“ရလာတဲ့ အချက် တွေက ဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်တဲ့ အဓိကအရေးကြီးတဲ့ အချက်တွေတော့ မပါ သေးဘူး”ကေအဲန်ယူ အထွေထွေအတွင်းမှူးချုပ် ပဒိုစောတာဒိုမူးနှင့် မေးမြန်းခြင်း

“ရလာတဲ့ အချက် တွေက ဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်တဲ့ အဓိကအရေးကြီးတဲ့ အချက်တွေတော့ မပါ သေးဘူး”ကေအဲန်ယူ အထွေထွေအတွင်းမှူးချုပ် ပဒိုစောတာဒိုမူးနှင့် မေးမြန်းခြင်း
by -
ကေအိုင်စီ
နေပြည်တော်တွင် မေ ၂၄ မှ ၂၉ ရက်နေ့ထိပြုလုပ် ပြီးစီးသွားပြီးဖြစ်သည့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်း ချမ်းရေး ညီလာခံ (၂၁ ပင်လုံ) သို့တက်ရောက် ဆွေးနွေးခဲ့သည့် ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးနှင့် ကေအိုင်စီက ဆက်သွယ်မေးမြန်းခဲ့မှုများကို စာဖတ်သူများအား ဖော်ပြလိုက်ပါသည်။

မေး။ ။ ပထမဦးဆုံး ညီလာခံဆွေးနွေးပွဲ အခြေအနေတွေကို ပြောပြပေးပါ။

ဖြေ။ ။ ညီလာခံမှာကတော့ အစုအဖွဲ့တွေကြားထဲမှာ ဝိုင်းပြီးတော့ ဆွေးနွေးကြတာပေါ့နော်။ အဲ့ဒါ ပထမပိုင်းပေါ့ နောက် ပိုင်းကြတော့ အစုအဖွဲ့တွေကတော့ သူတို့ သက်ဆိုင်ရာ အစုအဖွဲ့တွေကြားထဲမှာ အဆုံးအဖြတ်တွေ ယူတာပေါ့ နော်။ အဲဒါကို အတွင်းရေးမှူး အဖွဲ့ဆီပို့တယ်။ အတွင်းရေးမှူး အဖွဲ့ကနေပြီးတော့ UPDJC ဆီပို့တယ်။

UPDJCက ဆုံးဖြတ်ချက်ချတာပေါ့နော်။ ပြင်ဆင်ဆွေးနွေးမှု တစ်ခုလုံးကို ကြည့်မယ်ဆိုရင်တော့ စိန်ခေါ်မှုတော်တော် များများ ကြံုတွေ့ ရတယ်။ စိန်ခေါ်မှုဆိုတဲ့ နေရာမှာ တစ်ချို့အပိုင်းတွေက တော်တော်လေးကို ခက်ခက်ခဲခဲနဲ့ ဆွေးနွေးခဲ့ရတာရှိတယ်။ တချို့အပိုင်းတွေမှာလည်း တွေ့ဆုံဆွေးနွေးမှုရဲ့ အခြေခံသဘောတရားနဲ့ လွဲဖယ်တဲ့ ကိစ္စမျိုး တချို့တွေလည်း ရှိတာပေါ့နော်။ ဒါကတော့ ပထမဦးဆုံးအကြိမ် နဖူးတွေ့ဒူးတွေ့ တွေ့တယ်လို့လည်း ပြောလို့ရတာပေါ့နော်၊ အဲလိုမျိုးလေးတွေတော့ ရှိတယ်။

မေး။ ။ ဒီညီလာခံအတွက် လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ကရင်ရဲ့ ရလဒ်တွေကို ဆွေးနွေးပွဲမှာ ဆွေးနွေးတဲ့ အခါမှာ ဘယ်လို အခြေအနေရှိလဲ။

ဖြေ။ ။ ကျနော်တို့တင်လိုက်ပါတယ်။ တင်လိုက်တဲ့ အထဲမှာ နိုင်ငံရေးအစုအဖွဲ့က တင်တဲ့ဟာတော် တော်များတော့ရတယ်လို့ ပြောလိုရတယ်။ ဒါပေမဲ့ ခွဲထွက်ရေးဆိုတဲ့ ကိစ္စနဲ့ ညှိနေပြီးတော့ နောက်တပွဲပြန်ဆွေးနွေးဖို့ဆိုတာ ပြန်ဖြစ်သွားတယ်။ အဲ့တော့ လူမှုရေးဘက်ကတော့ တချို့ရတယ်။ စီးပွားရေးဘက်မှာတော့ အမှန်တကယ်က ကျနော်တို့တင်လိုက်တဲ့ကိစ္စက ပြည်ထောင်စုနဲ့ ပြည်နယ်ကြားထဲမှာ ဘယ်လိုစီးပွားရေး လုပ်ပိုင်ခွင့်အာဏာ တွေ နောက်ပြီးတော့ အခွန်ဘဏ္ဍာ ခွဲဝေရေးကိစ္စတွေ အဲ့ဒါတွေက ကရင်နိုင်ငံရေးဆွေးနွေးပွဲရလဒ်ကနေ ထွက် လာတဲ့ အချက်တွေကို တင်လိုက်တယ်။

တင်လိုက်တော့ အတွင်းရေးမှူး အဖွဲ့ကိုရောက်သွားတော့ အခွန်ဘဏ္ဍာ ခွဲဝေရေးကိစ္စတွေကို ကျနော်တို့က ဆွေးနွေးပြီးရင် နောင်လာမဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာထည့်ပြီးတော့ ပြည်ထောင်စုနဲ့ ပြည်နယ်တွေကြားမှာ အာဏာခွဲဝေရေးဆိုတဲ့ အခြေခံမျိုးဖြစ်သွားတာပေါ့နော်၊ ဒါပေမဲ့ အမှန်တကယ် နောက်ဆုံးဆွေးနွေးပြီး ရလာတဲ့ ရလဒ်ကျတော့ ပြည်ထောင်စု အခြေခံဥပဒေနဲ့အညီ ခွဲဝေသွားမယ်ဆိုတာ ဖြစ်သွားတော့ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကို မရောက်ဘူးလိုပဲပြောရမှာဘဲ။ အဓိပ္ပါယ် ကွဲလွဲမှုတွေက လွဲတော့ အဲ့အချက်ကို ကျနော်တို့က အစည်းအဝေး ထုံးစံကလည်း ဒီမှာမရရင် နောက်ပြန် ဆွေးနွေးလို့ရတာကို ဒါပေမဲ့ အဲ့ဒါကို ပါဝင်ဆွေးတဲ့ ကိုယ်စားလှယ်တွေကလည်း ရတယ်လို့ ဆုံးဖြတ်လိုက်တော့ အဲ့ဒါက ပါသွားတယ်။

ကျနော်တို့က ကျေကျေလည်လည်ဆွေးနွေး ညှိနှိုင်းခွင့်ကို ကျနော်တို့က တောင်းဆိုထားပြီးသားဘဲ။ ဒါပေမဲ့ အဲ့မှာ ဘယ်လိုဆုံးဖြတ်ချက်ချလိုက်လဲဆိုတာ ကျနော်မပါတော့ မသိလိုက်ဘူး။ အဲ့အတွက် တော်တော် စိတ်မ ကောင်း ဖြစ်ရပါတယ်။ ဘယ်ဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စုသစ် တစ်ခုကိုတည် ဆောက် မယ်ဆိုရင် ပြည်ထောင်စုနဲ့ ပြည်နယ်ကြားမှာ အခွင့် အာဏာတွေကို လွှဲထားကြမလဲဆိုတာ ဆွေးနွေး မှုက ရှိကိုရှိရလိမ့်မယ်။

ဆိုတော့ အခွင့်အာဏာတွေကို ဘယ်လိုခွဲဝေမလဲဆိုတာကို ဆွေးနွေးမှုမရှိဘဲနဲ့ တန်းပြီးတော့ အခြေခံဥပဒေထဲ ထည့်မယ်ဆိုရင်၊ ဒါကဘယ်လိုအခြေခံနဲ့ ဘယ်လိုထည့်မယ်ဆိုတာက ကျနော်တော့ စဉ်းစားမတက်ဘူး။ ဒါပေမဲ့ နားလည်တာကတော့ ဒီအချက်တွေကတော့ ပြန်ပြီးဆွေးနွေးလို့ ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် တခုတော့ ရှိတာပေါ့နော်။ ဘာလို့လည်းဆိုတော့ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေဝင်လာရင် ဆွေးနွေးရမယ်ဆိုတဲ့ အခြေခံမျိုးတော့ ဖွင်ထားဖို့ရှိတယ်ဆိုတာမျိုး ကျနော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ကျနော်ကိုယ်တိုင်ကတော့ UPDJC မှာမပါတော့ သေချာပေါက်တော့ ပြောလို့ မရဘူး။ ဒါပေမဲ့ အဲ့လိုတော့ မျှော်လင့်လို့ရတာပေါ့နော်။

မေး။ ။ ညီလာခံရလဒ်တွေ ထုတ်ပြန်လိုက်တာ တွေ့ရပါတယ်၊ ကေအဲန်ယူကိုယ်စားလှယ် တယောက်အနေနဲ့ ဘယ်လောက် ထိ ကျေနပ်မှု ရှိဘာသလဲ။

ဖြေ။ ။ တစ်စုံတရာ ရတာကတော့ ဘာမှ မရတာထက်စာရင်တော့ ကောင်းတာပေါ့၊ အရေးကြီးတာက ကျနော်တို့ လုပ်ငန်းစဉ် ရှေ့ဆက်သွားဖို့က အရေးကြီးဆုံးပါဘဲ။ ဒီလောက်ထိ ထွက်လာတာ နာလည်မှု အတိုင်းအတာ တစ်စုံတခုထိတော့ ရှိတယ်ဆိုပေမဲ့လည်း စိန်ခေါ်မှုတွေကတော့ ရှိနေတာပေါ့နော်။ ဒါပေမဲ့ ဒီရလာတဲ့ အချက် တွေက ဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်တဲ့ အဓိကအရေးကြီးတဲ့ အချက်တွေတော့ မပါသေးဘူး။

အဲ့ဒါကြောင့် ကျနော်တို့ဆက်ပြီး ဖက်ဒရယ်ရဲ့အခြေခံဖြစ်တဲ့ အချက်တွေကို ဆက်ဆွေးနွေးသွားဖို့ရှိတာပေါ့နော်၊ ကျနော်တို့ EAOs တွေတောင်းဆိုနေတာက ဒီမိုကရေစီကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်တာကို အခု အချက်တွေကတော့ အများအားဖြင့် ဒီမိုကရက်တစ်ကို အခြေခံတဲ့ ပုံစံက ပိုများပြီးတော့ ဖက်ဒရယ်ကို အခြေခံ တဲ့ အချက်တွေကတော့ နောက်ပိုင်းမှာ ဆွေးနွေးမယ်ဆိုတဲ့ သဘောမျိုးနဲ့ ထားလိုက်တဲ့ သဘောမျိုး မြင်ရတာ ပေါ့နော်၊ ကျနော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု လုပ်ရမှာဖြစ်သလို တိုင်းရင်းသား တွေအားလုံး တန်းတူရည်တူရှိတဲ့ ဖက်ဒရယ်အခင်းအကျင်း တခုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာကို ဆွေးနွေး ရမှာဖြစ်တယ်။ ရရှိတဲ့ အခြေခံကို ကြည့်လိုက်မယ် ဆိုရင်တော့ ဒီမိုကရစ်ဒိုင်းဇေရှင်း() ကို အခြေခံတဲ့ အချက်တွေပိုရတယ်လို့ နားလည် လို့ရတယ်။ ဖက်ဒရယ်ကို အခြေခံတဲ့အပိုင်းတွေက နောက်ပိုင်းဆက် ဆွေးနွေးရမယ်လို့ ကျနော်အဲ့လိုဘဲ နားလည်တယ်။

မေး။ ။ ညီလာခံမှာ ထူးထူးခြားခြားဆွေးနွေး ရတဲ့အကြောင်းအရာတွေရှိခဲ့ရင်လည်း ပြောပြပါဦး။

ဖြေ။ ။ ထူးထူးခြားခြားတော့ မရှိဘူး။ ကျနော်တို့ ခြောက်ချက်၊ ခုနှစ်ချက်လောက်တင်လိုက်တာပေါ့နော်၊ အမှန်ကတော့ လုပ်ငန်းစဉ် (process)က အားနည်းချက်တွေရှိနေတယ်။ ပထမဦးဆုံး ကော်မတီ အလုပ်အဖွဲ့မှာ ဆွေးနွေးတဲ့ အခါမှာ တူတာလေးတွေပဲစုထားလိုက်တယ်။ နည်းပညာအထောက်အကူပြုအဖွဲ့တွေ လုပ်ရမဲ့ဟာကို လုပ်ခဲ့ရ တာပေါ့။ Working committees အစည်းအဝေးမှာ တူတာစုတဲ့ဟာတွေကို အခြေခံသဘောမျိုးနဲ့ ပြန်ပြီးတော့ ပြုပြင်ရေးသား လိုက်တဲ့ပုံစံမျိုးပြန်ဖြစ်သွားတယ်။

ဘာဖြစ်လို့လည်းဆိုတော့ အကျေအလည်ဆွေးနွေးထားတာလည်း မရှိဘူး၊ အဲ့ဒီ့အခါကြတော့ ဘာဖြစ်သွားလဲ ဆိုတော့ အဆက်စပ် ( concept )တွေ လွဲသွားတယ်။ လွဲရင်တော့ ရှေ့ဆက်မတင် တော့ဘူး။ ဒါကို နောက်ပိုင်း ပြန်ဆွေးနွေးဖို့လိုတယ် ဆိုတဲ့ အပိုင်းလေးလည်း သဘောထားပေးခဲ့တာပေါ့နော်။ သဘောထားပေးပေမဲ့ လွဲတဲ့ အဆက်စပ်တွေနဲ့ပဲ UPDJC ကိုပဲဆက်ယူသွားပြီးတော့ အဲ့လိုလုပ်သွားတဲ့ပုံစံမျိုး တွေ့ရတာပေါ့။ အဲ့ဒါကိုလည်း ပြန်ဆွေးနွေးနိုင်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။

မေး။ ။ ညီလာခံမှာ ခွဲမထွက်ရဘူးဆိုတဲ့ ကိစ္စလေးတွေ၊ တစ်ခုတည်းသော တပ်မတော်ထားရှိရေး ဆိုတဲ့ ကိစ္စလေးတွေ ဆွေးနွေးခဲ့ရတဲ့အခြေအနေကိုလည်း ကရင်အမျိုးသားတွေကိုယ်စားပြု တက်ရောက်ဆွေးနွေးခဲ့တာကိုလည်း  ပြောပြပါဦး။

ဖြေ။ ။ ကျနော်တို့ အဖွဲ့ခြင်းမတူကြဘူးပေါ့နော်၊ ကျနော်ကတော့ စီးပွားရေး အစုအဖွဲ့ထဲ မှာပေါ့နော်။ ကျနော်တို့ ကရင် အမျိုးသားတွေအတွက်ကတော့ ပြည်မမှာလည်း အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြတာဘဲလေ။ ပြည်နယ်တွေမှာ လည်း အတူတကွယှဉ်တွဲ နေထိုင်ကြတာပဲလေ။ ဒါတွေက ကျနော်ထင်တယ် NCA ထဲမှာလည်း ပါပြီးသားပါဘဲ။ အတူတကွယှဉ်တွဲနေထိုင်ကြရအောင်တို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ ဒါတွေက ပါထားပြီးသားပဲဆို တော့လေ ထွေထူးတော့ ရှင်းပြစရာမလိုဘူးလို့ ကျနော်ထင်တယ်။

မေး။ ။ ညီလာခံရလဒ်အပေါ် ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ရှင်းပြပါဦး။

ဖြေ။ ။ အဲ့ဒီ့အပိုင်းကလည်း ကျနော်ကိုယ်တိုင်းလည်းမရှင်းဘူးဗျ၊ အဲ့ဒါကိုလည်း ရှင်းလင်းအောင်ကျနော်တို့ အမြဲတောင်း ဆိုထားတယ်။ UPDJC က ကျနော်တို့ကိုယ်စားလှယ်တွေလည်း ကျနေ်ာတို့ကို မရှင်းပြနိုင်ဘူး။ ဒါတွေ လည်းအမှန်က ရှင်းရှင်းလင်းလင်းဖြစ်ဖို့ သင့်တယ်။ ဘယ်လိုပုံစံနဲ့ ဆက်သွားမလဲ ဒါမှ မဟုတ်အားလုံး ပြီးမှ စောင့်မှာလား။ မကျတဲ့ဟာတွေကို နောက်တစ်ပွဲ ပြန်ဆက်ဆွေးနွေးမလား။ ဘာမှ မသိသေးဘူး။ ဒါကို လည်း သူတို့ ဆွေးနွေးကြရဖို့တော့ ရှိလိမ့်မယ်ထင်တယ်။

မေး။ ။ အခု ဒုတိယအကြိမ် ညီလာခံတော့ ပြီးသွားပြီး၊ နောက်တစ်ကြိမ် အတွက် အားလုံးပါဝင်နိုင်ဖို့ ဘယ်လိုဆန္ဒရှိလဲ တိုက်တွန်းချင်ပါသလဲ။

ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ အခြေခံ အကြောင်းတရားကတော့ မြန်မာပြည်ရဲ့ပြဿနာပေါင်းများစွာကို ဖြေရှင်းနို်င် တဲ့ တခါတည်းသောနည်းလမ်းက တွေ့ဆုံဆွေးနွေးအဖြေရှာတာပါဘဲ။ ဒါပေမဲ့  အဲ့လိုတွေ့ ဆုံဆွေးနွေး အဖြေရှာ တဲ့နေရာမှာလည်း တန်းတူရည်တူနဲ့ လွှမ်းမိုးချုပ်ကိုင်မှုကင်းတဲ့ အခင်းအကျင်းတစ်ခုက နေသွားဖို့လိုတာပေါ့ နော်။ မပါနိုင်သေးတဲ့ သူတွေကလည်း သူတို့ အတိုင်းအတာနဲ့ သူတို့ အခက်အခဲတော့ ရှိကြလိမ့်မယ်။ အဲဒါကို ဆိုင်ရာ အစိုးရဘက်က တာဝန်ရှိသူများဘဲဖြစ်ဖြစ် တပ်မတော်ဘက်က တာဝန်ရှိသူများဘဲဖြစ်ဖြစ်လမ်းရှာ ပေးသင့် ပါတယ်။

မူဝါဒတွေကိုလည်း အလျှော့အတင်း လုပ်သင့်တာ လုပ်ပေါ့နော်၊ ဆိုလိုချင်တာက ကျနော်တို့ နိုင်ငံရဲ့ မပြေ လည်တဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်သမျှကတော့ အားလုံးသွားချင်တဲ့ ငြိမ်းချမ်းရေးကို လျင်လျင်မြန်မြန်နဲ့ ဖြောင့်ဖြောင့်ဖြူးဖြူး ရောက်နိုင်မှာ မဟုတ်ဘူး။ အကြောင်းတရားတွေကတော့ မတူညီစွာ ရှိကြတယ်ဆိုပေမဲ့။ မတူညီတဲ့ အထဲမှာပဲ အားလုံးလက်ခံနိုင်တဲ့ ဘုံရပ်တည်ချက်ကို ရအောင်ရှာတဲ့ အခါမှာလည်း မူဝါဒပိုင်းဆိုင်ရာ အလျှော့အတင်းတွေကို နှစ်ဖက်စလုံးက အလျှော့ အတင်းလုပ်ပြီးသွားနိုင်မယ်ဆိုရင်တော့ နိုင်ငံရေးအရ ဆွေးနွေးတဲ့ အခင်းအကျင်းတစ်ခု ဖြစ်ပေါ်လာမှာပေါ့နော်။ အဲ့ဒါက နှစ်ဖက်အဖွဲ့အစည်းတွေက ဘယ်လိုကြိုးစား ဆောင်ရွက်ကြမလဲ ဆိုတဲ့ အပေါ်မှာဘဲမူတည်ပါတယ်။ ကျနော်တို့ ကတော့ မျှော်လင့်တာပေါ့နော်။

မေး။ ။ နောက်ထပ် ဘာများဖြည့်စွက် ပြောချင်ပါသေးလဲ။

ဖြေ။ ။ ကျနော်တို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကရင်အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲက ရရှိလာတဲ့ အချက်တွေကို ရရှိနိုင်အောင်ကြိုးစားသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့လို ကြိုးစားသွားမဲ့နေရာမှာလည်း ရင်ဆိုင်ရတဲ့ အကျပ် အတည်းတွေ စိန်ခေါ်မှုတွေကို လက်တွေ့တော့ကြံုခဲ့ရတာပေါ့နော်။ ဆိုတော့ အဲ့ဒါတွေကို ကျနော်တို့ အသေ အချာပြန်ပြီးတော့ ပြုပြင်ဖို့ ပြန်ပြီးတော့ ဆွေးနွေးဖို့ ရှိပါတယ်။ အဲ့ဒါတွေကို ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲမှဘဲ အမှန်တကယ် ကျနော်တို့မျှော်လင့်တဲ့ တန်းတူရည်တူရှိပြီးတော့ သေသေချာချာပြင်ဆင်နိုင်တဲ့ အချိန်လုံ လောက်တဲ့ တန်းတူဆွေးနွေးနိုင်တဲ့ အခင်းအကျင်းနဲ့ ချုပ်ကိုင်လွှမ်းမိုးမှုကင်းတဲ့ အနေအထားတခုကို ဖန်တီးလို့ ရမှာပေါ့နော်။ ဒီလောက်ပဲ ကျနော်ပြောချင်ပါတယ်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...