“အစိုးရအဖွဲ့မှာ နေခဲ့တော့ ဟိုဘက်က အားနည်းချက်တွေ အားသာချက်တွေ အကိုသိခဲ့တယ်”

“အစိုးရအဖွဲ့မှာ နေခဲ့တော့ ဟိုဘက်က အားနည်းချက်တွေ အားသာချက်တွေ အကိုသိခဲ့တယ်”
by -
ဟင်္သာမီဒီယာ
မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဦးမင်းမင်းဦး နှင့် တွေ့ဆုံခြင်း
မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဦးမင်းမင်းဦး နှင့် တွေ့ဆုံခြင်း
မွန်ပြည်နယ် ဝန်ကြီးချုပ် တာဝန်ကို ၁၀ လကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ရာထူးမှ နှုတ်ထွက်စာတင်ကာ အနားယူသွားသော ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းဦးနှင့် တွေ့ဆုံပြီး လွှတ်တော် အစည်းအဝေး ပြန်တက်ဖြစ်သည့် အကြောင်းအရင်းများ၊ ပြည်နယ်အစိုးရကို ထိန်းကြောင်းသွားမည့် အစီအစဉ်များ၊ ရာထူးမှ အနားယူပြီးနောက်ပိုင်း လုပ်ဆောင်ဖြစ်သည့် ကိစ္စရပ်များကို ဟင်္သာမီဒီယာက မေးမြန်းတင်ပြအပ်ပါသည်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ် ရာထူးက အနားယူပြီးနောက်ပိုင်းမှာ အစ်ကိုအနေနဲ့ ဘယ်လိုအလုပ်တွေ လုပ်ဖြစ်ခဲ့သလဲ။
ဦးမင်းမင်းဦး။ ။ အဓိကကတော့ အစ်ကိုက ကိုယ်ရဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ ပြန်လုပ်ဖြစ်တယ်၊ ဒီကြားထဲမှာတော့ လွှတ်တော် ကိုယ်စားလှယ် အလုပ်တွေ ပြန်လုပ်ဖြစ်ပါတယ်၊ အစ်ကိုရဲ့ မဲဆန္ဒနယ်မြေမှာ လမ်းတွေ လုပ်ထားတာ မပြီးသေးဘူး၊ အဲဒီအခက်အခဲလေးတွေ ရှိတော့ လာအကူအညီတောင်းကြတယ်၊ အစ်ကို ဒေသခံလည်း တိုင်းရင်းသား ဒေသတွေ ဖြစ်တော့ တိုင်းရင်းသားတွေ အကူအညီတောင်းလို့ ဆက်လုပ်ပေးနေရတာ ဖြစ်တယ်၊ သူတို့ရွာရဲ့ မြေသားလမ်းလေးတွေ ကျေးလက်လမ်းတွေကို လိုက်လုပ်ပေးဖြစ်တယ် အခုက အဝင်လွယ်တယ် အထွက်ခက်နေပြီး၊ အစ်ကိုက အခုအချိန်မှာ စိတ်အေး လက်အေးတော့ နေနေသေးတယ်၊ နေပြီးတော့ ဒေသက တောင်းဆိုတာတွေတော့ ကူညီဖြစ်ပါတယ်၊ ဒေသခံတွေက အစ်ကို ဝန်ကြီးချုပ် ရာထူးက အနားယူသွားပေမယ့် လွှတ်တော် ကိုယ်စားလှယ် ဖြစ်သေးတာကို သိနေကြလို့ လာအကူအညီတောင်းကြတာ ဖြစ်တယ်၊ အစ်ကိုကတော့ သူတို့တွေ အကူအညီ တောင်းရင်တော့ လိုက်လုပ်ပေးဖြစ်ပါတယ်။

ဟင်္သာမီဒီယာ။ ။ အခုကျင်းပတဲ့ ဆဋ္ဌမပုံမှန် လွှတ်တော် အစည်းအဝေးကို ဘယ်လိုကြောင့် ပြန်တတ်ဖြစ်တာလဲ၊ ဒါမှမဟုတ် တစ်ဦးတစ်ယောက်က တိုက်တွန်းလို့ တတ်ဖြစ်တာလား။
ဦးမင်းမင်းဦး။ ။ အမှန်တော့ အစ်ကိုက လွှတ်တော် ကိုယ်စားလှယ်က မထွက်ရသေးဘူး၊ ပထမလမှာတော့ အစ်ကို ခွင့်တင်ထားတယ်၊ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရှိနေသေးလို့ လွှတ်တော် ကိုယ်စားလှယ် တာဝန်ကို မထွက်ရသေးလို့ လုပ်ဖြစ်တာပါ၊ တာဝန်ပိုင်းအရ ပြန်လုပ်ဖြစ်တာ ဖြစ်တယ်၊ မဲဆန္ဒရှင် ပြည်သူက တွန်းတွန်းတိုက်တိုက်နဲ့ ပြန်ပြီး အကူအညီ တောင်းလို့ ဖြစ်တယ်၊ နောက်ပြီး ရွေးကောက်ပွဲကာလမှာ အစ်ကို တော်တော်လေး တွန်းအားပေးခဲ့တဲ့ လူတွေကြောင့်လဲ ပါပါတယ်၊ သူတို့တွေက နိုင်တဲ့ တာဝန်တွေကို ယူထားပေးစေချင်တဲ့ သဘောတော့ ရှိကြတယ်၊ သူတို့က အစ်ကိုကို လုပ်နိုင်သလောက်လေး လုပ်ပေးဖို့ ပြောကြတယ်။

ဟင်္သာမီဒီယာ။ ။ အခုဆို အစ်ကို အနေနဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အဖြစ် ပြန်ပြီးတော့ ပြည်သူတွေအတွက် လုပ်ပေးမယ်ဆိုတော့ လွှတ်တော်မှာ မဲဆန္ဒရှင်ပြည်သူတွေအတွက် ဘယ်လို အဆိုတွေ မေးခွန်းတွေ တင်သွင်းမေးမြန်းသွားဖို့ ရှိလဲ။
ဦးမင်းမင်းဦး။ ။ အစ်ကို ရှေ့အပတ်လောက်မှာ ကွင်းဆင်းသွားမယ်၊ အစ်ကို မဆင်းနိုင်သေးတဲ့ ဒေသတွေတော့ ရှိသေးတယ်၊ အခုဆို အစ်ကို လမ်းလေးတွေ လုပ်ဖို့ ရှိတယ်၊ တချို့ဟာတွေ ကြတော့ အစိုးရနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်သွားမယ်၊ လွှတ်တော်မှာ မေးခွန်းမေးနေတာထက် အစိုးရမှာ သွားတောင်းလိုက်တာက ပိုပြီး မြန်မယ်ထင်တယ်၊ အစ်ကို လုပ်ခဲ့တဲ့ လမ်းကြောင်းတွေကို အစ်ကို သိနေတယ်၊ တချို့ဟာတွေကျတော့ မိုးဦးကျမှာ မြန်မြန် လုပ်ရမယ့်ဟာတွေ ရှိတယ်၊ မြန်မြန်ရဖို့ လိုတဲ့ဟာတွေကို သက်ဆိုင်ရာ ဌာနတွေနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်သွားမယ်၊ အစ်ကို လုပ်ခဲ့တဲ့ တိုင်းရင်းသား ဒေသတွေမှာ မလိုလားအပ်တဲ့ စကားလေးတွေ ထွက်လာလို့ စိတ်မကောင်းတော့ ဖြစ်မိတယ်။

ဟင်္သာမီဒီယာ။ ။ ဒီနေ့ လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ စည်ပင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးနေရာမှာ ကိုယ်စားလှယ် အချို့က ဥက္ကဌဟာ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး လုပ်သွားတယ်လို့ ပြောနေကြတယ်၊ ဒီအပေါ်မှာက အစ်ကိုအနေနဲ့ သုံးသပ်ပေးပါဦး။
ဦးမင်းမင်းဦး။ ။ အစ်ကို သိပ်တော့ မဖြေချင်ဘူး၊ အမှန်မှန်တော့ ဟိုဘက် ဒီဘက်နည်းနည်းလေး လွဲချော်မှုတွေ ရှိနေတယ်လို့ မြင်လိုက်ရတယ်၊ ဆုံးဖြတ်တာတော့ ကိုးယိုကားယား နည်းနည်းနိုင်သွားတယ်၊ လွှတ်တော် ကိုယ်စားလှယ်ကလည်း အတင်းတွန်းတယ်၊ ဥက္ကဌကလည်း ဒါကို ဆုံးဖြတ်သွားတယ်၊ ဒါတော့ နောက်ဆို အဆင်ပြေသွားမှာပါ။

ဟင်္သာမီဒီယာ။ ။ ဒီနောက်ပိုင်းမှာကော အစိုးရအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိလား။
ဦးမင်းမင်းဦး ။ ။ အစ်ကိုကတော့ ကိုယ်မဲဆန္ဒနယ်မြေ ပြည်သူတွေကတော့ အစ်ကိုမှာ သူတို့ လိုအပ်ချက်တွေ လာလာတောင်းနေကြတာပဲ၊ သူတို့တွေအတွက် မေးခွန်းတွေ မေးပြီး တောင်းရမှာ ဖြစ်တယ်၊ အစ်ကိုက အစိုးရအဖွဲ့မှာ တာဝန်ယူခဲ့ဖူးလို့ ဝန်ကြီးတွေနဲ့ ချိတ်ဆက်ပြီး တောင်းသွားဖို့တော့ ရှိတယ်၊ ဒီလိုမှလည်း အလုပ်လုပ်တဲ့ နေရာမှာ မြန်သွားမှာ ဖြစ်တယ်၊ ဒီနှစ်မှာ မပါရင် လာမယ့်နှစ်မှာ ပါအောင်တော့ ပြောသွားမယ်။

ဟင်္သာမီဒီယာ။ ။ ပြည်နယ် အစိုးရကိုကော ထိန်းကြောင်းသွားဖို့ ရှိလား။
ဦးမင်းမင်းဦး။ ။ အစ်ကိုကတော့ လိုအပ်ရင်တော့ ထိန်းကြောင်းသွားမှာပါ၊ ထိန်းကြောင်းမယ်ဆိုရင်တော့ ဘယ်လို အခက်အခဲတွေ ရှိမလဲဆိုတာ ကြည့်ပြီး ထိန်းကြောင်းသွားမယ်၊ မဖြစ်မနေ လုပ်သင့်တဲ့ ကိစ္စတွေကိုတော့ လုပ်သွားမှာပါ၊ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ တာဝန်ကတော့ အပြည့်ယူပေးမှာပါ။

ဟင်္သာမီဒီယာ။ ။ အခု လွှတ်တော်မှာ မေးခွန်းမေးတဲ့ အပိုင်းနဲ့ ပြန်ဖြေတဲ့ အပိုင်းမှာ လိုရင်း မရောက်တာတွေ ရှိနေတော့ အစ်ကိုအနေနဲ့ ဒီအပေါ်မှာ ဝေဖန်ပေးပါဦး။
ဦးမင်းမင်းဦး။ ။ ဒီဟာကတော့ လုပ်ထုံးလုပ်နည်း အတိုင်း ဆက်သွားနေတယ်လို့ပဲ မြင်တယ်၊ အစ်ကို လက်ထက်ကလည်း ဒါမျိုးတွေ မြင်ခဲ့တာဆိုတော့ အခုလည်း ဒီအတိုင်းပဲ သွားနေတာပါ၊ နှစ်ဘက်အခြေအနေကို မြင်ခဲ့ရတဲ့ သူတစ်ယောက်ဖြစ်တော့ အကောင်းဆုံးဖြစ်အောင်တော့ ပြန်ပြီး လုပ်သွားမှာပါ။ အစိုးရအဖွဲ့မှာ နေခဲ့တော့ ဟိုဘက်က အားနည်းချက်တွေ အားသားချက်တွေကို အစ်ကို သိခဲ့တယ်၊ ဒီဘက်က လွှတ်တော် ကိုယ်စားလှယ်တွေ တောင်းဆိုတဲ့ သူတို့ ဆန္ဒတွေကိုလည်း သိတော့ အဲဒီနှစ်ခုကြားမှာ အစ်ကို ဟန်ချက် ညီအောင်သွားမှာ ဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ အစ်ကို ဝန်ကြီးချုပ်ဖြစ်တဲ့ အချိန်တုန်းက လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထောက်ပြမှုနဲ့ ဒီဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ထောက်ပြတဲ့ အပေါ်မှာကော ဘယ်လိုမြင်လဲ။
ဦးမင်းမင်းဦး။ ။ လွှတ်တော် ကိုယ်စားလှယ်တွေက သူတို့ ဆန္ဒနဲ့ သူတို့ သွားကြတာဖြစ်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစ်ကို ဘာမှ မှတ်ချက်မပေးလိုပါဘူး။

ဟင်္သာမီဒီယာ။ ။ အစ်ကိုအနေနဲ့ ရာထူးက နှုတ်ထွက်ပြီးနောက်ပိုင်းမှာကော ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ၊ ဒီအပေါ်မှာ ဘယ်လိုဝေဖန်မှုတွေ ပြန်ကြားခဲ့ရလဲ။
ဦးမင်းမင်းဦး။ ။ အစ်ကို ထွက်ကတည်းက ပြောဖြစ်တဲ့ တရားစကားအရဆို အစ်ကို အခုအချိန်မှာ တော်တော်းလေး ပေါ့နေတယ်၊ ဟိုတုန်းကဆို ဒီလို လွှတ်တော် တတ်ရပြီးဆို ရင်တွေ အရမ်းပူခဲ့ရတာ ဖြစ်တယ်၊ အစ်ကို ယူထားရတဲ့ တာဝန်က ဝန်ကြီးချုပ်ဖြစ်တော့ ဝန်ကြီးတွေ မဖြေနိုင်ရင် အစ်ကို ပြန်ဖြေရမှာလေ၊ အခုဆို လုံးဝ ပေါ့ပေါ့ပါးပါးလေးပါ၊ အစ်ကိုရဲ့ မဲဆန္ဒနယ်တွေရဲ့ လိုအပ်ချက်တွေကို အစိုးရအဖွဲ့မှာ သွားတောင်းလိုက်မယ်၊ လိုအပ်ရင် မေးခွန်း မေးမြန်းလိုက်မယ်၊ ဒီဟာပဲ အစ်ကို ရင်ထဲမှာ ရှိတော့ တော်တော်လေး ပေါ့ပေါ့ပါးပါးပဲ၊ အရင်က လွှတ်တော် တတ်ရင် အရမ်းဖိအားတွေ ဖြစ်ခဲ့တယ်၊ အခုဆို ဘာခံစားချက်မှာတော့ မရှိတော့ဘူး၊ ကိုယ်စားလှယ် တစ်ယောက်ရဲ့ တာဝန်ကိုပဲ ရင်ထဲမှာ ထည့်ထားတယ်။

ဟင်္သာမီဒီယာ။ ။ အစ်ကို ရာထူးက အနားပြီးနောက်ပိုင်းမှာ အစ်ကို သုံးတဲ့ လူမှုကွန်ရက် ဖောစ့်ဘုတ် စာမျက်နှာမှာဆို တရား စာသားလေးတွေ တင်ဖြစ်တယ်နော်၊ တရားတွေ ဘာတွေကို ထိုင်ဖြစ်ခဲ့သေးလား။
ဦးမင်းမင်းဦး။ ။ အစ်ကို ဒီတရားအလုပ်ကို အရင်ကတည်းကလည်း လုပ်ဖြစ်ပါတယ်၊ အသက်အရွယ် အရ ဒီလမ်းကြောင်းကို သွားရမယ်ဆိုတော့ သိတယ်၊ ဒီအလုပ်က အရမ်းစိတ်ချမ်းသာတယ်၊ အခုကကျတော့ အဝင်လွယ်တယ်၊ အထွက်ခက်နေတယ်။

ဟင်္သာမီဒီယာ။ ။ လက်ရှိ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံအပေါ်မှာကော ဘယ်လိုမြင်လဲ။
ဦးမင်းမင်းဦး။ ။ သူလုပ်နိုင်ပါတယ်၊ ပါတီမှာလည်း သူနဲ့ ပူးပေါင်း လုပ်ခဲ့ဖူးပါတယ်၊ သူလုပ်နိုင်တယ်လို့ မြင်ပါတယ်၊ သူအပေါ်မှာတော့ ဘယ်လိုမှ မမြင်ပါဘူး၊ အစ်ကိုလည်း လိုအပ်ရင်တော့ သူနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး သွားမှာ ဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ နောက်ဆုံးအနေနဲ့ အစ်ကိုရဲ့ မဲဆန္ဒနယ်မြေမှာ ရှိတဲ့ ပြည်သူတွေကော ဘာတွေများ ပြောချင်သေးလဲ။
ဦးမင်းမင်းဦး။ ။ အစ်ကိုရဲ့ မဲဆန္ဒနယ်မြေက အမှတ် (၂) ဖြစ်တော့ အစ်ကိုရဲ့ မဲဆန္ဒနယ်မြေရဲ့ ဒေသဖွံ့ဖြိုးရေး အဓိက ဦးစားပေးလုပ်သွားမှာပါ၊ ကျန်တဲ့ အစိုးရကို ထိန်းကြောင်းရမယ့် အပိုင်းတွေထက် မေးခွန်း၊ အဆိုတွေ မေးပြီးတာနဲ့ အစိုးရကို တန်ပြီး ပြောဖို့ များတယ်၊ ဝန်ကြီးတွေကလည်း အစ်ကို ဝန်ကြီးတွေပဲ ဖြစ်တော့ ဘာမှတော့ ပြဿနာ မရှိပါဘူး။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...