ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ထိန်းချုပ်မှုကို အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီတွေ လက်ခံမှာလား

ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ထိန်းချုပ်မှုကို အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီတွေ လက်ခံမှာလား

ဇူလိုင်လ ၂၂ ရက်နေ့ ရက်စွဲဖြင့် ရခိုင်ပြည်နယ်စစ်ကောင်စီ၏ အစည်းအဝေးဆုံးဖြတ်ချက်ဟုဆိုကာ မြောက်ဦးမြို့ အောက်ဆီဂျင်စက်မှထွက်ရှိသည့် အောက်ဆီဂျင်များကို ပြည်နယ်မှချမှတ်သည့် မူဝါဒအတိုင်း ကိုဗစ်ကုသရေးပြည်သူ့ဆေးရုံများသို့သာ ဖြန့်ဖြူးရန်ဟု ရခိုင်စစ်ကောင်စီသတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းမှ သူ့၏ ပြန်ကြားရေးစာမျက်နှာက ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ပြည်သူအချို့က မြောက်ဦးက အောက်ဆီဂျင်များကို စစ်ကောင်စီထိန်းချုပ်နေပြီလားဆိုသည့် ပြစ်တင်ဝေဖန်မှုများကို တွေ့နေရသည်။

မြောက်ဦးမြို့တွင် နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့မှ ထုတ်လုပ်နေသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များကို ရခိုင်ပြည်နယ်စစ်ကောင်စီမှ ထိန်းချုပ်ခွင့်တောင်းဆိုမှုကို နန်းရိပ်ကရုဏာအနေဖြင့် တရားဝင်မသိသေးသလို မစဉ်းစားရသေးကြောင်း နန်းရိပ်ကရုဏာအဖွဲ့၏ တာဝန်ရှိသူများက DMG ကို ယမန်နေ့က ပြောသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းက အောက်ဆီဂျင်စက်ရုံတည်ဆောက်နေသည့် တခြားသောမြို့နယ်တို့ကိုလည်း ပြည်နယ်စစ်ကောင်စီမှ ထိန်းချုပ်ခွင့်တောင်းဆိုမှုရှိခဲ့လျှင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီဝင်အသီးသီး၏ သဘောထားအမြင်များကို DMG မှ ဆက်သွယ်မေးမြန်းထားသည်။

ဦးအောင်ကျော်ထွီး (အတွင်းရေးမှူး)

ပေါက်တောမြို့နယ် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီ

“ဒီလောက်အရေးကြီးနေတဲ့ကာလမှာ ကိုယ်ထူကို်ယ်ထစနစ်နဲ့ (Oxygen Plant) အောက်ဆီဂျင်စက်ရုံတွေကို မြို့နယ်တိုင်းလိုလိုမှာ တည်ဆောက်နေကြတယ်။ ဆိုတော့ ပြည်နယ်စစ်ကောင်စီအနေနဲ့ ကူညီပံ့ပိုးမယ်ဆိုတာကိုတော့ လက်ခံလို့ရတယ်။ ဒါပေမယ့် ထိန်းချုပ်မယ့်ပုံစံမျိုးကတော့ မလိုလားအပ်တဲ့ အနေအထားတွေ တစုံတရာမရောက်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ အကုန်လုံးက ကိုယ့်မြို့ကိုယ်ရွာအတွက် အကောင်းဆုံး ဖြစ်အောင်ကြိုးစားနေကြတဲ့အချိန်မှာ သူတို့ (စစ်ကောင်စီ) ဘက်က ပံ့ပိုးမှုသာဖြစ်သင့်တယ်လို့မြင်တယ်။ ထိန်းချုပ်တယ်ဆိုတာက တစ်စုံတစ်ရာတစ်ခုခုအနှောက်အယှက် လုပ်နေကြတဲ့ကော်မတီတွေနဲ့ မဖြစ်လာဘူးလို့ တစ်ယောက်မှ မပြောနိုင်ဘူး။ ဒါကြောင့် ထိန်းချုပ်မယ့်ဆိုတဲ့ အသုံးအနှုန်းဆိုတာထက် လိုအပ်တဲ့ အကြံညဏ်တွေပေးပြီး ညှိနှိုင်းတိုင်ပင်ပြီး သွားတာက ပိုလို့အကောင်းဆုံးလို့ယူဆတယ်။ Oxygen Plant တည်ဆောက်နေတဲ့ မြို့နယ်တိုင်းက ကော်မတီဝင်တွေနဲ့ လိုအပ်တဲ့အကူညီတွေကို ပြည်နယ်ကောင်စီက ပံ့ပိုးပြီးတော့ လိုအပ်ရင်လိုအပ်သလို ညှိနှိုင်းဆောင်ရွက်သင့်တယ်။ အပေါ်စီးက ဒီအတိုင်းလာပြီး ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာက ကော်မတီဝင်တွေက လက်ခံချင်မှခံလိမ့်မယ်။ ဒါကြောင့် မလိုလားအပ်တဲ့ အနေအထားတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်တယ်”

ဦးတင်အောင်ဦး (သတင်းပြန်ကြားရေးတာဝန်ခံ)

စစ်တွေမြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ

“ကျနော်တို့ စစ်တွေအဖွဲ့က အလှူငွေတွေနဲ့တည်ဆောက်နေတဲ့ စက်ရုံဖြစ်တဲ့အတွက် လှူဒါန်းမယ်ဆိုတဲ့ နေရာမှာ တခုမှခွဲခွဲခြားခြားမရှိဘူး။လှူဒါန်းမယ်ဆိုရင် အားလုံးကိုကြိုဆိုပါတယ်။ ဒီစက်ရုံက အဓိက အောက်ဆီဂျင် လိုအပ်နေတဲ့လူနာတွေဆီ ရောက်ရှိစေချင်တဲ့ စေတနာတွေနဲ့ပဲ လုပ်ဆောင်ထားတာဖြစ်တယ်။ နောက်တစ်ခုက အောက်ဆီဂျင်ထွက်လာလို့ရှိရင် ပြည်နယ်ကောင်စီလုပ်ဆောင်မယ့် စာတွေကတော့ လူမှုကွန်ယက်တွေမှာအများကြီးမြင်ရတယ်။ တရားဝင်တော့ ကျနော်တို့သိရတာ မဟုတ်သေးဘူး။ အဲတာက ကောင်စီအနေနဲ့ ဘယ်လိုအခြေအနေကို လုပ်မလဲဆိုတာ စောင့်ကြည့်ရအုန်းမယ်။ ထွက်လာတဲ့အောက်ဆီဂျင် အားလုံးကို သူတို့ရဲ့ အောက်ဆီဂျင်ကော်မတီကိုပဲ အပ်ရမှာလား၊ ဒါမှမဟုတ် စာရင်းပဲပို့ပြီးတော့ ကောင်စီကနေ စီမံခန့်ခွဲမှုလုပ်ဖို့တာလားဆိုက ကွဲကွဲပြားပြားတစ်ခုလည်း မသိရတဲ့အခါမှာတော့ ကျနော်တို့အနေနဲ့ ပြောရမှာ နည်းနည်းခက်တယ်။ စစ်တွေ Oxygen Plant အနေနဲ့ စောင့်ကြည့်နေဆဲအခြေအနေဖြစ်တယ်။ ဒါပေမယ့် စက်ရုံတည်ဆောက်ရေးကိုတော့ အယင်အတိုင်းပဲ ရှေ့ကိုဆက်လက်ပြီးသွားနေမှာဖြစ်တယ်”

ဦးလှမြင့် (ဥက္ကဋ္ဌ)

မောင်တောမြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ

“ကျနော်တို့က ပြောရမယ်ဆိုရင် ကိုယ့်ခြေထောက်နဲ့ကိုယ် ရပ်တည်တာမှာ သူတို့(ပြည်နယ်ကောင်စီ)ရဲ့ ထိန်းချုပ်မှုကို မခံဘူး။ သူတို့က ကျနော်တို့နဲ့ လာပြီးဆွေးနွေးတယ်၊ လိုအပ်တဲ့အကူညီတွေ ပံ့ပိုးပေမယ် ဆိုရင်တော့ တစ်မျိုးပေါ့။ ထိန်းချုပ်မယ့်ပုံစံမျိုးဆိုရင်တော့ ကျနော်တို့လုံးဝလက်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီဟာက ကိုယ့်ဒေသအတွက် လုပ်တာတစ်ခုဖြစ်တယ်။ အခုက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောဆို ထားတာနဲ့ဆိုရင် လုံးဝလွဲချော်နေတယ်။ မင်းအောင်လှိုင်ပြောထားတာက ပရဟိတအဖွဲ့လိုအပ်တာတွေကို ပူးပေါင်းဆောင်ရွက်ပေးပါလို့ပြောတယ်။ အခုက တလွဲတချော်ဖြစ်နေတယ်။ ဟိုနေ့က မီဒီယာတစ်ခုမှာ ဦးလှသိန်းတို့ (ပြည်နယ်ကောင်စီပြောခွင့်ရ) ပြောတာက အောက်ဆီဂျင်ဟာ ရခိုင်ပြည်နယ်ထဲမှာ ကိုးမြို့နယ်လောက်မှာအကောင်အထည်ဖော်နေတယ်။ အမှန်တကယ်အကောင်အထည်ဖော်နေတယ်ဆိုရင် သူရဲ့ မြို့နယ်အလိုက်စီမံခန့်ခွဲရေးကော်မတီတွေကို လေ့လာခိုင်းပြီးတော့ သေချာတယ်ဆိုရင် ပြည်နယ်စစ်ကောင်စီက ငွေသိန်းတစ်ရာစီ အလှူထည့်ဝင်ပေးမယ်လို့ အတိအလင်းပြောထားတာရှိတယ်။ အလှူငွေတွေထည့်လာရင်တော့ လက်ခံသွားမယ်”

ကိုအောင်ချေ (သတင်းပြန်ကြားရေးတာဝန်ခံ)

ဘူးသီးတောင်မြို့နယ် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ

“ကျနော်တို့က ပထမကနေ စစ်ကောင်စီနဲ့ပေါင်းလို့လုပ်တာမဟုတ်ဘူး။ ဆိုတော့ စစ်ကောင်စီက ဝင်လို့စွပ်ဖက်လာမယ်ဆိုရင်လည်း ကျနော်တို့လက်မခံဘူး။ တကယ်လို့ ပူးပေါင်းလို့လုပ်မယ်၊ အကူညီလိုတယ်ဆိုရင် ကျနော်တို့ကတော့ အကူညီပေးသွားမှာဖြစ်တယ်။ သူတို့ရဲ့ လက်အောက်မှာတော့ ကျနော်တို့မလုပ်နိုင်ဘူး။ ဒါက ရှင်းတယ်၊ ပြည်သူလူထုအလှူငွေနဲ့လုပ်တာဖြစ်တဲ့အတွက် လူမျိုး/ဘာသာမခွဲခြားဘဲ အောက်ဆီဂျင်စက်ရုံဟာ မည်သူတစ်ဦးတစ်ယောက်၊ မည်သည့်အဖွဲ့အစည်းလက်အောက်မှ မရှိဘူး။ ဒီစက်ရုံက ကျနော်တို့ မြို့သူ/မြို့သားရဲ့ စီမံခန့်ခွဲမှုလက်ခံမှာရှိတယ်။ ဒါကြောင့် သူတို့(ပြည်နယ်ကောင်စီ)က ထိန်းချုပ်လာမယ်ဆိုရင်လည်း ကျနော်တို့လက်မခံဘူး။ ကိုယ့်ကိုကိုယ် ရပ်တည်သွားမှာဖြစ်တယ်”

Most read this week

July 1, 2024
စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် ဇွန်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၄၂ ဦး...
July 1, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ရေးအရှိန်မြှင့်တက်လာသောကြောင့် အကျဉ်းထောင်အတွင်းရှိ...
June 29, 2024
ရခိုင်ပြည်အတွင်း မြို့နယ် (၉) ခုအထိ လက်လွှတ်ဆုံးရှုံးထားရသည့် စစ်ကောင်စီသည် ရွေးကောက်ပွဲအတွက်...
June 27, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာမှ ဒေသခံအမျိုးသား ၄၆ ဦးကို စစ်ကောင်စီက ဇွန်လ ၂၂...