KIO နယ်မြေတွင် စက်သုံးဆီဈေးများကို တပြေးညီသတ်မှတ်

KIO နယ်မြေတွင် စက်သုံးဆီဈေးများကို တပြေးညီသတ်မှတ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် စက်သုံးဆီစျေးမြှင့်တက်နေသည့်အတွက် တသတ်မတ်တည်းရောင်းချရန် KIO က သတ်မှတ်လိုက်သည်။

မြေပြင်တွင် စက်သုံးဆီတစ်လီတာအား ကျပ် ၄၀၀၀ မှ ကျပ် ၆၅၀၀ အထိ တိုးမြင့်ရောင်းချနေကြသည့်အတွက် ရောင်းသူ/ဝယ်သူ နှစ်ဦးနှစ်ဖက် မနစ်နာရေး ယခုကဲ့သို့ သတ်မှတ်ရခြင်းဖြစ်သည်ဟု လိုင်ဇာမြို့ခံများနှင့် ဆီဆိုင်ပိုင်ရှင်အချို့က ပြောသည်။

“အခုလို အစိုးရက သတ်မှတ်ပေးတော့ ပိုအဆင်ပြေတာပေါ့။ သူတို့က ကျနော်တို့ကို ဝယ်ဈေးနဲ့ ကုန်ကျစရိတ်တွက်ချက်ပြပြီး သတ်မှတ်ပေးတာပါ။ ရောင်းသူ/ဝယ်သူ နှစ်ဦးနှစ်ဖက် မနစ်နာရအောင်ပေါ့” ဟု လိုင်ဇာမြို့က ဆီဆိုင်ဖွင့်ထားသူ တစ်ဦးက ပြောသည်။

KIO က အောက်တိုဘာလ ၁၃ ရက်နေ့ လိုင်ဇာမြို့အတွင်းက ဒေသခံအချို့၊ စက်သုံးဆီဆိုင်ရောင်းချသူများ၊ မြို့တော်အုပ်ချုပ်ရေးရုံး၊ စည်ပင်သာယာရုံးနှင့် မီးသတ်ရုံးမှ တာဝန်ရှိသူများ အစည်းအဝေးတစ်ရပ်ကျင်းပပြီး ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ထိုအစည်အဝေးတွင် လိုင်ဇာမြို့ နယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအားလုံး ဓာတ်ဆီတစ်လီတာလျှင် တရုတ်ငွေ ၁၀ ယွမ် (သို့) မြန်မာငွေ ၃၀၀၀ ကျပ်ဖြင့်သာ ရောင်းချကြရန် သတ်မှတ်လိုက်သည်ဟု အစည်းအဝေးသွားတက်သူများက ပြောသည်။

အောက်တိုဘာလ ဒုတိယအပတ်အတွင်း ဆီစျေး အဆမတန်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ဒုတိယအပတ်မတိုင်ခင်က ဓါတ်ဆီတစ်လီတာကို ကျပ် ၂၅၀၀ ခန့်ဖြင့် ရောင်းချနေရာမှ ကျပ် ၄၀၀၀ မှ ကျပ် ၆၅၀၀ ခန့်အထိ မြင့်တက်သွားခြင်းဖြစ်သည်။

ယခုကဲ့သို့ သတ်မှတ်ပေးရခြင်းမှာ စက်သုံးဆီအရောင်းဆိုင်အချို့တွင် စက်သုံးဆီများ ပြတ်လပ်လာခြင်းနှင့် နယ်စပ်တလျှောက်တွင် တရုတ်-မြန်မာ ငွေလဲလှယ်နှုန်း မတည်ငြိမ်ခြင်းတို့ကြောင့် ဆီကုန်သည်များသည် စက်သုံးဆီဈေးနှုန်းကို အဆမတန် မြင့်တင်ရောင်းချလာခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

တရုတ်နိုင်ငံဘက်အခြမ်းမှ လိုင်ဇာမြို့ဘက်ခြမ်းက ကိုဗစ်-၁၉ ရောဂါကူးစက်နေမှုများကြောင့် မေလကစတင်၍ နယ်စပ်တကြော လုံခြုံရေးပိုမိုတင်းကြပ်လိုက်သည့်အတွက် ကုန်သွယ်ရေးပိုင်း ပိုမိုခက်ခဲလာသည်ဟု ကုန်သည်များနှင့် ဆီလုပ်ငန်းရှင်အချို့က ပြောသည်။

လိုင်ဇာမြို့တွင် စက်သုံးဆီအရောင်းဆိုင်အများစုတွင် ဓာတ်ဆီ၊ ဒီဇယ်များ ပြတ်လပ်နေသည်မှာ နှစ်ပတ်ကျော်ခန့်ရှိပြီဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းအချိန်မှစတင်၍ အချို့ဆီဆိုင်များ အရောင်းရပ်နားထားကြကာ အချို့ဆိုင်များက ခွဲတန်းဖြင့်သာ ရောင်းချပေးနေသည်ဟု လိုင်ဇာဒေသခံများက ပြောသည်။

ဆီဆိုင်များက ဂါလံများဖြင့် မရောင်းကြပေးတော့ဘဲ ရေသန့်ဗူး အချိုရည်ဗူးများဖြင့်သာ ခွဲတန်းဖြင့် အနည်းငယ်စီ ရောင်းချပေးနေသည်ဟု ဆိုကြသည်။

လိုင်ဇာမြို့က ဒေသခံအမျိုးသမီးတစ်ဦးက “အခုဆိုရင် တစ်နေရာရာသွားဖို့တောင် တော်တော်စဉ်းစားနေရတယ်။ ဆိုင်ကယ်မှာရှိနေတဲ့ ဆီနဲ့ ရောက်ကော ရောက်ပါ့မလားဆိုပြီးမှပေါ့။ ဝယ်ထည့်ဖို့ကလည်း ဈေးကြီးတယ်။ ဒီမနက် ဆိုင်ကယ်ဆီသွားထည့်တာ ၂ လီတာကျော်လောက်လဲရှိမယ်။ ရေသန့်ဗူးကြီး နှစ်ဗူးကို ၁၀၀၀၀ ပေးခဲ့ရတယ်” ဟု ပြောသည်။

ယခုနှစ် မေလခန့်တွင် လိုင်ဇာမြို့တွင်း COVID-19 ရောဂါ ကူးစက်မှုများ ရှိလာသည့်နောက်ပိုင်းမှစတင်၍ ရောဂါကာကွယ်ရေး အခြေအနေကြောင့်ဟုဆိုကာ တရုတ်နိုင်ငံဘက်ခြမ်း၊ နယ်စပ်ဂိတ် ဖြတ်ကျော်ခွင့်ပိတ် ထားခြင်း ကြောင့် စက်သုံးဆီကားများ ဝင်ရောက်နိုင်ခြင်းမရှိခြင်းတော့ပဲ ယခုကဲ့သို့ ဆီပြတ်လပ်မှုပြဿနာ၊ ဆီစျေး အဆမတန်မြင့်တက်လာရခြင်းဖြစ်သည်ဟု လိုင်ဇာမြို့ရှိ ဆီဆိုင်ပိုင်ရှင်အချို့က ပြောသည်။

လိုင်ဇာမြို့တွင် စက်သုံးဆီ အရောင်းဆိုင်ကြီး ၆ ဆိုင်ရှိပြီး  ယခုကဲ့သို့ KIO ထိန်းချုပ်နယ်မြေအတွင်း လောင်စာဆီပြတ်လပ်မှုကို ကြုံတွေ့ရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

ထို့အပြင် အာဏာသိမ်းမှု နောက်ပိုင်း KIO ထိန်းချုပ်နယ်မြေ နယ်စပ်ဒေသတစ်လျောက်တွင် တရုတ်ငွေဈေး မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းများလည်း မကြာခဏ ပြောင်းလဲမြင့်တက်လျှက်ရှိသည်။

 
 

 

 

November 18, 2024
ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့တွင်...
ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...