“ကျားသေလျှင် ကျားရေကျန်ရမည်၊ လူသေလျှင် နာမည်ကျန်ရမည်” ဆိုသည့် ဗမာစကားပုံက သူ့အတွက်တော့ ဖုတ်လေသည့်ငပိ၊ ရှိသည်လို့ပင် ထင်မည်မဟုတ်။ အသက်ရှင်လျက် သူ့အားမည်မျှမုန်းကြောင်း၊ မည်မျှလောက်နာကျဉ်းနေကြကြောင်း တစ်နုံ့နုံ့ခံစားရင်း ရှင်သန်နေထိုင်ရသည်မှာ ပင်ပန်းဖွယ်ရာ။ ယင်းကား အလွန်စိတ်ဆင်းရဲနေရမှုတစ်ခု မဟုတ်လား။ မသေခင် ငရဲကျနေသည့် အဖြစ်သနစ်ပေ။ “အရှင်လတ်လတ် ငရဲကျ” စကားပုံလိုမျိုး မသေခင် ပုတ်နေသည့်လူမျိုးနှယ်။
အော် လူထုအပေါင်းတို့၊ သင်တို့၏ နာကျဉ်းခံစားမှုများသည် သူ့အတွက် တစ်နေ့ပေးဆပ်ရမည့် ဝဋ်ကြွေးဖြစ်လာလိမ့်မည်။ မြန်မာပြည်တွင် ကပ်ကြီးသုံးပါးလုံးနှင့် ကြုံနေရလေပြီ။ သတ္ထန္တရကပ် ဓား၊ လှံ၊ လက်နက်တို့ဖြင့် သတ်ဖြတ်ကြသောကပ်။ လက်ရှိ ကြုံနေရလေပြီ။ ရောဂါန္တရကပ် ရောဂါဆိုးများနှိပ်စက်သောကပ်။ ဤကပ်လည်း ကြုံနေရလေပြီ။ ဒုဗ်ဘိက္ခန္တရကပ် စားရေးရိက္ခာရှားပါးကာ ငတ်မွတ်ခေါင်းပါးသည့် ဘေးကြီး ဆိုက်၍သေကြေ ပျက်စီးကြရသည့်ကပ်။ ဤကပ်လည်း ကျရောက်နေလေပြီ။
ဟိုနေရာ သေ၊ ဒီနေရာသေနှင့် သေနေရသော တိုင်းပြည်။ ဟိုနေရာ လူနာ၊ ဒီနေရာ လူနာနှင့် လူနာများပြည့်နေသော တိုင်းပြည်။ ဟိုနေရာ ငတ်၊ ဒီနေရာ ငတ်နှင့် ငတ်နေကြရသော ပြည်သူများ။ ကြည့်ရက်စရာ တစ်ခုမှမရှိ။ အော် သနားစရာတိုင်းပြည်။ ဒါအားလုံးသည် ရန်သူမျိုး ငါးပါးတွင် တစ်ပါးပါသော မကောင်းသော မင်းဆိုးမင်းညစ် ဖျက်ဆီး၍ ပျက်ဆီးရခြင်းဟူသော နံပါတ်သုံးအချက်နှင့် သွားကိုက်ညီနေသည်က ထင်ရှားပေသည်။ သီလမရှိသောမင်း၊ သမာဓိမရှိသောမင်း၊ ကတိမတည်သောမင်း၊ မင်းကျင့် ဆယ်ပါးမညီညွတ်သောမင်း၊ တိုင်းသူပြည်သားများအား မညှာတာ မထောက်ထားသောမင်း။ ထိုသူကား ပလ္လင်ပေါ်အဓမ္မတက်ထိုင်နေလေပြီ။
ဘုရားရှင်လက်ထက် ဝေသန္တရာမင်း၏သားတော် အဇာတသတ်မင်းကား ဖခင်ဘုရင်ကြီးအား အာဏာကြောင့် ဖမ်းစီးချုပ်နှောင်ကာ ခြေဖဝါးဆားသိပ် အသေသတ်ခဲ့သည် မဟုတ်လား။ သူ့ဆရာဒေဝဒတ်၏ လမ်းညွှန်မှုကြောင့် ဖအေဆိုသည့် အသိတရားကို မမြင်မိတော့။ အာဏာကိုသာ မြင်တော့သည်။ သို့သော်လည်း ဘုရားရှင်နှင့်တွေ့၍ တရားရသွားကာ နောက်ဆုံးဘုရားဒကာအဖြစ်သို့ ကံကောင်းစွာ လမ်းတည့်နိုင်ခဲ့လေသည်။ သူ့ဆရာ ဒေဝဒတ်ကြောင့် ဆရာကဲ့သို့ မြေမြိုသောလမ်း မရောက်ခဲ့ခြင်းက သူ့အတွက် အလွန်ကောင်းသော ကုသိုလ်ထူးပင်။ အာဏာက ထိုမျှလောက် ကြောက်စရာပင်။ အသိသာ မကယ်နိုင်ခဲ့လျှင် အာဏာမက်သောသားမင်းမိုက် ငရဲရောက်မည်က မုချဧကံအမှန်ပင် ဖြစ်သည်။
ထိုကြောင့် လမ်းညွှန်သူ ဆရာများ အထူးအရေးကြီးသည်။ သူ့တို့၏ သွန်သင်ဆုံးမမှုများကား အုပ်ချုပ်သူ မင်းများအတွက် ကောင်းစေ၊ ဆိုးစေနိုင်သည့် အရာမဟုတ်လား။ မင်းလမ်းကောင်းကောင်း မလျှောက်လျှင်လည်း ပြောနိုင်ရမည်၊ မင်းမျက်စိကွယ်လျှင်လည်း အလင်းပြနိုင်ရမည်။ ဤကား ဆရာကောင်းပင်။ သို့မှသာ “ဆရာကောင်းတပည့် ပန်းကောင်းပန်” မည်ဖြစ်သည်။ ယခုခေတ်က ရှေးရှေးကကဲ့သို့ ဆရာကောင်းများ နည်းသွားကြပြီ။ မင်းဆိုးများ နိုင်ငံရေးကို ဘာသာရေးဖြင့် ခုတုံးလုပ် အသုံးချနေသည်ကို သိသိကြီးနှင့် ပြုံးပြနေကြသည်။ ဆရာကောင်း၏ လုပ်ရပ်လား။ အမှန်တရားကို ကြောက်နေသောဆရာကား အဘယ်ဆရာသို့နည်း။ ဒေဝဒတ်ကဲ့သို့ ဆရာများဖြစ်မည်။ ကိုယ်အနေအစားရှောင်သမျှ ဝစိပိတ်နေကြမည့် အရည်းကြီးဆရာများလေလား။
အုပ်ချုပ်သူများမရှက်သော်လည်း၊ အုပ်ချုပ်ခံသူများ ရှက်ရသည်။ “ယိုသူမရှက်၊ မြင်သူရှက်” ဖြစ်နေသည်။ အုပ်ချုပ်ခံသူများကို မအုပ်ချုပ်ပါနှင့်ပြောလည်း ပြောပြောပဲ ရှိသည်။ မျက်စိစုံမှိတ်၊ နားပိတ်ကာ ဆက်အုပ်ချုပ်နေသည်။ ကောသလမင်း အိမ်မက်ထဲကလို ဖြစ်နေလေပြီ။ “အဆင်းမည်းနက် ကျီးငှက်ထံမှာ ရွှေဟင်္သာများ ခစားနေရှာ” လို ဖြစ်နေလေပြီ။ မိမိအား အလိုမရှိသူများထံ အဘယ်မျက်နှာပြောင်တိုက်လျက် နေနေရပါသနည်း။ ရှက်တက်လျှင် သေလို့ရသည်။
ဤကား ကျွန်ုတို့ မြန်မာနိုင်ငံ၏ ပကတိအခြေအနေတစ်ခု ဖြစ်လေသတည်း။ ဤဘဝကနေ အမြန်ဆုံး ရုန်းထနိုင်ပါစေ။