မြိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးတွင် အောက်တိုဘာ ၁၉ ရက်နေ့က အင်အားပြင်းထန်သော ဗုံးတလုံး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရုံးအဆောက်အဉီ ပျက်စီးသွားခဲ့သည်ဟု မြိတ်မြို့ခံများနှင့် NLD တာဝန်ရှိသူများက ပြောသည်။
မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ တပ်ပြင်ရပ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးအား အောက်တိုဘာ ၁၉ ရက်နေ့၊ ည ၁၂ နာရီ ၁၀ မိနစ် အချိန်ခန့် အားပြင်းဗုံး (မိုင်း) ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု မြိတ်ဒေသခံများနှင့် NLD ပါတီအဖွဲ့ချုပ် တာဝန်ရှိသူများ ပြောသည်။
တပ်ပြင်ရပ်ရှိ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စုပေါင်းရုံးတွင် ည ၁၂ နာရီကျော်ကျော်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ် ပြီး ပေါက်ကွဲမှုကြောင့် ရုံး၏အုတ်နံရံ၊ ဖောင်ဒေးရှင်းအပိုင်းများ၊ ရုံးပြတင်းပေါက်မှန်များနှင့် ခြံစည်းရိုး အုတ်တံတိုင်းများ ပျက်စီးသွားသည်။
လူထိခိုက်မှုများ မရှိခဲ့ကြောင်း သိရသည်။
“အခုမိုင်းက တမင်အကွက်စေ့စေ့နဲ့ အချိန်ယူ ဖေါက်ခွဲတာဖြစ်မယ်။ သာမာန်ဗုံးပေါက်ရုံလောက်နဲ့ အဲဒီလောက် မပျက်စီးနိုင်ဘူး။ မိုင်းနဲ့ဖေါက်ခွဲတာဖြစ်နိုင်တယ်။ အောက်ထပ်ဖောင်ဒေးရှင်း တခုလုံးသုံးမရတော့ဘူး။ အသစ်ပြန်ဆောက်မှရမယ်” ဟု ရုံးအနီးနေထိုင်သူ အသက် ၄၀ နှစ် အရွယ်ခန့်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
ပေါက်ကွဲသံသည် သာမန်ဗုံးကွဲသည့် အသံမျိုးမဟုတ်ပဲ ကျယ်လောင်လွန်းသည် သာမန်ဗုံးခွဲခြင်းမျိုးမဟုတ်ဘဲ ကျွမ်းကျင်သူများ၏ စနစ်တကျ ဖောက်ခွဲခြင်းမျိုးသာဖြစ်နိုင်သည်ဟု တပ်ပြင်ရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားချိန်သည်လည်း သာမာန်ပြည်သူများ အပြင်မထွက်ရန် စည်းကမ်းချက် ထုတ်ပြန်ထားသည့်အချိန်ဖြစ်နေ၍ မည်သည့်အဖွဲ့အစည်းက ဖောက်ခွဲခြင်းဖြစ်သည်ကို လူအတော်များများက မှန်းဆနိုင်ကြောင်း တပ်ပြင်ရပ်ကွက် ဒေသခံများက ပြောသည်။၊
မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ်ရပ်ကွက်တွင် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီသတင်းပေး ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကျေးစည်းရုံးရေးမှူးတစ်ဦး အသတ်ခံခဲ့ရနောက် ပျူစောထီးအဖွဲ့က လက်တုန့်ပြန်ခြင်းဖြစ်နိုင်သည်ဟုလည်း ဒေသခံအချို့က သုံးသပ်ပြောဆိုနေကြသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း သတင်းတင်ပြရေးသားနေသည့်အချိန်ထိ အဆိုပါအနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးရှာဖွေခြင်း၊ လုံခြုံရေးချထားခြင်း စသည့် ဆောင်ရွက်မှုများ မရှိသေးဘူးဟုလည်း သိရသည်။
စစ်ကောင်စီသတင်းပေး ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကျေးစည်းရုံးရေးမှူး အသတ်ခံရမှုနှင့်ဆက်စပ်၍ တန်ပြန်ခြိမ်းခြောက်မှုအနေဖြင့် NLD ရုံးအား ဗုံးခွဲသည့်ကိစ္စကို ထိထိရောက်ရောက် ပြန်လည်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု Myeik Local Defense Force က ထုတ်ပြန်ထားသည်။