မွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင်အောင် နှင့် တွေ့ဆုံခြင်း

မွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင်အောင် နှင့် တွေ့ဆုံခြင်း
by -
ဟင်္သာမီဒီယာ
“ကျောင်းနေဖို့် အခက်အခဲရှိတဲ့ ကလေးတွေကို ပံ့ပိုးကူညီပေးပါမှ ကျောင်းနေနိုင်မယ့် ကလေးတွေကို ပညရေးဌာနက စာရင်းကောက်ထားပြီးဖြစ်ပါတယ်။ တချို့က မိဘတွေက စီးပွားရေး လူမှုရေး အခက်အခဲတွေကြောင့် ကျောင်းနေအရွယ် ကလေးတွေ ကျောင်းဝင်ဖို့ အခက်အခဲတွေ ရှိနေတယ်။ ”

အစိုးရသစ်လက်ထက်တွင် အခြေခံပညရေးကဏ္ဍ၌ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ အနာဂတ်အလားအလာများနှင့် တိုင်းရင်းသားဒေသများ၌ ဘာသာစကား အခက်အခဲများ၊ တန်းတူညီမျှ ပညာသင်ကြားခွင့်ရရှိရေး၊ ကျောင်းနေအရွယ် ကလေးသူငယ်များ ကျောင်းစာသင်ခန်းထဲ ရောက်ရှိရေး အစရှိသည်များအတွက် ပညာရေးမူဝါဒများ အကြောင်းကို မွန်ပြည်နယ်ပညာရေးမှူး ဦးမျိုးတင်အောင်နှင့် တွေဆုံမေးမြန်းခြင်းမှ ကောက်နုတ်ဖော်ပြလိုက်အပ်ပါသည်။

မေး။       ။ကျောင်းနေအရွယ် ကလေးတွေအားလုံး ကျောင်းမှာ ပျော်ရွှင်လာအောင် ဆရာတို့ အနေနဲ့ ဘယ်လိုစီမံချက်တွေနဲ့ လုပ်ဆောင်နေတာ ရှိလဲ။
ဖြေ။        ။ ဆရာတို့ရဲ့ အခြေခံပညာ ကဏ္ဍမှာ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ဖို့အတွက် မေလ နောက်ဆုံး အပတ်စဉ် ကျောင်းအပ်နှံရေး သီတင်းပတ် အနေနဲ့ သတ်မှတ်ပြီးတော့ လူထုလှုပ်ရှားမှု အနေနဲ့ ဆရာတို့ ဆောင်ရွက်တယ်။ လူထုလှုပ်ရှားမှု အသွင်ဆိုတာက ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ဖို့ကိုတော့ အဓိက ဌာနကတော့ ဆရာတို့ရဲ့ ပညာရေးဌာနပဲဖြစ်တယ်။ အဲ့ဒီအပေါ်မှာ လူထု လှုပ်ရှားမှု အသွင်လို့ ပြောတဲ့ခါကျတော့ ဆရာတို့ ပညာရေးဌာနနဲ့ ပါဝင်ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အထူးသဖြင့် မိဘတွေ မိဘဆရာ အသင်းတွေ ကျောင်းအကျိုးတော်ဆောင်အဖွဲ့တွေ ပြည်သူတွေအားလုံး ပါဝင်ပြီးတော့ စည်းရုံးပြီးတော့ ကျောင်းအပ်နှံရေး သီတင်းပတ်မှာ ကလေးတွေရာနှုန်း အပြည့်နဲ့ လာပြီးတော့ ကျောင်းဝင်နိုင်ဖို့၊ ကျောင်းဝင်ပြီးသွားရင်လည်း ထိန်းထားနှုန်းအပြည့်ရဖို့၊ ကျောင်းထွက်သူ လုံးဝ လုံးဝ ပပျောက်ရေးအတွက်ကို ဆရာတို့ ပညာရေးဌာနနဲ့ သတ်ဆိုင်သူအားလုံးနဲ့ စည်းရုံးလှုံ့ဆော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲ့လိုမျိုးရှိပါတယ်။ ကျောင်းအပ်နှံရေး သီတင်းပတ်မှာ ပညာရေးဝန်ကြီး ဌာန အောက်ကနေပြီးတော့ လှုံ့ဆော်ပြီးတော့ ဗီနိုင်းတွေ ကပ်ပြီးတော့ ဆောင်ရွက်တယ်။ အခုဆိုရင်တော့ ဆရာတို့ အဓိက လှုံ့ဆော်ပေးတဲ့ ဗီနိုင်းစတေကာ ကတော့ အရင်ကနဲ့ မတူဘူးပေါ့နော်၊ အခုဆိုရင်တော့ “ကျောင်းနေရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး”  ဆိုတဲ့ ဆိုင်းဘုတ်ကို အခြေခံ ပြီးတော့ အခြေခံ ပညာကျောင်းအားလုံးက လှုံ့ဆော်ပြီးတော့ ဆောင်ရွက်နေတယ်၊ နောက်ပြီးတော့ ဇွန်လ ၁ရက်နေ့မှာ ကလေးတွေတွက် လိုအပ်တဲ့ ကျောင်းစာအုပ်တွေ စသဖြင့် ဝေပေးသွားမယ့် အတိုင်းရှိပါတယ်။ ဒါမှ သူတို့က ကျောင်းကို အပြည့်အဝ အပ်နှံသွားမယ့် အတိုင်း ဖြစ်ပါတယ်။ ဒါကိုလည်း ဆရာတို့ အပိုင်းက စီစဉ်ဆောင်ရွက်ပေးထားပြီး ဖြစ်ပါတယ်။

မေး။        ။ လက်ရှိမှာပေါ့ မိသားစုစားဝတ်နေရေးကြောင့်ဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပမှာ ရှိနေတဲ့ ပညာသင်ကြားသင့်တဲ့ ကလေးငယ်တွေအတွက် ပညာသင်ကြားလာနိုင်အောင် ဆရာတို့အနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်ချက်တွေ ရှိလဲ။
ဖြေ။        ။ မတ်လက စပြီး ဆရာတို့ ပညာမသင်ကြားနိုင်တဲ့ ကလေးတွေရဲ့ စာရင်းကို ကောက်ထားပြီးသား၊ ငါးနှစ်ပြည့်ပြီး ကလေးဘယ်လောက်ရှိလဲ၊ ခြောက်နှစ်ပြည့်ပြီးတဲ့ ကလေးဘယ်နှစ်ဦးရှိလဲ၊  နောက်ပြီးတော့ ကျောင်းနေအရွယ် ကလေးဦးရေတွေက ဘယ်လောက်၊ အဲ့ကျောင်းနေအရွယ် ကလေးတွေထဲကမှ ကျောင်းနေဖို့ အခက်အခဲရှိတဲ့ ကလေးတွေကို ပံ့ပိုးကူညီပေးပါမှ ကျောင်းနေနိုင်မယ့် ကလေးတွေကို ဆရာတို့ ပညာရေးဌာနက ကောက်ထားပြီး ဖြစ်ပါတယ်။ တချို့က မိဘတွေက စီးပွားရေး လူမှုရေး အခက်အခဲတွေကြောင့် ကောျင်းနေအရွယ် ကလေးတွေ ကျောင်းဝင်ဖို့ အခက်အခဲတွေရှိနေတယ်။ အဲ့ဒီအပေါ်မှာ ဆရာတို့ ပညာရေးဌာန တစ်ခုတည်းနဲ့တော့ မဖြစ်နိုင်ဘူး။ အဲ့ဒီအပေါ်မှာတော့ ကျောင်းဝင်နှုန်းနဲ့ လူမှု စီးပွားဘဝနဲ့က တိုက်ရိုက်အချိုးကျနေတယ်။ ဆရာတို့ဘက်ကတော့ တိုက်ရိုက်အချိုးကျတယ်။ ကလေးက ဆရာတို့ ပညာရေးလက်ထဲမှာရှိတယ်။ ဒါပေမဲ့ တချို့ကတော့ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေကြောင့် ကျောင်းနေဖို့ အခက်အခဲရှိတယ်။ ဆရာတို့ဘက်ကတော့ စည်းရုံးလှုံ့ဆော် ပြီးတော့ ဆောင်ရွက်သွားမှာပေါ့၊ ဒါပေမဲ့ သူ့ရဲ့ အခက်အခဲ  မိသားစုအခက်အခဲနဲ့ သူ့ရဲ့လက်အောက်က ညီငယ်၊ ညီမငယ်ရှိတယ်၊ မိဘကို အကူအညီ ပေးနေရတယ်။  အဲ့လိုမျိုးကိုတော့ ဆရာတို့ဘက်က စည်းရုံးသွားနိုင်ပေမယ့် မမြဲနိုင်ဘူးလို့တော့ ထင်ပါတယ်။ အစိုးရအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ ကျောင်းအကျိုးတော်ဆောင်တွေ ဒါတွေက ပံ့ပိုးကူညီမှသာ တက်လာနိုင်မယ်လို့တော့ ဆရာအသိပေးချင်တယ်။ ဆရာတို့ ပညာရေးကတော့ စွမ်းဆောင်ချက်ကတော့ အဲ့လောက်ထိတော့ မပေးနိုင်ဘူးလို့ ဆရာထင်ပါတယ်။

မေး။       ။ အခုလက်ရှိမှာရော အစိုးရအဖွဲ့အစည်း၊ စတဲ့ အခြားမိတ်ဖက် အဖွဲ့အစည်းတွေနဲ့ရော ဘယ်လိုတွေ ပူးပေါင်း လုပ်ဆောင်နေတာတွေရှိလဲ။
ဖြေ။       ။ အခု ဆရာတို့ ပညာရေးဌာန အနေနဲ့ မသင်မနေရ ဥပဒေကိုတော့ မပြဋ္ဌာန်းနိုင်သေးဘူး၊ အဲ့ အခက်အခဲတွေတော့ ရှိသေးတယ်။ အဲ့လမ်းကိုတော့ ဆရာတို့ လျှောက်လှမ်းနေပါတယ်။ အဲ့ဒီအပေါ်မှာ ကလေးတွေ အားလုံးကျောင်းတက်နိုင်ဖို့ကိုတော့ အစိုးရအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ နောက်ပြီးတော့ ဆရာတို့ ပညာရေးကို ဝိုင်းဝန်းနေတဲ့ IGO ၊ NGO အဖွဲ့တွေ၊ နောက်ပြီးတော့ စေတနာရှင် ဝါသနာရှင် အဖွဲ့တွေကို စည်းရုံးပြီး လှုံ့ဆော်ပေးတယ်။ အဲ့အပေါ်မှာ မြို့နယ်တိုင်း လှုံ့ဆော်ပြီးတော့ စည်းရုံးပေးနေပါတယ်၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ဆရာတို့ရဲ့ ပိုစတာထဲမှာ အခြေခံ ပညာထဲမှာ ရှိတဲ့ ဆရာ၊ ဆရာမများ ကျောင်းအုပ်များ    နဲ့ အရာထမ်း အမှုထမ်း အားလုံးက အလှုငွေတွေကို မည်သည့်ကြေးမှ ကောက်ခံလိုု့မရဘူး။

မေ။       ။ လက်ရှိအပြင်မှာလည်း ကြားနေရတာပေါ့ ကျောင်းပြောင်းလို့ ကိုယ့်ရပ်ကွက်က ကျောင်းမဟုတ်ဘဲနဲ့ အခြားကို ပြောင်းချင်တယ်ဆိုရင် ငွေကြေးတွေ ပေးရတယ်လို့ ကြားနေရပါတယ်၊ အဲ့ အပေါ်မှာရော ဆရာတို့ စစ်ဆေးမှုတွေ ရှိလား။
ဖြေ။       ။ အခုကျောင်းအပ်နှံတဲ့ ကာလ မတိုင်မီကတည်းက ဆရာတို့ ပြည်ထောင်စု ဝန်ကြီးနဲ့ အစည်းဝေးလုပ်ခဲ့တယ်။ အဲ့အပေါ်မှာ ဆရာတို့ ဝန်ကြီးရုံးလည်း အသိပေးထားပြီးပြီ၊ ကျောင်းတွေကိုလည်း အသိပေးထားပြီးပြီ။ အခုဘာတွေ့ရလဲဆိုတော့ ကျောင်းနေရွယ်ကလေးတွေက ကိုယ့်ရဲ့ နယ်မြေမှာရှိတဲ့ ကျောင်းဧရိယာမှာ လာအပ်ဖို့ အသိပေးထားပြီးသား၊ ဒါပေမယ့် တချို့မိဘတွေက ဘာဖြစ်လဲဆိုတော့ ကောင်းတဲ့ ကျောင်းတွေမှာ နယ်ကျော်ပြီးတော့ ဝင်လာကြတယ်။ ဆရာတို့ ဘက်ကတော့ သတ်မှတ်ထားပေးပြီးသား ကိုယ့်ရဲ့နယ်မြေအလိုက် ကိုယ်လက်ခံ၊ မကျော်ရဘူးလို့ သတ်မှတ်ပေးထားတယ်။ အဲ့ဒီအပေါ်မှာ မိဘတွေက ဘာတွေ စောတကတက်လည်းဆိုတော့ ကလေးတွေရဲ့ အစ်ကို၊ အစ်မတွေက အဲ့ဒီကျောင်းမှာ ရှိတယ်။ ဒီကလေးကို အဲ့ဒီမှာ အပ်ရင် မိသားစု အရေးကို သူလည်း ဝိုင်းကူပေးလို့ရတယ်။ အဲ့လိုမျိုးနဲ့ တချို့ကျောင်းတွေကို လာကြတယ်။ ဘာတွေ့ရလဲဆိုတော့ သူ့သားသမီးက အဲ့ကျောင်းမှ အဲ့ကျောင်းအပ်ချင်တဲ့ ဆန္ဒက အပြည့်ပဲ၊ စောစောက ဆရာအသိပေးထားတဲ့ အတိုင်း ဆရာတို့ဘက်က လုံးဝ အလှူငွေ မကောက်ခံရဘူး။ မိဘတွေ ဘက်ကလည်း မပေးရဘူးလို့ မေတ္တာရပ်ခံထားတယ်။  သူဖြစ်လာရင်တော့ သူကံဘဲ သူ့ အပြစ်ပဲ သူခံရမယ်လို့ ဆရာပြောထားပြီးသား။

မေး။       ။ ကျောင်းသား ဗဟိုပြု ပညာရေးစနစ်ကို သွားနေတဲ့ အပေါ် မွန်မှာရော ဘယ်လောက်ထိ အဲ့စနစ်ကို လုပ်ဆောင်နိုင်ပြီးလဲ။
ဖြေ။       ။ ဆရာတို့ ပြန်ကြည့်ရင် ကျောင်းဝင်နှုန်း၊ မှုလတန်း ပညာကို ပြီးဆုံးသွားတဲ့နှုန်း၊ နောက်ပြီး အလယ်တန်း ပညာကို ပြီးဆုံးသွားတဲ့နှုန်း၊ အထက်တန်းပညာကို ကူးပြောင်းသွားတဲ့နှုန်းကို ပြန်ကြည့်ရင် မနှစ်က အနေအထားအရ အပြည့်အဝ ကျောင်းသား ဝင်လာတဲ့ အနေအထားရှိတာပေါ့။ ဒါပေမယ့် ဆရာတို့က လူမှုရေး အခက်အခဲတွေကြောင့် မူလတန်းပညာ မပြီးဆုံးခဲ့ဘူး၊ ထွက်လိုက်ရတဲ့ကျောင်းသားတွေ၊ အလယ်တန်းပညာ ကူးပြောင်းတဲ့နှုန်းလည်းပဲ မျှော်မှန်းသလောက် မရှိခဲ့ဘူး။ ကျောင်းထွက်နှုန်းကလည်း များတယ်ပေါ့ အဲ့လိုရှိခဲ့တယ်။ ဒါကြောင့် အဲ့လိုမဖြစ်ရအောင် ဌာနတွင်းက ကလေးတွေကို တတ်မြောက်မှု စစ်ဆေးလိုက်တယ်။ တတ်မြောက်မှု တစ်ခုထဲ မဟုတ်ဘဲ တစ်နှစ်တာလုံး သူတို့ရဲ့ စွမ်းဆောင်ချက် ရမှတ်တွေကိုပါ ပေါင်းပြီးတော့ အခြေခံ ပညာ ကဏ္ဍမှာ  သူငယ်တန်းကနေပြီးတော့ ကိုးတန်းအထိကို အတန်းကူးပြောင်းမှု အောင်စာရင်း လုပ်တယ်။ အဲ့အပေါ်မှာ ဆရာတို့ ပြန်ကြည့်လိုက်ရင် အပြည့်အဝနီးပါး အောင်သွားကြတယ်။ အဲ့လိုမျိုးလုပ်ပေးသော်လည်း စီးပွားရေး လှုမှုရေး အခက်အခဲကြောင့် အခုတောင်မှ မိဘနဲ့ ပါသွားကြတာတွေ ရှိတယ်။ အဲ့အပေါ်မှာတော့ ဆရာတို့ ဘယ်လောက်ပဲ စွမ်းဆောင် ကလေးတွေကတော့ အပြည့် မတက်လာနိုင်ဘူး၊ ဆရာတို့ဘက်ကတော့ စည်းရုံးပြီးတော့ ကျောင်းထဲရောက်အောင်တော့ လုပ်သွားပေးရမယ်။

မေး။       ။ မွန်ပညာရေးကျောင်းကနေ အစိုးရကျောင်းကို ပြောင်းရင် အခက်အခဲတွေရှိနေတယ်လို့ ကြားရတယ်။ အဲ့ဒါတွေကိုရော ဆရာတို့ ဘယ်လို ဆောင်ရွက်ထားလဲ။
ဖြေ။       ။ မွန်အမျိုးသားကျောင်း ဆရာတို့ပြည်နယ်မှာ ရှိပါတယ်။ လူတွေလည်း တော်တော်များပါတယ်။ အ့ဒီအပေါ် သူတို့က သီးခြားကျောင်းတွေနဲ့ ရှိခဲ့ကြပါတယ်။ ဆရာတို့ရဲ့ အခြေခံပညာ စာရင်းထဲမှာ မဝင်နေဘူး။ ဆရာတို့လည်း စာရင်းမပေးပါဘူး၊ အဲ့ဒီအပေါ်မှာ အခုဆိုရင် ကမ်းလှမ်းလာတယ်၊ အဲ့ကလေးတွေလည်း ဆရာ့ ကလေးတွေပဲ၊ ဆရာ့ဘက်ကည်း မူဘောင်ကပ်ရအောင် လေးတန်းဆိုရင် ခရိုင်စာမေးပွဲ ရှိတယ် ဝင်ဖြေ၊ အဲ့အပေါ်မှာ ဆရာတို့ အကဲဖြတ်ပေးတယ်။ ဆရာတို့ အားလုံးကိုလည်း စာမေးပွဲ ဝင်ဖြေခွင့် ပေးထားပါတယ်။  လာဖြေလို့ အောင်တဲ့ ကလေးတွေကို အခြေခံ ပညာကျောင်းမှာ အကုန်ပေးထားပြီး ဖြစ်တဲ့တွက် လာတဲ့ကလေးတွေကို လက်ခံသွားမှာပါ။

မေး။       ။ ကျွန်တော်တို့ မွန်ပြည်နယ်က နှစ်စဉ်နှစ်တိုင်း အောင်မြင်မှုတွေက ရခဲ့ကြတယ်။ ဒါပေမယ့် ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေရော ဘယ်လောက်ရှိလဲ။
ဖြေ။       ။ ဒါလည်းပဲ ဆရာ့ပြည်နယ် အနေအထားအရ ပညာရေးမှာ အခြားပြည်နယ်တိုင်းထက် သာပါတယ်။ အခြားပြည်နယ်တွေကလည်း ဆရာ့ပြည်နယ်ကို စံပြုပြီးတော့ လုပ်ရပါတယ်။ ဒီနှစ်လည်း ရလိမ့်မယ်လို့ မျှော်မှန်းထားတယ်။ ကျောင်းထွက်တဲ့ ကလေးတွေကလည်း ဆရာတို့ ပြည်နယ် တစ်ခုထဲ မဟုတ်ဘူး။ အခြားပြည်နယ်တွေကလည်း ကျောင်းထွက်နေတာပဲ။ အခြားပြည်နယ်ထက်သာပါတယ်။ ဒီနှစ်တွက်တော့ ဆရာတို့ မသိရသေးပါဘူး။

မေး။       ။ ဆရာတို့ အနေနဲ့ ဘက ပညာရေးကျောင်းတွေနဲ့ ပုဂ္ဂလိက ပညာရေးကျောင်းတွေကိုရော ဘယ်လိုမျိုး စီမံချတွေ ချက်မှတ်ထားပေးတာ ရှိလဲ။
ဖြေ။        ။ ဆရာတို့ဘက်က သူတို့အတွက် အခွင့်အလမ်းတွေလည်း အပြည့်အဝ ပေးထားတယ်။ ဆရာတို့ ဘက်က အခြေခံ ပညာကလေးတွေ ရသလို သူတို့ ဘက်ကိုလည်း အကုန်ပေးထားပြီးသား။ ပုဂ္ဂလိက အခန်းကဏ္ဍ မြှင့်တင်ပေးဖို့ အခွင့်အလမ်းတွေလည်း ပေးထားပြီးသား ဖြစ်ပါတယ်။

မေး။        ။ ကျေးရွာတွေမှာ ရှိတဲ့ ကျောင်းတွေကို အဆင့်မြှင့်လာအောင် ဆရာတို့ဘက်က ဘယ်လို ထောက်ပံ့မှုမျိုးတွေ လုပ်ဆောင်ပေးနေလဲ။
ဖြေ။        ။ ကျေးရွာ ကျောင်းတွေရဲ့ အဆောက်အဦတွေကအစ ကျွန်တော်တို့ ပြည်နယ် တိုင်းထက်သာတယ်။ ဆရာတို့ ပြည်နယ် ဆယ်မြို့နယ်က အသွားအလာရော လုံခြုံရေးရော အားလုံးသာတယ်။ အခုဆိုရင် အဆောက်အဦ လိုအပ်ချက်။ ပရိဘောဂ လိုအပ်ချက်၊ နောက်တစ်ခုက အန္တရာယ်အဆောင်တွေ ဥပဒိရုပ် မကောင်းတဲ့ ကျောင်းတွေ စာရင်းကောက်ပြီးတော့ ဆရာတို့ ဘက်က ဖြည့်ဆညိး ပေးနိုင်ဖို့တွက် စာရင်းကောက်ဦး အားလုံံးတော့ မဖြစ်နိုင်ပေမယ့် ဦးစားပေးအရ ဆရာတို့ လုပ်ဆောင်ပေးနေပါတယ်။

မေး။       ။ ဆရာ့အနေနဲ့ ထပ်မံ ဖြည့်စွက်ပြီး ဘာများပြောချင်ပါလဲ။
ဖြေ။       ။ ဆရာတို့ ဘက်ကတော့ ပညာရေးဌာနက အခြေခံ ပညာတွက် အဓိကကတော့ ဆရာတွေ ဆရာမတွေပဲ ဖြစ်တယ်။ ဒါကြောင့်မို့ ဆရာမတွေ ဘက်က အမှားအယွင်း အတိမ်းအစောင်း မရှိအောင်လို့ ဆရာတို့ ကြိုးစားဆောင်ရွက်နေတယ်။ ပူးပေါင်းပြီးတော့ စည်းရုံးပြီးတော့ ဆောင်ရွက်နီုင်ဖို့တွက် ဆရာတို့ ဌာနက အဓိကထားပြီး ဆောင်ရွက်သွားတယ်။ ဆရာတို့ရဲ့ ပညာရေးဌာနမှာ မှန်းထားတဲ့အတိုင်း ကလေးတွေ အားလုံး ပညာသင်ကြားခွင့် ရရမယ်။ ကျောင်းထွက်နှုန်းတွေလျော့နည်းအောင် အတန်းကူးပြောင်းနှုန်းတွေ ပြည့်ဝပြီးတော့ အတန်းကူးပြောင်းနိုင်အောင် ဆောင်ရွက်သွားမယ်။ ကျန်တဲ့ အပိုင်းတွေကတော့ စည်းရုံးပြီး ဆောင်ရွက်သွားမယ်လို့ အသိပေးချင်ပါတယ်။

Written by – ရင်းငြိမ်းချမ်း

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...