ကျောက်မဲမြို့နယ် တိုက်ပွဲဆက်ဖြစ် စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှုကြုံနေ

ကျောက်မဲမြို့နယ် တိုက်ပွဲဆက်ဖြစ် စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှုကြုံနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်များဖြစ်သည့် RCSS နှင့် တပ်ပေါင်းစုတို့အကြား တိုက်ပွဲဆက်ဖြစ်နေပြီး နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် များလည်း စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံနေကြကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့နယ်တွင် ယခုလအစောပိုင်း၌ တိုက်ပွဲဖြစ်ပွားမှု လျော့နည်းသွားသော်လည်း ယမန်နေ့ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်တွင် ပန်ဟုန်း၊ ဟူးကွက်၊ ဟူးဆွန်ကျေးရွာအနီးတဝိုက် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး လက်နက်ကြီးသံများလည်း ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ကလည်း ကြားတယ်၊ ဒီနေ့လည်း နေ့လည်ပိုင်းအထိကို ကြားနေရတယ်၊ လက်နက်ကြီးသံက ပိုကျယ်လာတယ်၊ တိုက်ပွဲအခြေနေတော့ မသိရဘူး၊ ဒါပေမယ့် စစ်ရှောင်စခန်းမှာတော့ စားနပ်ရိက္ခာတွေ ပြတ်လုနီးပါးကို ဖြစ်နေပြီ၊ စစ်ရှောင်နေရတာလည်း ကြာပြီလေ” ဟု ထိုကျေးရွာအနီး နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စုအတွင်း စစ်ဘေးရှောင် (၁၅၀၀) ကျော်ရှိနေပြီး လက်နက်ကြီး ပစ်ခတ်နေကြသည့်နေရာသည် စစ်ရှောင်စခန်းနှင့် နီးကပ်နေသည့်အတွက် ထိုစစ်ရှောင်များအတွက် စိုးရိမ်ရကြောင်း ၄င်းက ပြောသည်။

ထို့အပြင် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ စစ်ရှောင်စခန်းများတွင်လည်း စားနပ်ရိက္ခာများ ပြတ်လုနီးပါးဖြစ်နေကြောင်း စစ်ရှောင်ကူညီသူ လုင်းလျန်းဟန်က ပြောသည်။

“သူတို့အတွက် စားနပ်ရိက္ခာ အရမ်းကို နည်းနေပြီ၊ ပြတ်လုနီးပါးကို ဖြစ်နေတာ၊ အလှူရှင်ကလည်း အရမ်းကို နည်းသွားပြီလေ၊ သူတို့က အိမ်ကို အရမ်းပြန်ချင်တယ်လို့ ပြောတယ်၊ တစ်ချို့ဆို မျက်ရည်တောင်ကျတယ်၊ တိုက်ပွဲက ဆက်ဖြစ်နေတော့ ဘယ်လိုမှ မပြန်နိုင်ကြသေးဘူး”ဟု စစ်ရှောင်များကို ကူညီနေသည့် ကျောက်မဲ သျှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းတင်းကျေးရွာအုပ်စုတွင် စစ်ရှောင်စခန်း (၄) ခုရှိပြီး လူဦးရေ (၃၀၀) ကျော်၊ မန်ခါစစ်ရှောင်စခန်းနှင့် ကြူရှော (မြောက်ရွာ) ဘုန်းကြီးကျောင်းတို့တွင်လည်း စစ်ရှောင် (၃၀၀) ကျော်၊ မိုင်းငေါ့မြို့နယ်ခွဲတွင် စစ်ရှောင် (၂၂၀) ကျော်ရှိနေကြောင်း သိရသည်။

ထို့အပြင် ကျောက်မဲမြို့ပေါ်ရပ်ကွက်နှင့် ဆွေမျိုးများရှိသည့် ကျေးရွာများတွင် သွားရောက်ခိုလှုံနေကြသူ များလည်း ရာချီရှိနေကြောင်း စစ်ရှောင်ကူညီသူများက ဆိုသည်။

လက်ရှိတွင် စိုက်ပျိုးရိတ်သိမ်းသည့် ရာသီဖြစ်သည့်အတွက် နေရပ်ပြန်လုပ်ကိုင်နိုင်ရေးအတွက် တိုက်ပွဲများ ရပ်တန့်ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း ယနေ့အချိန်ထိ တိုက်ပွဲရပ်တန့်သွားခြင်း မရှိသေးပေ။

 
 

 

 

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...