မြိတ်မြို့မှ အပြင်ဖြေကျောင်းသားများ ကာကွယ်ဆေးထိုးရန် စာရင်းမပါသဖြင့် မိဘအချို့က စိုးရိမ်နေကြသည်ဟု ပြောသည်။
အစိုးရစာသင်ကျောင်းများတွင် စာရင်းရှိသူများကိုသာ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေခြင်းဖြစ်ပြီး အပြင်ဘော်ဒါများ၊ တက္ကသိုလ်ဝင်တန်းကို အပြင်မှ ဖြေဆိုကြမည့် ကျောင်းသူ/သားများ ဆေးထိုးစာရင်းတွင် ပါရှိခြင်းမရှိသည့်အတွက် မိဘများက စိုးရိမ်နေကြခြင်း ဖြစ်သည်။
“ကျောင်းတွေမှာ ၁၂ နှစ် အထက် ကလေးတွေ အားလုံး ဆေးထိုးပေးနေတယ်ကြားလို့ အားရဝမ်းသာ သွားထိုး တာ အပြင်ဖြေတွေအတွက် စာရင်းမပါလို့လေ၊ ထိုးမပေးဘူးဆိုလို့ ပြန်လာခဲ့ရတယ်။ တာဝန်ရှိသူတွေက အပြင် ဖြေ ကလေးတွေအတွက် ထည့်စဉ်းစားပေးစေချင်တယ်၊ ကိုယ့်ကလေးကို ကျန်းကျန်းမာမာနဲ့ စိတ်ဖြောင့်ဖြောင့် ပညာသင်နိုင်ဖို့ ထိုးပေးစေချင်တာ” ဟု မြိတ်မြို့၊ မြို့သစ်ရပ်ကွက်က ကျောင်းသားတစ်ဦး ၏ အသက် ၃၆ နှစ်အရွယ် မိခင် ဒေါ်စန်းစန်းအေးက ပြောသည်။
တနင်္သာရီတိုင်း အတွင်းရှိ မြိတ်မြို့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အောက်တို ဘာလ ၁၇ ရက်နေ့မှ စတင်၍ အသက် ၁၂ နှစ် အထက် စာရင်းပါရှိသည့် အလယ်တန်းနှင့် အထက်တန်း ကျောင်း သူ/သားများကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးလျက် ရှိနေသည်ဟု မြိတ်မြို့နယ် ပညာရေးမှူး က ပြောသည်။
ဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း မြိတ်မြို့နယ်တွင် အုပ်စုလိုက်ခွဲထားပြီး ၅ ရက်အတွင်း ကိုဗစ်ကာကွယ်ဆေး အပြီးထိုးရမှာဖြစ်သည်ဟု မြိတ်မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က ပြောသည်။
လက်ရှိ မြိတ်မြို့နယ်တွင် အစိုးရ စာသင်ကျောင်းများတွင် ကျောင်းအပ်နှံထားသူ ၉၆၉၅ ဦးရှိပြီး ယင်းစာရင်းအတိုင်း ဦးစားပေးထိုးပေးနေကြောင်း ကျောင်းပြန်ဖွင့်ပြီးလျှင် နောက်ဆက်တွဲ အပြင်ဖြေ ကျောင်းသူ/သားများလည်း ကာကွယ်ဆေး ထိုးခွင့်ရနိုင်သည်ဟု ဦးကျော်ရှိန် က ပြောသည်။
လာမည့် နိုဝင်ဘာ ၁ ရက်နေ့တွင် ကျောင်းများပြန်ဖွင့်မည်ဆိုသည်မှာ ကောလဟာလသတင်းသာဖြစ်ပြီး ဝန်ကြီးဌာန၏ တရားဝင် အကြောင်းကြားစာ ဝင်မလာသေးဘူးဟု မြိတ်မြို့နယ် ပညာရေးမှူးက ပြောသည်။
ကျောင်းပြန်ဖွင့်လျှင်လည်း ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဖွင့်နိုင်အောင် ပြင်ဆင်ထားရန်သာ ညွန်ကြားထားသေးသည်ဟု ၎င်းက ဆက်ပြောသည်။
ကာကွယ်ဆေးထိုးခွင့်ရသည့် စာရင်းပါ ကျာင်းသူ/သား ဦးရေ၏ သုံးပုံနှစ်ပုံခန့်သာ ဆေးလာထိုးကြပြီး ဖျားနာသူအချို့နှင့် ခရီးလွန်နေသူ အချို့က လာမထိုးနိုင်သေးဘူးဟု အထက ၇ မြို့သစ်ကျောင်းက အထက်တန်းဆရာမတစ်ဦးက ပြောသည်။
“အိမ်က ထိုးခွင့်ရတဲ့ ကလေး နှစ်ယောက်ရှိတယ်။ ထိုးပေးတဲ့ဆေးက တရုတ်က ထုတ်တာကြားရလို့ ဆေးကို စိတ်မချမယုံတာကြောင့် သွားမထိုးပေးဘူး” ဟု မြိတ်မြို့၊ စက်ဝင်းရပ်ကွက်နေ ကျောင်းသားဖခင်တစ်ဦးက ပြောသည်။
ကျောင်းသားမိဘအချို့က ၎င်းတို့၏ သားသမီးနာမည်စာရင်း ကာကွယ်ဆေးထိုးမည့်စာရင်းတွင်ပါနေသော်လည်း တရုတ်နိုင်ငံထုတ်ဆေးအပေါ် ယုံကြည်စိတ်ချမှု မရှိသည့်အတွက် မထိုးပေးသူများလည်း ရှိနေသည်။
မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် နှစ်ခုပေါင်း စာရင်းအရ အထက်တန်းအဆင့် ၅၅၄၅ ဦး၊ အလယ်တန်း အဆင့် ၂၅၀၅၆ ဦး၊ စုစုပေါင်း ၃၀၆၀၁ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရမည် ဖြစ်သည်ဟု မြိတ်ခရိုင် ပညာရေးမှူးရုံး တာဝန်ရှိသူများထံမှ သိရသည်။