ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် အာဏာသိမ်းစစ်ကောင်စီမှ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးထားသည့် ချင်းလူငယ် ၅ ဦးကို ယနေ့ရုံးမထုတ်ဘဲ ဩဂုတ်လ ၂ ရက်နေ့သို့ ရုံးပြန်ချိန်းလိုက်သည်ဟု သိရသည်။
"ကျမတို့ ၂၆ ရက်နေ့မှာ ရုံးချိန်းဆိုတော့ ကျမတို့အကုန် လာရမှာလားဆိုပြီး ကျမတို့မေးကြည့်တယ်၊ ၂၆ ရက်နေ့မှာ သူတို့က ရုံးပိတ်တာဆိုတော့ ရုံးကိုလာလို့မရပါဘူး၊ ဒီနေ့ ရုံးမထုတ်ရပါဘူးတဲ့၊ သူတို့က ရုံးပိတ်ထားတယ်၊ သြဂုတ် ၂ ရက်နေ့မှပဲ ရုံးပြန်ထုတ်ပေးပါမယ်လို့ အကြောင်းကြားလာပါတယ်” ဟု ၎င်းတို့နှင့်နီးစပ်သည့် ပလက်ဝမြို့ဒေသခံက ပြောသည်။
ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။
ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံရသည့် လူငယ် ၅ ဦးမှာ ယခုလက်ရှိ ပလက်ဝမြို့ရဲစခန်းအချုပ်တွင် ထိန်းသိမ်းခံထားရပြီး ရာသီတုတ်ကွေးမိကာ ဖျားနာနေကြသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။
အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက "သူတို့ကိုလည်း စစ်ဆေးပြီးပြီ၊ စစ်ဆေးသင့်သလောက်ကို အများကြီးစစ်ဆေးပြီးပြီ၊ အပြစ်မရှိဘူးဆိုတာလည်းသိပြီ၊ မြန်မြန်လေးကို လွှတ်ပေးစေချင်ပြီ၊ ဘာပဲဖြစ်ဖြစကလေးတွေက သူတို့က ပလက်ဝမှာလည်း စစ်ဆေးပြီးပြီ၊ နောက်ပြီးတော့ စစ်တွေကိုလည်း ခေါ်သွားပြီ၊ အပြစ်မရှိဘူးဆိုတာလည်း သိပြီးပြီ၊ ရုံးချိန်းတွေလည်း ရုံးတွေမြန်မြန်ဖွင့်ပြီးတော့ မြန်မြန်လေးပဲ လွှတ်စေချင်ပြီ၊ ကလေးတွေရဲ့ စိတ်ဓာတ်ရေးရာကိုလည်း ရိုက်သတ်သလို ရိုက်ချိုးသလိုမျိုးတွေကို မဖြစ်စေချင်ဘူး၊ ဒီကလေးတွေအတွက် အနာဂတ်မှာလည်း သူတို့လုပ်ငန်းတွေ အများကြီးရှိမှာပဲ၊ ပညာတတ်ကလေးတွေဆိုတော့ ဘာပဲဖြစ်ဖြစ် အပြစ်ကြီလည်းမရှိဘူးဆိုတော့ ယုံကြည်ထားတဲ့အတွက် မြန်မြန်လေးလွှတ်ပေးစေချင်ပါတယ်" ဟု ပြောသည်။
ဖမ်းဆီးခံရသည့် ချင်းလူငယ် (၅) ဦးမှာ ကိုအိုက်မင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူးနှင့် အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြသည်။
၎င်းတို့ ၅ ဦးသည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် အလှူငွေကောက်ခံသည့်ကိစ္စနှင့်ပတ်သက်၍ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်။