ပလက်ဝမြို့တွင် လျှပ်စစ်မီး ပုံမှန်မပေးနိုင်သောကြောင့် ကိုဗစ်လူနာများ အောက်ဆီဂျင်ကို အလှည့်ကျဖြင့် ရှုနေရ

ပလက်ဝမြို့တွင် လျှပ်စစ်မီး ပုံမှန်မပေးနိုင်သောကြောင့် ကိုဗစ်လူနာများ အောက်ဆီဂျင်ကို အလှည့်ကျဖြင့် ရှုနေရ

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် သြဂုတ်လ ၆ ရက်ကစပြီး လျှပ်စစ်မီးကို တရက်ခြားဖြင့် တစ်နေ့ ၃ နာရီခန့်သာ  ဖြန့်ဖြူးပေးနိုင်တော့သည့်အတွက်ကြောင့် ပြည်သူ့ဆေးရုံတွင် ကြပ်မတ်ကုသနေကြသည့် ကိုဗစ်လူနာများအား အောက်ဆီဂျင်ကို အလှည့်ကျဖြင့် ရှုခိုင်းနေရသည်ဟု ပလက်ဝမြို့ ပြည်သူ့ဆေးရုံက ဒေါက်တာခိုင်ဝင်းက ပြောသည်။

“ရက်ခြားပေးတော့ အဆင်တော့မပြေဘူး၊ ရက်ခြားဆိုရင်တောင်မှ ၃ နာရီလောက်ပဲပေးတာ၊ တချို့က ၃ နာရီအတွင်းမှာ အောက်ဆီဂျင်ရှူကြတာလေ၊ တချို့ အဲ့အတောတွင်းမဟုတ်တဲ့ဟာကြတော့ အောက်ဆီဂျင်ရှူဖို့လိုရင် စက်နဲ့မောင်းပြီး ရှူကြရတာပေါ့၊ ပြီးတော့ ကျားနဲ့မဆိုပြီး ခွဲ ထားတော့ ဒီဖက်တည၊ ဟိုဖက်တညဆိုပြီးတော့ ခွဲပြီး အလှည့်ကျရှူခိုင်းတယ်၊ အောက်ဆီဂျင်ရှူရတဲ့လူနာက ၅ယောက်ရှိတယ်” ဟု ဒေါက်တာခိုင်ဝင်းက ပြောသည်။

ပလက်ဝမြို့တစ်မြို့လုံးကို ပေးနေသော လျှပ်စစ်မီးကို ယခင်က တရက်လျှင် ၄ နာရီအကြာ ဖြန့်ဖြူးပေးခဲ့ပေမယ့် သြဂုတ်လ ၆ ရက်နေ့ ညကစတင်ပြီး စက်အင်အားမနိုင်နင်းလာသောကြောင့်၂ ပိုင်းခွဲပြီး တစ်ရက်ခြားဖြင့် လျှပ်စစ်မီးကို ဖြန့်ဖြူးပေးနေရကြောင်း ပလက်ဝမြို့နယ် လျှပ်စစ်ရုံးမှုး ဦးကျော်ကျော်သီးက ပြောသည်။

“စက်အင်အားမနိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ၂ ပိုင်းခွဲပြီးမှ ပေးရတာပါ၊ စက်ကတော့ ကောင်းပါတယ် ၅၀၀ ကေဗီဆိုရင် ၅၀၀ ကေဗီစက်ထက်ပိုတဲ့ ဝန်အားတွေကို သုံးနေတာ၊ ဆက်ပေးသွားမယ်ဆိုရင်တော့ စက်က ကွေးရုံပဲရှိတော့တယ်၊ ကျွန်တော်တို့က အများပြည်သူတွေအတွက် ဓာတ်အားပြတ်တောက်မှုကို ပိုပြီးမှ လျှော့ချနိုင်ဖို့အတွက်ဆိုပြီးမှ နေ့စဉ်ပေးနေရတဲ့ အနေအထားကနေပြီးမှ ၂ ပိုင်းခွဲပြီး ပေးလိုက်ရတဲ့သဘောပါ၊ စက်က ၂ လုံးရှိတယ်၊ ၂ လုံးနဲ့ကို မနိုင်တော့ဘူးလေ။ ပထမတော့ နိုင်တာပေါ့၊ အခုက ကိုဗစ်ကာလရဲ့ အကျိုးအဆက်လို့ပဲပြောရမယ်၊ ကိုဗစ်ဆိုတော့ ကိုဗစ်စင်တာတွေကို မီးပေးရတယ်၊ လူအများက များသောအားဖြင့် အိမ်မှာပဲနေပြီးမှပဲ ဝန်အားသုံးကြတာဆိုတော့ မီးပေးတဲ့အခါ ခက်ခဲလာတာပေါ့” ဟု ပလက်ဝမြို့နယ် လျှပ်စစ်မှုးက ပြောသည်။

ပလက်ဝမြို့တွင် မဟာဓာတ်အားလိုင်း မရသေးသည့်အတွက် လျှပ်စစ်မီးဖြန့်ဖြူးရာတွင် ၅၀၀ ကေဗီမီစက် ၁ လုံးနှင့် ၃၀၀ ကေဗီစက် ၁ လုံးကို အသုံးပြုကာ ပလက်ဝမြို့ကို ၂ ခြမ်းခွဲပြီး ၁ ရက်ခြားဖြင့် ည ၆ နာရီကနေ ၁၀ နာရီထိ လျှပ်စစ်မီးကို အသုံးပြုနိုင်ရန်အတွက် အလှည့်အကျ ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

ပလက်ဝမြို့ လျှပ်စစ်မီးကို ပုံမှန်မရရှိကြသည့်အတွက် အိမ်ရှင်မများ ချက်ပြုတ်ရေးပိုင်း၊ ရုံးအလုပ်သမားများနှင့် ပြည်သူလူထုများ အခက်အခဲဖြစ်သွားမည်ဟု ပလက်ဝမြို့ခံတစ်ဦးကလည်း ပြောသည်။

“ရေနွေးတွေ၊ မီးပူတိုက်တာ၊ ဖုန်းအားသွင်းတာတို့ကစ ရုံးလုပ်ငန်းလုပ်တဲ့အချိန်မှာလဲ ကိုယ်လိုအပ်တဲ့အချိန်မှာ ကွန်ပျုတာ စာထုတ်တဲ့နေရာမှာလည်း အဆင်မပြေဘူး၊ တချို့ လျှပ်စစ်နဲ့လုပ်တဲ့သူတွေအတွက်လည်း တော်တော်လေးလေး အဆင်မပြေဘူး၊ အိမ်တိုင်းကတော့ ဆိုလာပြားမရှိတော့ မီးမလာတဲ့ရက်ဆို မှောင်မဲနေတာပဲ” ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်တွင် မြို့နယ် ၉ မြို့နယ်ရှိပြီး ပလက်ဝမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့တွင် မဟာဓာတ်အားလိုင်း မရရှိသေးကြောင်း သိရသည်။

November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...