည်း ဘယ်သူဘယ်ဝါ ဆိုတာကို သူတို့အတည်ပြုလို့ မရနိုင်သေးဘူးပေါ့နော်” ဟု ပြောသည်။

ဇီးကုန်းသကြားစက်တွင် တပ်ထိုင်ထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ အင်အား ၁၂၀ ခန့် သည် ကျောင်းကုန်းကျေးရွာမှ လူနေအိမ် ၄၃ ဆောင်၊ ဖိုလ်ကုန်းကျေးရွာမှ ၂၃ ဆောင်နှင့် သပြေသာကျေးရွာမှ ၆၇ ဆောင်တို့အား မီးရှို့ခဲ့ခြင်း ဖြစ်သည်။

ဒေသတွင်းရှိ စစ်ရှောင်ပြည်သူများကို ကူညီပေးနေသူ တစ်ဦးက “လောလောဆယ်တော့ သူတို့စာရင်းပေးသလောက်တော့ အများပိုင် အဆောက်အအုံတွေတော့ မပါဘူး။ ကျောင်းကုန်းကတော့ အခုမှ ပထမဆုံးအကြိမ်ပေါ့နော်၊ သပြေသာနဲ့ ဖိုလ်ကုန်းကတော့ ဒါနဲ့ဆို သုံးကြိမ်မြောက် ဖိုလ်ကုန်းက နှစ်ကြိမ် ရှို့ခံထားရတယ်။ ပထမ တစ်ကြိမ်က ၈ အိမ်၊ နောက်တစ်ကြိမ်က ၃၁ အိမ်၊ အဲ့ဒါပြီးတော့ စာသင်ဆောင် တစ်ဆောင် မီးလောင်ထားတယ်” ဟု ပြောသည်။

အလားတူ နိုဝင်လာလ ၈ ရက်နေ့တွင်လည်း ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲက ဘအင်းသရက်တော ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က ဒေသခံပြည်သူ နှစ်ဦးအား သတ်ဖြတ်ပြီး အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံပြည်သူ လေးဦးအား ဖမ်းဆီးသွားသည်။

အဆိုပါ ဒေသခံပြည်သူ လေးဦးမှာ ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

နေအိမ်များ မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ကျေးရွာများက ဒေသခံပြည်သူများသည် လက်ရှိတွင် တောတောင်ထဲ နှင့် လယ်ယာများတွင် စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာအပြင် စောင်၊ အဝတ်အထည်များပါ လိုအပ်နေသည်။

ဒေသခံတစ်ဦးက “အခက်အခဲကတော့ ဒီဘက်မှာ အေးနေပြီး တောထဲတွေပဲ ရှောင်ပြီးနေကြတယ်။ အနွေးထည် တို့ဟာမျိုး စောင်၊ အမိုးအကာမရှိရင် တော်တော်ခက်ခဲတယ်။ ကျမတို့ တဲထဲနေနေတာတောင်အေးတယ် ညပိုင်းတွေ ဘာတွေဆိုရင်။ ပြည်သူတွေ နီးစပ်ရာ တောထဲရှောင်ရတဲ့ အခါကျတော့ တော်တော်လေး ခက်ခဲတယ်။ အစားအသောက်လည်း ခက်ခဲတယ်။ သောက်သုံးရေတောင် ခက်ခဲတယ်” ဟု ပြောသည်။

ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့တို့ စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းတို့ကြောင့် ပြည်သူ ၈,၀၀၀ ခန့် ရပ်ရွာအိုးအိမ်မှ စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။

Most read this week

January 23, 2025
စစ်ရေး ပဋိပက္ခများကြောင့် ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ဆုံးရှုံးမှုကို ၂၀၂၅...
January 21, 2025
မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အမျိုးသမီး...
January 20, 2025
ရှမ်းပြည်တောင်ပိုင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အယောက် ၂ သောင်းကျော်အတွက် အရေးပေါ်...
January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...