ကန်ပက်လက်တွင် စစ်ကောင်စီမှ ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးနေ

ကန်ပက်လက်တွင် စစ်ကောင်စီမှ ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးနေ

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့တွင် ယမန်နေ့ သြဂုတ်လ ၁၅ ရက်နေ့၌ စစ်ကောင်စီတပ်ဖွဲ့မှ  နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး သေနတ်များပစ်ဖောက်ခဲ့သည့်အပြင် ကန်ပက်လက်မြို့မှ ပြည်သူနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကာ လက်ရှိအချိန်အထိ ပြန်မလွတ်ပေးသေးကြောင်း သိရသည်။

“မနေ့က မြို့ထဲက ၂ ယောက် အဖမ်းခံရတယ်၊ မြို့ပတ်လမ်းဖက်က ကားလမ်းဆိုင်ကယ်နဲ့ သွားလာနေတဲ့သူတွေဆိုတော့ အိမ်ကဘယ်မှာဆိုတာမသိရဘူး၊ အခုထိပြန်မလွတ်သေးဘူး၊ မနေ့က ရွာထဲကသူတွေလည်းပါသွားတယ်၊ အရင်နေ့တွေကလည်း ၁ဝ ယောက်ကျော်ပါတယ်။ ဘာကြောင့်ဖမ်းတာလဲဆိုတာကို မသိရတာ၊ လမ်းမှာတွေ့ရင် တွေ့သလိုဖမ်းသွားကြတာ၊ အကြောင်းမဲ့ကို။ အခု သူတို့ကို ရဲစခန်းမှာပဲထားတယ်” ဟု ကန်ပက်လက်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ယင်းနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်ကလည်း ကန့်သာရုံကျေးရွာအနီးတွင် အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်ထဲတွင်ရှိနေသော အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် ဖခင်ကို ကျည်ဆံထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်သောကြောင့် လက်ရှိတွင် မကွေးမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးကုမှုခံယူနေရသည်ဟုလည်း သိရသည်။

ထို့အပြင် ကန်ပက်လက်မြို့ အနောက်ရပ်ကွက်ရှိ မသန်စွမ်းသူတစ်ဦး၏ နေအိမ်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင််ရောက်ရှာဖွေပြီး ပစ္စည်းများကို ဖျက်ဆီးယူဆောင်ခဲ့သည့်အပြင် နေမကောင်း၍ အိပ်ယာထဲလဲနေသော အပြစ်မဲ့ပြည်သူတစ်ဦးကိုလည်း ရိုက်နှက်ကာ ငွေ ၃ သိန်း၊ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၂ လုံးနှင့် အခြားပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့ညတွင်လည်း ကန်ပက်လက်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ်များနှင့် မြို့မနှစ်ခြင်းဘုရားကျောင်း အဆောက်အအုံပျက်စီးမှုများ ရှိခဲဲ့သည်။

ယနေ့တွင် ကန်ပက်လက်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်မှုများမရှိသော်လည်း မြို့တွင်း နေရာ ၃ နေရာ၌ ပြည်သူများ၏ ဖုန်းများကို စစ်ဆေးနေသည်ဟု သိရသည်။

 
 

 

 

November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...