ဒုတိယအကြိမ် ၂၁ ပင်လုံ KNPP ဘာကြောင့်မတက်ရတာလဲ

ဒုတိယအကြိမ် ၂၁ ပင်လုံ KNPP ဘာကြောင့်မတက်ရတာလဲ
by -
ကန္တရဝတီ
“ထိုင်ခုံဖြည့်စွက်တက်ရောက် ရုံသာဖြစ်တာကြောင့် မတက်ဖြစ်တာဖြစ်ပါတယ်။” လို့ ပြောဆိုသွားတဲ့ KNPP ဒုဥက္ကဌ ခူဦးရယ် ရဲ့ ကန္တာရဝတီတိုင်း(မ်)မှ မေးမြန်းထားချက်အပေါ် အဖြေကို ပြန်လည်တင်ပြပေးထားပါတယ်။

မေး ။ ။ ဒုတိယအကြိမ် ၂၁ ပင်လုံ မတက်ရခြင်းအကြောင်းရင်းကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေနဲ့ လူထုကို ချပြရှင်းလင်းပေးပါ။ ဘာကြောင့်မတက်ရတာလဲဆိုတဲ့အချက်တွေနဲ့ ရှေ့ဆက် ငြိမ်းချမ်းရေး ခရီးကို ဘယ်လိုဆက်ကြဖို့ ရှိလဲဆိုတာကိုပေါ့။

ဖြေ ။ ။ KNPP ဟာ UNFC တပ်ပေါင်းစုရဲ့ အဖွဲ့ဝင်ဖြစ်ပြီး UNFC အဖွဲ့ဝင်အားလုံးဟာ တနိုင်ငံလုံး အပစ်ရပ်ရေးသဘောတူစာချုပ် (NCA)ကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်တော်လှန်ရေး အဖွဲ့ (၁၆)ဖွဲ့တို့အကြား စတင်ဆွေးနွေးရေးဆွဲစဉ်ကတည်းက အတူလက်တွဲပါ၀င်ခဲ့တာပါ။

ဒါပေမယ့် ရွေးကောက်ပွဲကာလတခုနဲ့တခုအကြား အကူးအပြောင်းဖြစ်မည့် အနေအထား ကြောင့် စာချုပ်ဟာ အားလုံးသဘောတူလက်ခံနိုင်တဲ့ အခြေအနေမရောက်ရှိသေးခင်မှာ အတင်းတွန်းလက်မှတ်ရေးထိုးစေတဲ့ သဘောဖြစ်စေခဲ့တာကြောင့် အဖွဲ့အားလုံးက ပါ၀င် လက်မှတ်ရေးနိုင်တဲ့ အခင်းအကျင်းမဖြစ်ခဲ့တာပါ။

ဒါပေမယ့် UNFC အဖွဲ့ဝင်အဖွဲ့အစည်းတွေအနေနဲ့ ဒီ NCA ကိုဘဲ ဆက်လက်ကိုင်စွဲပီး အသေအချာခိုင်မာအောင် အစိုးရနဲ့ အကြေအလည်ဆွေးနွေးသဘောတူညီမှုရယူပြီး ဒီလမ်းကြောင်းအတိုင်းဘဲ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို သွားမယ်ဆိုတဲ့မူကိုဘဲ ကိုင်စွဲလာတာ ဖြစ်ပါတယ်။

ဒါကြောင့် အဆိုပြုမူ (၈)ချက်နဲ့ဘဲ NCA လက်မှတ်ရေးထိုးနိုင်ဖို့ ညှိနှိုင်း နေဆဲဖြစ်ပါတယ်။ ဒီအဆိုပြုချက်ကို သဘောတူညီမှုရရှိနိုင်ဖို့ နည်းလမ်းရှာယင်း (၈)ချက် အခြေခံနဲ့ဘဲ ကတိကဝတ်ပြုချက် (Deed of Commitment – DoC)ကို ကြားခံလက်မှတ် ရေးထိုးပီး NCAကို အဆုံးသတ်လက်မှတ်ရေးထိုးမယ်ဆိုတဲ့ အခြေခံနဲ့ ဆက်လက်ညှိနှိုင်း နေတာပါ။

ဒါပေမယ့် (၂၁)ပင်လုံ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအစည်း အဝေးကျင်းပဖို့ နီးကပ်လာချိန်အထိ ဒီ ကတိကဝတ်ပြုချက်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ဖြစ်မလာသေးတာကြောင့် အစိုးရဘက်က NCA လမ်းကြောင်းကနေဘဲ သွားပါမယ်ဆိုတဲ့ ကတိကဝတ်နဲ့ဘဲ အယင်လက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းလာပါတယ်။ ဒါဟာ UNFC ရဲ့ မူလလက်မှတ်ရေးထိုးမည့် ရပ်တည်ချက်နဲ့ ကွဲလွဲနေတာပါ။ ဒီရပ်တည်ချက်အပေါ်မှာဘဲ မှီတည်ပြီး KNPP က (DoC)ကို မထိုးနိုင်သေးဘူးလို့ ပြောတာဘဲဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ အဖွဲ့ဝင်အဖွဲ့အစည်းအားလုံးက သဘောတူလက်ခံထားသေးတာ မဟုတ်လို့ပါဘဲ။

နောက်ပီး ညီလာခံကို အထူးဖိတ်ကြားသူ (သို့) လေ့လာသူအနေနဲ့ ဖိတ်ကြားမယ် ဆိုယင်လဲ တန်းတူဆွေးနွေးခွင့်၊ ဆုံးဖြတ်ခွင့်မရှိတာကြောင့် မတက်ဘူးလို့ တပ်ပေါင်းစု ကလည်း အယင်ကတည်းက ပြောထားပီးသားဖြစ်တာကြောင့် ကျနော်တို့က ဒီအခြေခံ အပေါ်မှာဘဲ အတူရပ်တည်ဖို့ ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ ပိုပီး အရေးကြီးတာ တခုရှိပါသေးတယ်။

အဲဒါက နိုင်ငံရေးဆွေးနွေးမှုမူဘောင်ဟာ ပြန်လည်သုံးသပ်နေဆဲဖြစ်ပီး ဘာမှ ရေရာတဲ့ ပြဌာန်းချက်တွေ မချမှတ်ရသေးပေမည့် ဒီစပ်ကြားကာလမှာ အယင်ရေးဆွဲထားတဲ့ မူကြမ်းနဲ့ဘဲ ဆက်သွားမယ်ဆိုတဲ့ အခြေခံ ကြောင့် KNPP ဟာ NCA ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးတာကြောင့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြည်နယ်အတွင်း တရားဝင်ပြုလုပ်ခွင့် မရပါဘူး။ အလွတ် သဘောတော့ လုပ်လို့ရမယ်။ ဒါပေမည့် စုစည်းချက်တွေကို တရားဝင်တင်သွင်းခွင့် မရှိဘူးဆိုတဲ့ ကန့်သတ်ချက်ရှိပါတယ်။

ဒါကြောင့် ပြည်နယ်အတွင်းက လူထုတွေနဲ့ အတူဆွေးနွေးတိုင်ပင်စုစည်းမှုမပြုလုပ်နိုင်ဘဲနဲ့ ကိုယ်စားပြုစာတမ်းတွေကို ဘယ်အခြေခံနဲ့ တင်သွင်းဆွေးနွေးရမည်ဆိုတာ အခက်အခဲရှိနေတဲ့ တချိန်တည်းမှာ အထူးဖိတ်ကြားသူ အဖြစ်သာ ဖိတ်ကြားခံရတဲ့ အခြေခံတွေကြောင့် ညီလာခံမှာ အထူးထိုင်ခုံမှာဘဲ သွားရောက်ထိုင်ပြီး တခြားသော အစုအဖွဲ့တွေက ပြုစုထားတဲ့၊ အတည်ပြုထားတဲ့ စာတမ်း တွေကို တင်သွင်းအတည်ပြုတာကို မျက်မြင်သက်သေအဖြစ်သာ ထိုင်ခုံဖြည့်စွက်တက် ရောက်ရုံသာ ဖြစ်တာကြောင့် မတက်ဖြစ်တာ ဖြစ်ပါတယ်။

နောက်ပီး NCA ကို လက်မှတ်ရေးထိုးထားပီးသား တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၈)ဖွဲ့ထဲမှာ တောင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို KNU, CNF နဲ့ ပအို့ဝ် (၃)ဖွဲ့ဘဲ ကျင်းပရသေးတာဖြစ်ပါတယ်။ ဥပမာ – RCSS, ALPတို့လိုအဖွဲ့တွေ မပြုလုပ်ရသေးပါဘူး။

ဒါကြောင့် အခုအတည်ပြုမယ်လို့ ပြင်ဆင်ထားတဲ့ ကဏ္ဍအလိုက် စာတမ်းတွေဟာ တနိုင်ငံလုံးကို လွှမ်းခြုံပြီး အားလုံးကို ကိုယ်စားပြုတဲ့၊ သဘောတူလက်ခံထားတဲ့ စာတမ်း လို့ မပြောနိုင်ပါဘူး။ ဒီညီလာခံမှာ ဒီစာတမ်းတွေကို ပြည်ထောင်စုုငြိမ်းချမ်းရေး သဘော တူစာချုပ်အဖြစ် ချုပ်ဆိုဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

ဒါတွေအားလုံးဟာ NCA စာချုပ်ပြဌာန်းချက်တွေအတိုင်း မဟုတ်သလိုဘဲ ပြဌာန်းထားတဲ့ မူဘောင်အတိုင်း သွားနေတဲ့ ဖြစ်စဉ်မဟုတ်တာက ပိုပီး မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ဒီလို ပြဌာန်းချက် တွေနဲ့ တပြေးညီ စီစဉ်ဆောင်ရွက်ပြီး သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် မဟုတ်သေးဘူး ဆိုတာကို လူထုတစ်ရပ်လုံးသိမြင်ခွင့် ရှိဖို့က ပိုအရေးကြီးပါတယ်။

ကျနော်တို့ကတော့ ဒီလို အားလုံးသဘောတူလက်ခံတဲ့ ဖြစ်စဉ်နဲ့အညီ NCA လမ်းကြောင်းအတိုင်း သွားနိုင်ဖို့ အတွက် အားလုံးနဲ့ ဆက်လက် ညှိနှိုင်းဆွေးနွေးအဖြေရှာသွားဖို့ ရှိပါတယ်။

UNFC တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော KIO ၊SSPP၊ NMSP၊ KNPP၊ ANC ၊ WNO၊ နှင့် LDU ဟူ၍ ရ ဖွဲ့ရှိသော်လည်း KIOနှင့်WNO တို့မှာနုတ်ထွက်စာတင်ထားပြီး SSPPနှင့်KIOမှာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိုနှိုင်းရေးကော်မတီ (မြောက်ပိုင်းမဟာမိတ် ရ ဖွဲ့)တွင်ပါ၀င်ကာ ယခုကျင်းပသည့် ဒုတိယအကြိမ် အစည်းအဝေးသို့တက်ရောက်ပြီး UNFC မှ NMSP၊ KNPP၊ ANC ၊ WNO၊ LDU ၅ဖွဲ့သာ ညီလာခံမတက်ဘဲကျန်ရှိနေခဲ့သည်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...