အနာဂတ်သျှမ်းပြည်အေးချမ်းစေချင်လို့ ဘယ်အစိုးရရဲ့ UEC ဖြစ်ဖြစ် ဖိတ်ရင် တရားဝင်ပါတီတခုအနေနဲ့ တက်မယ်

အနာဂတ်သျှမ်းပြည်အေးချမ်းစေချင်လို့ ဘယ်အစိုးရရဲ့ UEC ဖြစ်ဖြစ် ဖိတ်ရင် တရားဝင်ပါတီတခုအနေနဲ့ တက်မယ်

ယမန်နေ့ (မေ ၂၁) ရက် နေပြည်တော်တွင်ပြုလုပ်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC နှင့် နိုင်ငံရေးပါတီ ၆၂ ပါတီတို့ တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံရာတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီလည်း ပါဝင်ခဲ့သည်။ ၎င်းနှင့်ပတ်သက်ပြီး ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းအား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သည်။

မေး ။ ။ စစ်ကောင်စီက အသစ်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ဖိတ်ခေါ်တဲ့အစည်းအဝေးကို ဘာကြောင့်သွားတက်သလဲရှင့်။

ဖြေ ။ ။ ဘယ်အဖွဲ့က ဖွဲ့စည်းထားတဲ့ကော်မရှင်ပဲဖြစ်ဖြစ် ကော်မရှင်အနေနဲ့ တရားဝင်ပါတီအနေနဲ့တော့ တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖိတ်တော့ သွားတက်ရမယ်လေ။

မေး ။ ။ ဘာတွေ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသလဲရှင့်။

ဖြေ ။ ။ ဘာတွေ ဆွေးနွေးဆုံးဖြတ်ခဲ့သလဲဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ (PR) စနစ် အချိုးကျကိုယ်စားပြုမှု ရွေးကောက်ပွဲစနစ်နဲ့ လုပ်မယ်ဆိုတာ အဲ့ဒါပါပဲ။

မေး ။ ။ ကျားဖြူပါတီအနေနဲ့ စစ်ကောင်စီက အသစ်ပြန်လည်ပြုလုပ်မယ့် ရွေးကောက်ပွဲကိုတော့ ထောက်ခံကြိုဆိုတယ်လို့ ပြောလို့ရတာလား။

ဖြေ ။ ။ အဲ့လို ထောက်ခံတယ်လို့ မပြောရဘူးလေ။ ထောက်ခံတယ် မထောက်ခံဘူးဆိုတာ ဘယ်အစိုးရ ဘယ်ပါတီက ရွေးကောက်ပွဲ ကော်မရှင်ပဲဖြစ်ဖြစ် တရားဝင်ရပ်တည်နေတဲ့ပါတီတစ်ခုဟာ ကော်မရှင်ဖိတ်ရင် NLD ကော်မရှင်တုန်းကလည်း အန်ကယ်တို့တက်တယ်။ အခု လက်ရှိ နစကအစိုးရဖွဲ့တဲ့ကော်မရှင်လည်း အန်ကယ်တို့တက်တယ်။ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ဖွဲ့စည်းထားတဲ့ ကော်မရှင်လည်း အန်ကယ်တို့ တက်တယ်။ ဘယ်အစိုးရက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဖြစ်ဖြစ် အန်ကယ်တို့ တရားဝင်ပါတီတစ်ခုအနေနဲ့ သူတို့ဆီမှာ မှတ်ပုံတင်ထားတဲ့အတွက်ကြောင့် မှတ်ပုံတင်အမှတ် ၁၅ အနေနဲ့ အန်ကယ်တို့က သွားတက်ရမှာပဲ။

NLD ဖွဲ့တဲ့ကော်မရှင်ပဲဖြစ်ဖြစ် ဦးသိန်းစိန်ကော်မရှင်ပဲဖြစ်ဖြစ် နစက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကဖွဲ့စည်းထားတဲ့ ကော်မရှင်ပဲဖြစ်ဖြစ် နောင် ဘယ်အစိုးရကဖွဲ့စည်းထားတဲ့ ကော်မရှင်ပဲဖြစ်ဖြစ် အန်ကယ်တို့ တရားဝင်ပါတီအနေနဲ့ သွားတက်ရမယ်။ သူတို့ အသိအမှတ်ပြုထားတဲ့ ပါတီတစ်ခုအနေနဲ့ သွားတက်ရမှာပဲလေ။ ဖိတ်ရမယ့်တာဝန် သူတို့တာဝန် တက်ရမယ့်တာဝန်က အန်ကယ်တို့တာဝန်။

စစ်ကောင်စီဆိုတာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တကယ်တမ်းကျတော့ စစ်ကောင်စီအစစ်မဟုတ်ဘူး။ အရပ်သားကောင်စီ နစက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထဲမှာ အရပ်သားက အရာရှိတွေထက်ပိုများတယ်။ ဒီဟာက စစ်ကောင်စီမဟုတ်ဘူး။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အရပ်သားတစ်ဝက်ကျော်နဲ့ အရာရှိတွေ တစ်ဝက်နီးပါးပူးပေါင်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့။ တကယ်လို့ မဲခွဲတယ်ဆိုလို့ရှိရင် အရပ်သားတွေက မဲနိုင်တယ်။ အရင်တုန်းက အဲ့လိုသာ အာဏာသိမ်းဆိုရင် အရပ်သားတစ်ယောက်မှ မပါဘူး။ တိုင်းမှူးတွေကပဲ အုပ်ချုပ်တယ်။ ခု တိုင်းမှူးတွေက မဆိုင်ဘူး။ ဒီအရပ်သားတွေကပဲ အုပ်ချုပ်တယ်။ ဆိုလိုတဲ့အကြောင်းက အရှိတရားကို မြင်တတ်ဖို့တော့လိုပါတယ်။

အန်ကယ်တို့လည်း စစ်အုပ်ချုပ်ရေးကို မထောက်ခံဘူး။ တစ်ပါတီအာဏာရှင်ကိုလည်း မထောက်ခံဘူး။ ပြည်သူလူထုလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီကိုပဲ အန်ကယ်တို့ ကျားဖြူပါတီက လိုလားချင်တယ်။ တိုင်းပြည်ဖွံ့ဖြိုးစေချင်တယ်။ သျှမ်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ငြိမ်းချမ်းချင်တယ်။ သျှမ်းအချင်းချင်းတိုက်ခိုက်တာလဲ အန်ကယ်တို့ မလိုချင်ဘူး။ အန်ကယ်တို့ မတိုက်ခိုက်ဖို့ဆိုလည်း Statement လည်း ထုတ်ခဲ့ပြီးပြီ။ တိုင်းရင်းသားအချင်းချင်းလည်း မတိုက်ပါနဲ့။ တိုင်းရင်းသားနဲ့ စစ်တပ်လည်း မတိုက်ပါနဲ့။

သျှမ်းပြည်က နှစ်ပေါင်း (၆၀) ကျော်ရှိပြီ။ စစ်ဘေးစစ်ဒဏ်ကိုခံရလို့ စစ်ဘေးရှောင်ဒုက္ခသည်တွေအနေနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားသွားပြီးတော့ နေရတဲ့အတွက်ကြောင့်မလို့ သျှမ်းပြည်သူလူထုက အရမ်းဒုက္ခရောက်တယ်။ သျှမ်းပါတီစစ်စစ်တစ်ဖွဲ့အနေနဲ့ သျှမ်းပြည်သူလူထုကို အရမ်းသနားတယ်။ ပြည်သူတွေကို ဒုက္ခမရောက်စေချင်ဘူး။ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ကိုင်စားသောက်စေချင်တယ်။ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ကြီးပွားချမ်းသာစေချင်တယ်။ လူငယ်တွေလည်း ပညာတတ်ပြီးတော့ ကျောင်းပညာ ကောင်းကောင်းသင်နိုင်အောင် ဖြစ်စေချင်တယ်။ အန်ကယ်တို့ နိုင်ငံရေးလုပ်တာ ဒီရည်ရွယ်ချက်နဲ့လုပ်တာပါ။

မေး ။ ။ အန်ကယ်အနေနဲ့ လက်ရှိနိုင်ငံရေးပြဿနာကို ဘယ်လိုဖြစ်စေချင်လဲ။ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ ။ ။ အန်ကယ်တို့က သျှမ်းတိုင်းရင်းသားအပါအဝင် တိုင်းရင်းသားတွေအားလုံးက ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်တယ်။ ဒီမိုကရေစီတစ်ခုတည်းနဲ့ ငြိမ်းချမ်းရေးပြဿနာ မဖြေရှင်းနိုင်ဘူး။ ဒီမိုကရေစီတစ်ခုတည်း လုပ်မယ်ဆိုလို့ရှိရင် ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဗမာတိုင်းရင်းသားက ၅၀ ရာခိုင်နှုန်းကျော်တယ်။ ကျနော်တို့ တိုင်းရင်းသားတွေက ဘယ်လိုမှ သူတို့ကို မကျော်နိုင်ဘူး။ မကျော်နိုင်တော့ အန်ကယ်တို့က ဘာလိုချင်လဲဆိုတော့ ရှင်းရှင်းပြောမယ်ဆိုလို့ရှိရင် ပင်လုံစာချုပ် စာပိုဒ် အပိုဒ် (၅) နဲ့ အပိုဒ် (၇) အရ ဒို့သျှမ်းပြည်နယ်က သျှမ်းပြည်သူလုထုကပဲ အုပ်ချုပ်ရမယ်။ တခြားပြည်နယ်က ပုဂ္ဂိုလ်လာအုပ်ချုပ်တာ အန်ကယ်တို့ မကြိုက်ဘူး။ အန်ကယ်တို့ ဘာလိုချင်လဲ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်ချင်တယ်။ Power Sharing အာဏာခွဲဝေမှု အပြည့်အဝလိုချင်တယ်။ သယံဇာတခွဲဝေမှု အပြည့်အဝလိုချင်တယ်။ နောက်ပြီးတော့ အခွန်အခတွေ ခွဲဝေမှုလိုချင်တယ်။

အန်ကယ်တို့ သျှမ်းပြည်နယ် အစိုးရအဖွဲ့ ဖြစ်စဉ်အခါတုန်းက အခြေခံဥပဒေပြင်ဆင်ရေးဆိုပြီးတော့ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ဘာတွေ ဘယ်လို ဖြစ်စေချင်သလဲဆိုပြီးတော့ ဒို့သျှမ်းပြည်နယ်အစိုးရကို မေးလာတယ် မေးခွန်း။ မေးလာတဲ့ခါ အန်ကယ်တို့ ကက်ပိနက် အစည်းအဝေးထဲမှာ ဘယ်လိုဆုံးဖြတ်ထားလဲဆိုတော့ အန်ကယ်ပဲ စာတမ်းရေးပြီးတော့ တင်လိုက်တယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာထွက်ရှိတဲ့ မြေပေါ်မြေအောက် သယံဇာတများအားလုံး အခွန်အခများအားလုံး အခွန်အခဆိုတာ နယ်စပ်ဒေသရော ပြည်နယ်တွေမှာရော ရရှိတဲ့ အခွန်အခတွေအားလုံး ဒီသယံဇာတတွေအားလုံး အခွန်ခတွေအားလုံး ရရှိတဲ့ဟာတွေအားလုံးက ပြည်နယ်အစိုးရတွေမှာ ၇၀ ရာခိုင်နှုန်း ရရမယ်။ ပြည်ထောင်စု အစိုးရက (၃၀) ရာခိုင်နှုန်းပဲ ရရမယ်လို့ အန်ကယ်တို့က တင်ခဲ့တယ်။ အန်ကယ်တို့ ဘာကြောင့် ဒီလိုပြောလဲဆိုတော့ အန်ကယ်တို့က ဖက်ဒရယ်ပြည်ထောင်စုပဲလိုချင်တယ်။ ဒီမိုကရေစီဖက်ဒရယ်မဟုတ်ဘူး။။ ဖက်ဒရယ်ဒီမိုကရေစီလိုချင်တယ်။ အဲ့ဒါပါပဲ။ စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက် SNDP ပါတီဥက္ကဌ စိုင်းအိုက်ပေါင်းကို သျှမ်းသံတော်ဆင့်က ကျေးဇူးအထူးတင်ရှိပါတယ်။

July 1, 2024
အာဏာသိမ်း စစ်ကောင်စီ ဘက်ကတောင်းဆိုလာသည့်အတွက်ကြောင့် စီအိုင် (CI) စင်တာအားလုံးကို...
July 1, 2024
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ညသန်းခေါင်အချိန် လေကြောင်းဖြင့်...
June 29, 2024
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့်...
June 28, 2024
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်‌ေကာင်စီနှင့် TNLA တိုက်ပွဲများကြောင့်...