တရားမဝင်ရထားသော အခွင့်အရေးများကို တောင်းဆိုလာလျှင် လိုက်လျောပေးမည် မဟုတ်ဟု ကာချုပ်ဆို

တရားမဝင်ရထားသော အခွင့်အရေးများကို တောင်းဆိုလာလျှင် လိုက်လျောပေးမည် မဟုတ်ဟု ကာချုပ်ဆို
by -
မဇ္ဈိမ
 “တချို့ တိုင်းရင်းသား အဖွဲ့အစည်းတွေကတော့ သူတို့ ရယူထားတဲ့ အာဏာတွေ အခွင့်အရေးတွေ၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ အာဏာတွေ ဒါတွေသူတို့က စွန့်လွှတ်ဖို့ နည်းနည်းလေး ဝန်လေးပုံလည်းရတယ်။ ဒါကြောင့် ဒီအပေါ်မှာ သူတို့က ရသလောက် တောင်းဆိုမှုတွေ လုပ်နေတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်အခြေစိုက် The Mainichi သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

"သူတို့ တရားမဝင်ရရှိထားတဲ့ အခွင့်အရေးတွေကို တောင်းဆိုလာမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဘယ်လိုမှ လိုက်လျောပေးလို့ မရဘူး" လို့လည်း ထပ်မံဖြေကြားထားပါသေးတယ်။

အဲဒီအပြင် “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ငြိမ်းချမ်းရေး တကယ်လိုချင်လို့ရှိရင် ငြိမ်းချမ်းရေးရချင်လို့ ရှိရင် ငြိမ်းချမ်းရေး လိုချင်တဲ့စိတ်တွေလည်း ရှိဖို့တော့ လိုလိမ့်မှာဖြစ်ပြီး ငြိမ်းချမ်းတဲ့ ဥပဒေနဲ့ အညီသွားတဲ့ လမ်းကြောင်းကို သွားရမယ့်အပြင် သူတို့နယ်မြေတွေက ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါမှာ တရားမဝင်လုပ်တဲ့ အခါမျိုးကို အစိုးရအနေနဲ့ကတော့ ဘယ်လိုမှ ခွင့်ပြုလို့ မရဘဲ ဥပဒေနဲ့ အညီပဲသွား ရမှာပဲ။ ပြည်ထောင်စုအစိုးရမှာရှိတဲ့ နောက်တစ်ခါ သက်ဆိုင်ရာ ဒေသတွေ မှာ ပေးထားတဲ့ အာဏာတွေဆီပဲ သွားရမှာ” လို့လည်း ဖြေကြားခဲ့ပါတယ်။

အဲဒီလို ဖြေကြားထားတဲ့အပေါ် တိုင်းရင်းသားအဖွဲ့အချို့ရဲ့ သဘောထားများကို မဇ္စျိမက ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါတယ်။

စောကွယ်ထူးဝင်း (ကရင်မျိုးသား အစည်းအရုံး၊ အထွေထွေအတွင်းရေးမှူး)

တချို့ဒေသတော်တော်များများက ကျွန်တော်တို့ စီမံခန့်ခွဲမှုအောက်မှာ ရှိပါတယ်။ ဘယ်အချိန်ကမှ အစိုးရလက်ထဲ မရောက်ခဲ့တဲ့ နေရာတွေ ရှိပါတယ်။ ဒီနေရာတွေမှာ လူထုစီမံခန့်ခွဲ လုပ်လာတာတွေ ရှိတယ်။ ဒါက အခြေအနေ တစ်ခုအရပေါ့နော်။ ဒါပေမယ့် အပစ်ရပ်ပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ နှစ်ဘက်ညှိနှိုင်းပြီး လုပ်ဖို့ သဘောတူညီထားပါတယ်။ တစ်ခုကနေ တစ်ခုပေါင်းတယ်။ ပြောင်းတယ်ဆိုတာက အချိန်တော့ပေးရမယ်။ စနစ်တကျ ဖြစ်ဖို့အတွက်ကိုပါ။

ရှိထားတဲ့ ဖြစ်စဉ်တွေကို စနစ်တကျ ဘယ်လိုပေါင်းစပ်မလဲ ဆိုတာရှိတယ်၊ ဒါကိုတော့ ညှိနှိုင်းပြီး သွားရမှာပဲ။ အာဏာဘယ်လိုခွဲမလဲဆိုတာက တစ်ပိုင်း၊ သယံဇာတခွဲဖို့ ဖွဲ့စည်းပုံထဲမှာလည်း ရှိရမယ်။ ပြည်ထောင်စုမှာ လုပ်ပိုင်ခွင့်ရှိသလို ပြည်နယ်တွေကလည်း သူ့အတိုင်းအတာနဲ့သူ အကျိုးခံစားခွင့် ရှိရမယ်။ ဒါကို ဖွဲ့စည်းပုံထဲမှာ သေချာလုပ်မယ်။ အခု ဖွဲစည်းပုံကတော့ ဗဟိုချုပ်ကိုင်ထားတာ များတယ်။ ပြည်နယ်မှာ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး။ ဖက်ဒရယ်မှာ သူ့အတိုင်းအတာနဲ့သူ လုပ်ပိုင်ခွင့်တွေ ရမှာတွေ ပါတယ်၊ ဒါတွေကတော့ နိုင်ငံရေးတွေ့ဆုံမှုမှာ ဆွေးနွေးရပါမယ်။ အဲဒီမှာ သယံဇာတ ခွဲဝေရေးကို ဆွေးနွေးရမှာပါ။ အခုလောလောဆယ်တော့ ကြားကာလအဖြစ် ညှိနှိုင်းရမယ့် ကာလပဲ ဖြစ်ပါတယ်။ အဲဒါက နိုင်ငံရေးဆွေးနွေးပွဲမှာ အဖြေထွက်ရင်တော့ တစ်ခုတည်းဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်။

ဗိုလ်မှူးကြီး စိုင်းလ (ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ အတွင်းရေးမှူး ၂)
 
တိုင်းရင်းသားတွေ တောင်းနေတာက ဖယ်ဒရယ် အရေးပါတယ်။ အဲဒီမှာ အာဏာခွဲဝေရေးနဲ့လည်း သက်ဆိုင်တာပါတယ်။ တိုင်းရင်းသားတွေ တောင်းဆိုနေတာတွေက တရားဝင် အခွင့်အရေးတွေကိုပဲ တောင်းနေတာ။ ဒါတွေက နိုင်ငံရေးဆွေးနွေးပွဲက ရလာတဲ့ ရလဒ်တွေကနေ အကောင်အထည် ဖော်ရမယ့် အရာတွေပါ။

အခု အဲဒီအဆင့်တောင် မရောက်သေးဘူး၊ တစ်ဖွဲ့တည်းရဲ့ ဆန္ဒနဲ့ တရားဝင်တယ် မဝင်ဘူးလို့ ပြောလို့ မရပါဘူး။ အများဆန္ဒနဲ့သာ ဖြစ်ပါမယ်။ အဲဒီလိုအဆင့်ကလည်း မရောက်သေးသလို အဲဒီအဆင့်ရောက်ရင် အကျေအလည် ဆွေးနွေးရပါမယ်။ ကျွန်တော်တို့တွေက အဲဒီလို အခွင့်အရေးအတွက်ကို လက်နက်ကိုင်ပြီး ရသင့်တာကို တောင်းနေရတာပဲ။

ရတာ မရတာကို တစ်ဦးတည်း အမြင်နဲ့ ပြောလို့ မရပါဘူး။ အများက  တောင်းဆိုတဲ့ တရားမျှတမှု အပေါ်မှာ မူတည်ပါတယ်။ တိုင်းရင်းသားတွေ တောင်းတာက တရားမျှတမှုပေါ် အခြေခံပြီး တောင်းနေတာပါ။ ပင်လုံစာချုပ်က ပေးထားတဲ့ အခွင့်အရေးနဲ့အညီ ထပ်ပြီး တောင်းဆိုသွားမှာပါ။ တရားဝင်၊ မျှတတဲ့ တောင်းဆိုချက်တွေ ဖြစ်ပါတယ်။ အဓိကတော့ တောင်းဆိုတဲ့ ဟာတွေကိုလည်း တရားဝင်ဖြစ်အောင်လုပ်မယ်။ တရားမဝင်တာလည်း မတောင်းပါဘူး၊ တရားဝင်တဲ့ အခွင့်အရေးကိုပဲ တောင်းနေတာပါ။

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...