ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည့် ချင်းလူငယ် ၅ ဦးကို စစ်တွေမှ ပလက်ဝသို့ ပြန်သို့

ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည့် ချင်းလူငယ် ၅ ဦးကို စစ်တွေမှ ပလက်ဝသို့ ပြန်သို့

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည့် ချင်းလူငယ် ၅ ဦးကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တစ်လနီးပါးခန့် ထိန်းသိမ်းထားပြီးနောက် ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။

“မနေ့က ၂ နာရီလောက်က ရောက်လာကြတယ်၊ ကျမတို့ လမ်းဘေးနားကစောင့်ပြီး စကားတော့ ပြောလို့မရဘူးပေါ့၊ လက်ပြနှုတ်ဆက်တာတို့တော့ရတယ်၊ ကျန်းမာရေးတော့ ကောင်းကြတယ်၊ သူတို့ရောက်လာတော့ ကိုဗစ်လည်း စစ်ကြတယ်၊ ပိုးမတွေ့ဘူး၊ အခု သူတို့ကို ပလက်ဝရဲစခန်းမှာ ထားတယ်"  ဟု အမည်မဖော်လိုသည့်နီးစပ်သည့်ဆွေမျိူးတစ်ဦးက ပြောသည်။

၎င်းတို့ ၅ ဦးကို ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခန့်က ပလက်ဝမြို့တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း အမှုစစ်ဆေးမှု တစ်စုံတစ်ရာမရှိဘဲ ဇူလိုင်လ ၂၀ ရက်နေ့ကို ရုံးပြန်ချိန်းသည်ဟု သိရသည်။

“ဒီမနက်တော့ ၁၁ နာရီ ရုံးထုတ်တယ်၊ မနေ့ကရောက်တယ်ဆိုတော့ ဒီနေ့ကတော့ စွဲချက်တင်တာပဲရှိသေးတယ်။ လာမယ့် ၂၀ ရက်ကို ရုံးပြန်ချိန်းတယ်၊ ဒီနေ့တော့ မိသားစုဝင်တွေအကုန်လုံးပဲ တရားရုံးမှာစောင့်ပြီးတော့ ခနလေး မိနစ်ပိုင်းလေးတော့ တွေ့ခွင့်ရပါတယ်” ဟု ဖမ်းဆီးခံထားရသော မိသားစုဝင်တစ်ဦးက ပြောသည်။

ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၅ ဦးကို ဇွန်လ ၁၇ ရက်နေ့က ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်ည်။

အဆိုပါ ချင်းလူငယ် (၅) ဦးမှာ ကိုအိုက်မင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူးနှင့် အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ဖြစ်ကြပြီး ၎င်းတို့ ၅ ဦးကို ပလက်မြို့ရဲစခန်းမှ ဇွန်လ ၁၇ ရက်နေ့က ခမရ (၅၁၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး နေလင်းအောင်က ခလရ (၂၈၉) တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ဇွန်လ ၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ပို့ဆောင်ကာ ရဲစခန်းသို့မအပ်သေးပဲ စစ်တပ်က ထိန်းသိမ်းထားပြီးနောက် ဇူလိုင်လ ၁၁ ရက်နေ့တွင် ပလက်ဝမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၅ ဦးသည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် အလှူငွေကောက်ခံသည့်ကိစ္စနှင့်ပတ်သက်၍ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်။

Most read this week

November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...