မောင်တော၊ ဘူးသီးတောင်ဒေသ ညမထွက်ရအမိန့် ဆက်ထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံးမေးမြန်းခြင်း

မောင်တော၊ ဘူးသီးတောင်ဒေသ ညမထွက်ရအမိန့် ဆက်ထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံးမေးမြန်းခြင်း
by -
နိရဥ္စရာ
မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ဇွန်လ ၉ ရက်နေ့က နောက်ထပ် ၂ လ တိုးမြှင့် ထုတ်ပြန်လိုက်ပါတယ်။ မောင်တောမြို့နယ်မှာဆိုရင် ည ၉နာရီမှ နံနက် ၅ နာရီအထိ၊ ဘူးသီးတောင်မြို့နယ်မှာဆိုရင် ည၁၀ နာရီမှ နံနက် ၄ နာရီအထိ ဖြစ်ပါတယ်။ ဒီလို ညမထွက်ရ အမိန့် ထုတ်ပြန်ထားတာကို နောက်ထပ် ၂ လ တိုးမြှင့် လိုက်တာနဲ့ ပတ်သက်ပြီး နိရဥ္စရာ သတင်းဌာနမှ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်နဲ့ မေးမြန်း တင်ပြပေးလိုက်ပါတယ်။

မေး- ဘာကြောင့် ညမထွက်ရအမိန့်ကို ဒီဒေသတွေမှာ ထပ်တိုးမြှင့်ရပါသလဲ။

ဖြေ- အဓိကတော့ ဒေသတည်ငြိမ် အေးချမ်းမှု မရှိသေးတဲ့ အတွက် ထုတ်တာ ဖြစ်ပါတယ်။ ညပိုင်းမှာ ဒီ ကျွန်တော်တို့ ဒေသသည် ၂၄ နာရီ လျှပ်စစ်မီး မရသေးတဲ့ ဒေသဖြစ်တယ်။ ညပိုင်းမှာ တည်ငြိမ်အေးချမ်းရေးအပြည့်အဝမရသေးတဲ့ အတွက် ထုတ်ရတဲ့ သဘောပါဘဲ။

မေး- တည်ငြိမ်ချမ်း အေးချမ်းမှု မရတာက ဘယ်လို အခြေအနေတွေကြောင့်ပါလဲ။

ဖြေ- စပြီးတော့ အောက်တိုဘာ ၉ ဖြစ်စဉ်ကို အားလုံး သိမှာပေါ့နော်။ အောက်တိုဘာ ၉ ဖြစ်စဉ်နောက်ပိုင်းမှာ ကျေးရွာတွေမှာက ဟို ညပိုင်းမှာ သူတို့ အချင်းချင်း သတ်တာ ဖြတ်တာတို့က ရှိနေသေးတယ်။ ညပိုင်းမှာ အစိုးရနဲ့ အားကိုးရတဲ့ ဘင်္ဂလီလူမျိုးတွေ၊ အုပ်ချုပ်ရေးကို အားပြုရတဲ့ ဘင်္ဂလီ လူမျိုးတွေ၊ အစိုးရ ယန္တရားဘက်မှာပါ၀င်နေတဲ့သူတွေ ဒါမျိုးတွေနဲ့ အခု သတ်တာ ဖြတ်တာတွေကို ကြားမှာပေါ့ဗျာ။ အဲဒါတွေက ကနေ့ အချိန်ထိ ရှိနေဆဲဆိုတော့ ဒီညမထွက်ရ အမိန့်က၊ ဟို ဒါတွေ ရှိနေသမျှကတော့ ကျွန်တော်တို့ ညမထွက်ရ အမိန့်ကို ထုတ်နေရမှာပဲလေ။ ညအမှောင်ရိပ်ကို အားပြုယူပြီး သတ်တာ ဖြစ်တာတို့ ရှိနေဆဲကိုး။

မေး- ဒီလူတွေက၊ သတ်တာ ဖြစ်တာ လုပ်တဲ့ လူတွေက ဘယ်သူတွေပါလဲ။ ဘယ်လို အဖွဲ့အစည်းတွေကပါလဲ။

ဖြေ- အဲ။ သတ်တာ ဖြတ်တာ အောက်တိုဘာ ၉ ရက်နေ့ ဖြစ်စဉ်တုန်းကလည်း ဟိုဘက်နဲ့ ဆက်စပ်နေတာပေါ့။ အဓိကတော့ ဟို ဘက်က အရင်က RSO ခေါ်တာပေါ့။ အခုတော့ အာရ်ကန် ဘာညာ အဖွဲ့တွေပေါ့ဗျာ။ ဒီဘင်္ဂလီ လူမျိုးတွေပါဘဲ။ သူတို့အချင်းချင်းတွေပါဘဲ။ သူတို့အချင်းချင်းတွေဘဲ။ ဟိုဘက်ဒေသတွေနဲ့ ဆက်စပ်နေတာကိုး၊ အဓိကတော့ ဘင်္ဂလာဒေ့ရှ် ပေါ့။ ဆက်စပ်နေတော့ ဒီဘက်က အဖွဲ့တွေ ဦးဆောင်ပြီးတော့ ဒီဒေသမှာပညာမဲ့၊ တိုင်းပြည်ရဲ့ အချုပ်အချာအာဏာ အောက်မှာ တသွေမတိမ်း မနေထိုင် နိုင်တဲ့ အဖွဲ့ပေါ့ဗျာ၊ အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့ သဘောပေါ့ဗျာ။

မေး- အခုလောလောဆယ်မှာ လုံခြံုရေး တပ်ဖွဲ့ဝင်တွေကိုကော သူတို့ တိုက်တာခိုက်တာ၊ သတ်ဖြတ်တာတို့ ရှိပါသလား။

ဖြေ- တပ်မတော်တို့၊ နယ်ခြားစောင့်တပ်တို့ကို တိုက်ခိုက်တာတော့ မရှိပါဘူး။ အခု ဆောင်ရွက်နေတာက သူတို့ အချင်းချင်းတွေ၊ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးတွေ၊ ဌာနဆိုင်ရာတို့၊ တပ်တို့၊ရဲတို့ ကို တိုက်ခိုက်တာတွေ မရှိတော့ဘူး။ သူတို့အချင်းချင်းတွေ၊ တစ်နည်းအားဖြင့် သူတို့ အချင်းချင်းတွေအထဲက အစိုးရကို ကူညီဆောင်ရွက်နေတဲ့သူတွေ အတော်များများကို လိုက်တိုက်ခိုက်နေတာ များပါတယ်။

မေး- သူတို့က အခုလို အချင်းချင်းသတ်ဖြတ်တာတွေကို ဘာကြောင့် လုပ်နေတယ်လို့ သုံးသပ်ပါသလဲ။

ဖြေ- အဓိကတော့ အုပ်ချုပ်ရေး ယန္တရား ပျက်ပြားအောင်၊ လူထု ကြောက်လန့်အောင်၊ အဓိကတော့ ဘင်္ဂလီလူမျိုး တွေ အစိုးရနဲ့ ပူးပေါင်း မဆောင်ရွက်နိုင်အောင် ခြောက်လှန့်တဲ့ သဘောမျိုးနဲ့ လုပ်ဆောင်နေတယ်လို့ သုံးသပ်လို့ ရပါတယ်။

မေး- တည်ငြိမ် အေးချမ်းအောင် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေ့မှာ လက်ရှိ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ဘက်က ဆောင်ရွက်နေတဲ့ လုံခြံုရေး အခြေအနေကကော ဘယ်လို ရှိပါသလဲ။

ဖြေ- အဓိကတော့ တည်ငြိမ်အေးချမ်းဖို့ ဆိုတာက ဒီမှာ တပ်မတော်လည်း ရှိတယ်။ နယ်ခြားစောင့်ရဲတပ်တွေလည်း ရှိတယ်။ အဓိက သူတို့က လက်နက်ကိုင် အဖွဲ့အစည်းတွေပေါ့။ ဒီပြင် ကျွန်တော်တို့လည်း တစ်လ နှစ်ကြိမ် အစည်းအဝေးတိုင်းမှာ ပြောပြနေတာပါဘဲ။ ပြောပြနေတဲ့ အပြင် ဒီလို ဖြစ်စဉ်တဲ့ ဖြစ်တဲ့ အခါမှာလည်း အမှုမှန်တွေ ပေါ်ပေါက်အောင် လိုက်ပြီး ဆောင်ရွက် နေတာ ပါပဲ။ သို့သော်လည်းဘဲ အတွင်းမှာက သူတို့အချင်းချင်း ထဲမှာ ရှိနေတာဆိုတော့ ထိထိရောက်ရောက်မပေါ်ဘဲ ဖြစ်နေတာပေါ့။ သူတို့တွေရဲ့ အားနည်းချက်က ရှေ့ဘက် အိမ်က ပြဿနာ ဖြစ်ရင် နောက်ဘက် အိမ်က မေးရင် သူတို့က မသိဘူးလို့ ပြောတာပါဘဲ။ သူတို့ အဲသလို အလေ့အထ ရှိတယ်။ မဟုတ်တဲ့ ဘက်မှာ သူတို့က စည်းလုံး ညီညွှတ်နေတာ မကောင်းဘူးပေါ့ဗျာ။ တစ်ခုခု သိရင်၊ အစိုးရ ဥပဒေချိုးဖောက်တာ၊ သတ်တာ ဖြတ်တာတွေကို ရွာထဲမှာ အရှေ့ဘက်အိမ်၊ အနောက်ဘက်အိမ် သိနေတာကို ဟို သူတို့ တွေက သက်သေလိုက်ရမှာကို အထူး ကြောက်တဲ့ အယူအဆ ရှိနေတော့ ဒါတွေ ပေါ်ဖို့က အခက်အခဲ ရှိနေတာပေါ့။ ကျွန်တော်တို့ဘက်ကတော့ ကြိုးစားဆောင်ရွက်နေတဲ့ အပိုင်းတွေလည်း ရှိတာပေါ့။ ဒါတွေ မတည်ငြိမ်ရင် သေးသမျှ ပုဒ်မ ၁၄၄ ကို ထုတ်နေကြရအုံးမှာဘဲ ဖြစ်ပါတယ်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...