၂၀၂၅ ခုနှစ်တွင် ခက်ခဲကြမ်းတမ်းမှုများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရန် ကရင်နီပြည်သူများ မျှော်လင့်

၂၀၂၅ ခုနှစ်တွင် ခက်ခဲကြမ်းတမ်းမှုများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရန် ကရင်နီပြည်သူများ မျှော်လင့်

စစ်ရေး ပဋိပက္ခများကြောင့် ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ဆုံးရှုံးမှုကို ၂၀၂၅ ခုနှစ်တွင် ငြိမ်းချမ်းရေးနှင့်အတူ အဆုံးသတ်နိုင်ရန် မျှော်လင့်သည်ဟု ကရင်နီပြည်သူများက ပြောသည်။

အာဏာသိမ်းချိန်မှစ၍ လက်ရှိအချိန်အထိ စစ်ရေးပဋိပက္ခများကြောင့် ကရင်နီပြည်သူများသည် နေထိုင်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲအပြင် အသက်သေဆုံးနိုင်သည့် ဘေးအန္တရာယ်အမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး အဆိုပါ ခက်ခဲမှုများကို ၂၀၂၅ ခုနှစ်ထဲတွင် အဆုံးသတ်နိုင်ရန် မျှော်လင့်သည်ဟု ဒီးမော့ဆိုမြို့နယ်ထဲရှိ လွိုင်နန်းဖကျေးရွာနေ CDM ဘက်စုံသားဖွားဆရာမတစ်ဦးက ပြောသည်။

၎င်းက “၂၀၂၅ မှာ အာဏာရှင် ပြုတ်ကျပီးတော့ အမတို့ လွတ်လပ်ခွင့် အပြည့်အဝ ရရှိချင်တယ်။ လူမှုရေး စီးပွားရေး စားဝတ်နေရေး အဘက်ဘက်ကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ချင်တယ်။ လေယာဉ်ကြောက်ရ၊ လက်နက်ကြီးကြောက်ရ၊ မိုင်းကြောက်ရတဲ့ ဘဝမျိုးကနေ လွတ်မြောက်ချင်တယ်။ အမတို့ CDM လုပ်တယ်ဆိုတာ အာဏာရှင်ကို မလိုလားလို့ပေါ့နော်။ ၂၀၂၄ မှာ မစည်းလုံးခဲ့သမျှ စည်းလုံးကြမယ်။ ထိရောက်မှု မရှိခဲ့သမျှ ထိရောက်မှုရှိအောင် ဆောင်ရွက်မယ်ဆိုရင် ပြည်သူတွေ ပေးဆပ်ထားတဲ့ အိုးအိမ်တွေ အနစ်နာခံမှုတွေ အားလုံးရဲ့အသက်တွေ တိကျတဲ့အဖြေတစ်ခုကို ပေးနိုင်ကြမယ်လို့ ထင်မိတယ်” ဟု ပြောသည်။

ကရင်နီတော်လှန်ရေး ရဲဘော်တစ်ဦးကလည်း ၂၀၂၅ ခုနှစ်တွင် ၎င်း၏ မျှော်လင့်ချက်ကို ယခုကဲ့သို့ ပြောသည်။

ကရင်နီတော်လှန်ရေး ရဲဘော်တစ်ဦးက “ရဲဘော်တစ်ယောက်အနေနဲ့ ကျနော်မျှော်လင့်တာကတော့ တစ်ခြား သာမာန်ပြည်သူလိုပါပဲ။ စစ်ကောင်စီ မြန်မြန်ပြုတ်ကျလေ ကောင်းလေပဲ။ ကျနော်လည်း ငြိမ်းချမ်းတဲ့နိုင်ငံမှာ ငြိမ်းချမ်းတဲ့ပြည်နယ်မှာ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် ရှာဖွေစားသောက်ချင်တယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်ထဲတွင် စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် မခွဲခြားဘဲ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် လူပေါင်းများစွာ အသက်သေဆုံးခဲ့ရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပညာသင်ယူရာတွင်လည်း စိုးရိမ်စိတ်များကို ဖြစ်ပေါ်စေသည်ဟု ကရင်နီ ကျောင်းသား/သူများက ပြောသည်။

ထို့ကြောင့် ၂၀၂၅ ခုနှစ်တွင် ပညာကို လွတ်လပ်စွာသင်ယူနိုင်ရန် မျှော်လင့်သည်ဟု ထိုင်း-ကရင်နီ နယ်စပ်ရှိ ဆယ်သဲကောလိပ်တွင် ပညာသင်ယူနေသည့် ကျောင်းသူတစ်ဦးက ပြောသည်။

“အခု ပညာသင်ယူနေတဲ့အချိန်မှာ ဒီလေယာဉ်တို့ ဒရုန်းသံတို့ ကြားနေရတဲ့အချိန်မှာဆို ကျမတို့က ကျောင်းတွေပိတ်၊ ကျောင်းတွေ နားလိုက်ရတဲ့အချိန်တွေ ရှိတာပေါ့နော်။ သူများနိုင်ငံမှာဆိုရင် ကောင်းကောင်းမွန်မွန်နဲ့ ပညာသင်နေရတဲ့အချိန်မှာ ကျမတို့က တောထဲ၊ ဝါးရုံကြားထဲမှာပဲ အဆောင်လေး သေးသေးလေးကိုဆောက်ပြီးတော့ အဖွဲ့လိုက် အစုလိုက် နေနေရတယ်။ ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့ မအိပ်ရဘူး။ ပြီးတော့ လေယာဉ်သံကြားပြီဆိုရင် ကိုယ့်ရဲ့ အရေးပေါ် အိတ်လေးကို ယူပြီးတော့ မြောင်းထဲမှာ ပြေးပြီးတော့ ပုန်းနေရတယ်။ ပြီးတော့ ဒီစားဝတ်နေရေးအပိုင်းမှာလည်း အခက်အခဲဖြစ်တယ်။ အဲ့ဒါကြောင့်မို ဒီ ၂၀၂၅ တော်လှန်ရေးကို အမြန်ဆုံးပြီးမြောက်ဖို့ကို ကျမ မျှော်လင့်ထားပါတယ်။ ဒီ ၂၀၂၅ မှာ ငြိမ်းချမ်းရေးတစ်ခုကို ပိုပြီးတော့ မျှော်လင့်ထားတယ်”

ထို့အပြင် တိုက်ပွဲများကြောင့် ပြည်သူများသည် အိုးအိမ်စွန့်ခွာကာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး  အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသည့်အတွက် ၂၀၂၅ ခုနှစ်ထဲတွင် တော်လှန်ရေးကို အဆုံးသတ်နိုင်ရန် အားလုံးတွင် တာဝန်ရှိသည်ဟု ဒီးမော့ဆိုမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပြည်သူလူထု တစ်ယောက်အနေနဲ့ တော်လှန်ရေးကို အဆုံးသတ်ချင်ပြီ။ သို့ပေမဲ့လည်း အဲ့ဒီ အဆုံးသတ်ဟာ ကောင်းတဲ့အဆုံးသတ် ဖြစ်စေချင်တာပေါ့နော်။ ကျနော်တို့ ထိထိမိမိနဲ့ လုပ်ဆောင်ကြိုးစားမယ်ဆို ဒီတော်လှန်ရေးဟာ ပိုပြီးတော့ မြန်ဆန်စေမယ်။ အဓိက တော်လှန်ရေးဆိုတာ တော်လှန်ရေးလုပ်နေတဲ့ တော်လှန်ရေးသမားပဲမဟုတ်ဘဲနဲ့ ပြည်သူတွေအားလုံးရဲ့ တော်လှန်ရေးဖြစ်တဲ့အခါမှာ ပြည်သူတွေက စိတ်မဝင်စားဘဲ နေလို့မရတော့ဘူး။ ဒီအချိန်မှာ ပိုပြီးတော့ အားစိုက်ရမယ်။ ပြည်သူတွေက ဒီထက်ပိုပိုပြီးတော့ ပါဝင်လုပ်ဆောင်ပေးရင်တော့ ပိုပြီးတော့ ထိရောက် လျင်မြန်လိမ့်မယ်လို့ ပြောချင်တယ်ပေါ့နော်”

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူးဦးရယ်က ၂၀၂၅ ခုနှစ်တွင် ခွန်အားသစ်များနှင့်အတူ စွန့်လွတ်မှုကို ပိုမိုဦးတည်ပြီး ညီညွတ်စွာဖြင့် တော်လှန်ရေးခရီးကို အဆုံးထိ ချီတက်သွားကြရန် ယုံကြည်မျှော်လင့်သည်ဟု နှစ်သစ်မိန့်ခွန်းထဲတွင် ပြောဆိုထားသည်။

ထို့အပြင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အနေဖြင့်လည်း ၂၀၂၅ ခုနှစ်အတွင်း အောင်ပွဲများ ရရှိနိုင်ရန် ပြင်ဆင်နေပြီး လက်ရှိအချိန်ထိ ယိုင်နဲ့နေပြီဖြစ်သော်လည်း မပြိုလဲသေးသည့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်စေရန် အမြန်ဆုံး ဆက်လက်လုပ်ဆောင် ကြိုးစားသွားကြမည်ဟု ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောသည်။

Most read this week

January 21, 2025
မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အမျိုးသမီး...
January 20, 2025
ရှမ်းပြည်တောင်ပိုင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အယောက် ၂ သောင်းကျော်အတွက် အရေးပေါ်...
January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...