သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်ရန် ကြိုးစားနေသည့် ငွေရည်ပုလဲကုမ္ပဏီသည် ဒေသခံပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်မှုကြောင့် ကျောက်မီးသွေးကို တူးဖော်တော့မည်မဟုတ်ကြောင်း ပြည်သူများကို ကတိပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် မိုင်းဟဌာနေ ပြည်သူ့စစ်အဖွဲ့နှင့် ငွေရည်ပုလဲကုမ္ပဏီမှ တာဝန်ရှိသူများသည် ခြံပိုင်ရှင် (၃၀) ကျော်နှင့် ဒေသခံများကို တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စုမှ နားဟုတ်အခြေခံပညာကျောင်းတွင် အစည်းအဝေးခေါ်ယူခဲ့သည်။
ထိုအစည်းအဝေးတွင် မိုင်းဟပြည်သူ့စစ်မှ ပြည်သူဘက်ရပ်တည်ပေးမည်ဟု ကတိပေးခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကုမ္ပဏီဘက်ကတော့ ပြည်သူတွေ သဘောမတူရင်လည်း ကျောက်မီးသွေးကို မတူးတော့ပါဘူး၊ ကန့်ကွက်တဲ့ သူရှိနေတော့ အတင်းမလုပ်တော့ဘူး၊ ပြည်သူတွေကိုလိုက်ပြီးလည်း နှောင့်ယှက်မှု မပေးဘူးလို့ပြောတယ်၊ မိုင်းဟ ပြည်သူ့စစ်ကလည်း ပြည်သူတွေရဲ့ သဘောအတိုင်းပဲ ပြည်သူဘက်က ရပ်တည်ပေးမယ်၊ ပြည်သူတွေမကြိုက်တဲ့ ကျောက်မီးသွေး တူးဖော်မှုမရှိစေရဘူးလို့ ပြောသွားတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယင်းကဲ့သို့ ကုမ္ပဏီဘက်မှ တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စုအနီး ဖြတ်သန်းစီးဆင်းနေသည့် နမ့်ပန်မြစ်ကမ်းဘေးတစ်လျှောက် ကျောက်မီးသွေးတူးဖော်မှုကို ဒေသခံပြည်သူ (၃၀၀၀) ကျော်က ဝိုင်းဝန်းကန့်ကွက်သည့်အတွက် နောက်ဆုတ်ပေးကြောင်းနှင့် ပြည်သူ့စစ်များမှလည်း ပြည်သူ့ဘက်ရပ်တည်ပေးခြင်းဖြစ်ကြောင်း နားဟုတ်ရွာခံတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ပြည်သူ့အားလို့ ပြောရမှာပေါ့၊ ကျနော်တို့ ရွာသား ၃၀၀၀ ကျော်နဲ့ရွာပေါင်း ၁၄ ရွာက ဝိုင်းဝန်းဆန့်ကျင်တဲ့ အကျိုးအဆက်ပေါ့၊ ကုမ္ပဏီဘက်က မတူးတော့ဘူးလို့ ကတိစကားတွေနဲ့ ခုလိုပြောလာတော့ ကျနော်တို့ပြည်သူအနေနဲ့ ဝမ်းသာပါတယ်၊ ပြီးတော့ ပြည်သူဘက်က ရပ်တည်ပေးတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ရှိတော့ ပိုပြီးဝမ်းသာတယ်” ဟု နားဟုတ် ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ငွေရည်ပုလဲ ကုမ္ပဏီမှ ကျောက်မီးသွေးတူးဖော်ရန် ပြင်ဆင်နေသည့် နေရာသစ်သည် ပြည်သူပိုင် လယ်ယာခြံမြေနေရာများဖြစ်ကြသည့်အတွက် နောင်လာမည့် သားစဥ်မြေးဆက်များအတွက် စိုက်ပျိုးဖြစ်စေလိုကြောင်းနှင့် လက်ရှိမှာလည်း ပြည်သူတို့၏ ဝမ်းစာအတွက် လုပ်ကိုင်စားသောက်နေရသည့် မြေနေရာဖြစ်နေကြောင်းလည်း သိရသည်။
“ကုမ္ပဏီက ကျနော်တို့ မြေပေါ်မှာ သတ္တုလာတူးမယ်ဆိုတာ ကျနော်တို့ လုံးဝသဘောမတူနိုင်ဘူး၊ ဒီမြေကို အားကိုးပြီး ကျနော်တို့က လုပ်ကိုင်စားသောက်နေကြရတာ၊ လျော်ကြေးငွေလည်း ကျနော်တို့လက်မခံနိုင်ဘူး၊ ဒီမြေတွေက ကျနော်တို့ ဘိုးဘွားလက်ထက်နေ အခုကျနော်တို့လက်ထဲ၊ ပြီးတော့ ကျနော်တို့ သားသမီးတွေအတွက် ဖြစ်စေရမယ်၊ ကျနော်တို့ မြေပေါ်မှာ ဘယ်ကုမ္ပဏီကိုမှ လက်မခံနိုင်ပါဘူး” ဟု အထက်ပါ နားဟုတ်ကျေးရွာခံက ပြောသည်။
ငွေရည်ပုလဲကုမ္ပဏီမှ ကျောက်မီးသွေးတူးဖော်ရန် လျာထားသည့် နေရာသစ်သည် တန့်ယန်းမြို့နှင့် ကိုးမိုင်ခန့်ကွာဝေးသည့် နမ့်ပန်မြစ် (မြောက်ဘက်) ကမ်းဘေးတစ်လျှောက်ရှိ စုစုပေါင်း မြေဧက (၈၅၀) ခန့်ရှိနေကြောင်းလည်း သိရသည်။
အဆိုပါ သတ္တုတူးဖော်ရေးလုပ်ငန်း ရပ်တန့်ပေးရေးအတွက် ဒေသခံပြည်သူတို့သည် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA)၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် မိုင်းဟပြည်သူ့စစ် အဖွဲ့ထံသို့ ပြီးခဲ့သည့် မေလ (၈) ရက်နေ့က အကူအညီတောင်းခံစာ ပေးပို့ခဲ့ဖူးကြောင်းလည်း သိရသည်။
ငွေရည်ပုလဲကုမ္ပဏီမှ ကျောက်မီးသွေးတူးဖော်ရန် နေရာသစ်လျာထာသည့် တန့်ယန်းမြို့နယ်မှ နမ့်ပန်မြစ်သည် သံလွင်မြစ်၏ အဓိက မြစ်လက်တက်ဖြစ်ပြီး စိုက်ပျိုးရေးဖြင့်အသက်မွေးနေကြသည့် ဒေသခံပြည်သူ (၃၀၀၀) ကျော် မှီတင်းနေထိုင်ကြသည့် ဒေသဖြစ်ကြောင်း သိရှိရသည်။