ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ တွေ့ဆုံရန် မနီးစပ်သေး

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ တွေ့ဆုံရန် မနီးစပ်သေး

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့၏ ပဋိပက္ခမှာ တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန် ခက်ခဲနေဆဲဟု ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့များက ပြောသည်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် သဘောထားရှိကြသော်လည်း နယ်မြေသတ်မှတ်မှုအပေါ်တွင် အခြေခံ၍ ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာနိုင်ရန် ခက်ခဲနေဆဲဟု SSPP နှင့် RCSS က ပြောသည်။

SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က “ကျနော်တို့က ပြောထားပြီးသားပြီလေ ခင်ဗျား။ သူ့နေရာသူနေ ကိုယ့်နေရာကိုယ်နေပေါ့နော။ ဒီလိုအနေအထား ပြန်ရောက်တဲ့အချိန်ကျရင် ကျနော်တို့က ဒီနေ့လုပ်နိုင်လို့ရှိရင် မနက်ဖြန် ကျနော်တို့ဆွေးနွေးပွဲက ပြန်စလို့ရပါတယ်ဆိုတဲ့ အကြောင်းပေါ့လေ။” ဟု ပြောသည်။

RCSS ဖက်မှ ၎င်းတို့၏ ထိန်းချုပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ပြန်ဆုတ်သွားမည်ဆိုပါက တွေ့ဆုံဆွေးနွေးမှုမှာ ချက်ချင်းဖြစ်ပေါ်လာနိုင်သည်ဟု SSPP ဖက်မှ ပြောဆိုနေသော်လည်း ထိုကဲ့သို့ နယ်မြေကန့်သတ်မှုမျိုးဖြင့် တွေ့ဆုံဆွေးနွေးခြင်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်း RCSS ဖက် ပြောသည်။

SSPP ၏ ပြောဆိုမှုနှင့်ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက ယခုကဲ့သို့ ပြောသည်။

ဗိုလ်မှူးစိုင်းခမ်းစံက “SSPP က သူတို့က တွေ့ဆုံဆွေးနွေးချင်တယ်ဆိုတာ အဲဒါကြိုဆိုရမှာပဲ။ RCSS အနေနဲ့ကလည်း တွေ့ဆုံဆွေးနွေးရေးသာ ထွက်ပေါက် ဖြစ်တယ်။ အဖြေရှာလာတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။ ဒါပေမယ့် တစ်ခုရှိတာက တွေ့ဆုံဆွေးနွေးမယ်ဆိုရင် RCSS က တောင်ပိုင်းကို အရင်ဆုတ်၊ ဆုတ်ပြီးမှ ကျနော်တို့ ဆွေးနွေးမယ်ဆို ဒီ Pre-Condition လို့ခေါ်တဲ့ ကန့်သတ်ချက်နဲ့ပါတဲ့ ဆွေးနွေးမှုမျိုးဆိုတော့ မအောင်မြင်နိုင်ဘူးလေ။ ဒါကြောင့် တိုက်ပွဲကလည်း မရပ်သေးဘူးဆိုတော့ ထိုးစစ်ဆင်တာ မရပ်သေးဘူးဆိုတော့ ဆွေးနွေးမှုက မစနိုင်သေးဘူးပေါ့နော်” ဟု ပြောသည်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်နိုင်ခြင်းမရှိသေးသည့် အခြားတစ်ဖက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရပြီး နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသူများနှင့် ဒေသခံများက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျေးသီးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ် ၄ မြို့နယ်တို့တွင် SSPP နှင့် RCSS တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု RCSS က ပြောသည်။

ယခုဖြစ်ပေါ်နေသည့် နယ်မြေအငြင်းပွားမှု ပြဿနာသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် RCSS မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ တပ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု SSPP နှင့် ၎င်းတို့၏ မဟာမိတ်အဖွဲ့များက ပြောဆိုထားသည်။

“အဓိက ဖြစ်နေတဲ့ ပြဿနာက ဒီနယ်မြေပိုင်းခြားသတ်မှတ်မှုပဲ သူတို့က ရှမ်းပြည်တပ်မတော် ဖြစ်တယ်ပေါ့နော်။ သွားချင်တဲ့နေရာ သွားလို့ရတယ်။ လုပ်ချင်တဲ့နေရာ လုပ်လို့ရတယ်။ လုပ်ချင်တဲ့ဟာ လုပ်လို့ရတယ်ဆိုတဲ့ သဘောက သူတို့က ဒါက သူတို့ရဲ့မူပေါ့လေ။ ပြဿနာက ဒီကနေစတာပဲ။ ကျနော်တို့ နယ်မြေပိုင်းခြား သတ်မှတ်မှုပဲ။ ဒီဟာကို မလုပ်နိုင်သေးသ၍ကျတော့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းက ဘယ်လိုမှ မတတ်နိုင်ဘူး” ဟု SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ဆက်ပြောသည်။

SSPP ၏ ပြောဆိုမှုနှင့်ပတ်သက်၍ ဗိုလ်မှူးစိုင်းခမ်းစံက ယခုကဲ့သို့ တုန့်ပြန်ပြောဆိုသည်။

ဗိုလ်မှူး စိုင်းခမ်းစံက “အဲဒါ စွပ်စွဲ ပြောဆိုချက်သာ ဖြစ်တယ်။ ဒီ ကျနော်တို့ မြောက်ပိုင်းမှာ သူတို့ လှုပ်ရှားနယ်မြေဆိုတာ ခါတိုင်းတုန်းက သူတို့ သမိုင်းကြောင်းအရ ရှည်မှာပေါ့ ပြောရမယ်ဆိုရင် တကယ်တမ်းကျရှိရင်တော့ ဒါ ဒီမြောက်ပိုင်းအထိမှာ ကျနော်တို့တပ် ၇၀၁ ဆို နယ်မြေဒေသရှိတယ်။ အဲဒီဥစ္စာဆိုရင် မူဆယ်-နမ့်ခမ်း ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ကျနော်တို့ လှုပ်ရှားနေတဲ့ ဥစ္စာရှိတယ်။ ပြောမယ်ဆိုရင်တော့ နယ်မြေကျတော့ Over Lap ဖြစ်ရင်ဖြစ်မှာပေါ့။ သူ့နယ်ပဲ နင်တို့နဲ့ မဆိုင်ဘူးဆို ပြောလို့မရဘူးလေ” ဟု ပြောသည်။

၂၀၁၅ ခုနှစ်နောက်ပိုင်းမှ စတင်ကာ နယ်မြေအငြင်းပွားမှုပြဿနာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် SSPP နှင့်အတူ ၎င်းတို့၏ မဟာမိတ် ပူးပေါင်းတပ်များနှင့် RCSS တို့အကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားလာခဲ့ပြီးနောက် ဒေသခံများမှာလည်း စစ်ဘေးရှောင်များအဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲများ ချုပ်ငြိမ်းရန်နှင့် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများ ပေါင်းစည်းနိုင်ရန် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလူမှုအသင်းအဖွဲ့များ၊ ရှမ်းလူငယ်အဖွဲ့အစည်းများ၊ ရဟန်းသံဃာတော်များနှင့် ဒေသခံပြည်သူများက ကြိုးစားညှိနှိုင်းပေးခဲ့ကြသော်လည်း ယနေ့အချိန်ထိ ပြေလည်မှု တစ်စုံတစ်ရာမရသေးပဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

Most read this week

November 18, 2024
ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့တွင်...
ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...